အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသူတွေ ရပ်တည်မှု အကျပ်အတည်း
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၁ မြင်ကွင်း
(မိုးမခ) မတ် ၂၂ ၊ ၂၀၂၆
အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသူတွေ ရပ်တည်မှု အကျပ်အတည်း
နိုင်ငံတွေ အချင်းချင်းအကြား စစ်ပွဲ ဖြစ်ပွားကြတဲ့အခါ စစ်ပွဲကို အမည်ပေးကြပုံက ရပ်တည်ချက်ကို ထင်ရှားစေတဲ့ လက္ခဏာတွေ့ရပါတယ်။ ၁၉၆၀ အစပိုင်းနှစ်တွေကနေ ၁၉၇၀ ကျော်အထိ ဖြစ်ပွားခဲ့တဲ့ “ဗီယက်နမ်စစ်ပွဲ” လို့ ကမ္ဘာ့နိုင်ငံအများအပြားက ရည်ညွှန်းခေါ်ဝေါ်ကြတဲ့ စစ်ပွဲကို ဗီယက်နမ်နိုင်ငံသားတွေကတော့ အမေရိကန် စစ်ပွဲလို့ ခေါ်ဝေါ် သုံးနှုန်းပါတယ်။
ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်တဲ့ သတင်းမှတ်တမ်း ဗီဒီယိုတွေမှာ ဗီယက်နမ်စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့သူ၊ စစ်ပွဲရဲ့ဒဏ်ကို ခံစားခဲ့ကြရတဲ့သူတွေနဲ့ မေးမြန်းခန်းတွေမှာ ဗီယက်နမ်ပြည်သူလူထုက အမေရိကန်စစ် တနည်းအားဖြင့် အမေရိကန် ကျူးကျော်စစ် ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ အခေါ်အဝေါ်ပဲ သုံးနှုန်းပြောဆိုကြတာ တွေ့ရမှာပါ။ ဒီစစ်ပွဲထဲ ပါဝင်ပတ်သက်ခြင်း မရှိခဲ့တဲ့ မြန်မာနိုင်ငံက ပြည်သူတယောက် အနေနဲ့ စစ်အေးတိုက်ပွဲ အကြောင်းခံပြီး ကျူးကျော်တဲ့ အမေရိကန်နိုင်ငံဘက်က သုံးနှုန်းတဲ့ အသုံးအနှုန်းဖြစ်တဲ့ ဗီယက်နမ်စစ်ပွဲ ဆိုတာနဲ့ နှုတ်ကျိုးနေကြတာကြောင့် အနည်းငယ် အံ့အားသင့်စရာ ဖြစ်ရပါတယ်။
စစ်ပွဲတွေကို အမည်ပေး မှည့်ခေါ်ကြတဲ့အခါ တခြားနိုင်ငံ တနိုင်ငံကို သွားရောက်ကျူးကျော် တိုက်ခိုက်ဖို့ လုံလောက်တဲ့ အကြောင်းမရှိသော်လည်း စတင်တိုက်ခိုက်တဲ့နိုင်ငံတွေက စစ်ပွဲနဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းပုံဖော်မှု Narratives တွေနဲ့ ဝါဒဖြန့်ကြတာ သဘာဝဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် အမေရိကန်ပြည်ထောင်စုက အီရတ်ကို ကျူးကျော်တိုက်ခိုက်စဥ်က WMD လို့ အတိုကောက် ခေါ်ဆိုတဲ့ အစုလိုက်အပြုံလိုက်သေကျေအောင် ဖျက်အားပြင်းလက်နက်တွေ ရှိတယ်ဆိုတဲ့ ဇာတ်ကြောင်းပုံဖော်မှုနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့အခါမှာလည်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသတွေက ရုရှားဘာသာစကားပြောတဲ့ ဒေသခံတွေအပေါ် ယူကရိန်းက ဖိနှိပ်မှုနဲ့ ယူကရိန်းအစိုးရရဲ့ နာဇီဖက်ဆစ်ဝါဒကို တိုက်ဖျက်ဖို့ ဆိုတဲ့ ဇတ်ကြောင်းပုံဖော်မှုနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်တွေကို သုံးသပ်ကြည့်ရင် စစ်ပွဲတပွဲရဲ့ အမည်ကို စတင်ခေါ်ဝေါ်ကြရာမှာ ရိုးသားမှုရှိမနေဘဲ ဝါဒဖြန့် အရိပ်က ထင်ဟပ်နေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကို အဓိပ္ပါယ်ပြည့်စုံအောင် ခေါ်ဝေါ်မယ်ဆိုရင် “အမေရိကန်ရဲ့ ဗီယက်နမ်ကျူးကျော်စစ်” လို့ဆိုမှသာ အဓိပ္ပါယ်ပြည့်စုံမယ့် သဘောလို့ ဆိုချင်ပါတယ်။ ဗီယက်နမ်စစ် ဆိုတဲ့အဓိပ္ပါယ်က ဗီယက်နမ်က အမေရိကန်ကို ရန်စတာကြောင့် ဖြစ်ပွားတာလား ဆိုတဲ့တွေးစရာတွေလည်း ရှိတာကြောင့် အခေါ်အဝေါ်တွေက အစဥ်အမြဲ neutral (ကြားနေ) တဲ့ ရပ်တည်ချက် အသုံးအနှုန်းတွေ ဟုတ်မနေကြပါဘူး။ ဘက်တဘက်က ဖြန့်ချိတဲ့ ဝါဒဖြန့်မှုရဲ့ သက်ရောက်မှုတွေ ပါဝင်နေတာကို သတိပြုမိကြဖို့ လိုတယ်လို့ ယူဆမိပါတယ်။
အခုလက်ရှိဖြစ်ပွားနေတဲ့ အမေရိကန် နဲ့ အစ္စရေးလ်က အီရန်ကို စတင်တိုက်ခိုက်တဲ့ ကျူးကျော် ရန်စတဲ့ စစ်ပွဲဖြစ်တဲ့ အရှေ့အလယ်ပိုင်း ဒေသက စစ်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို သုံးနှုန်းကြသလဲ။ နေရာဒေသအားဖြင့် အီရန်နိုင်ငံ၊ အစ္စရေးလ် နဲ့ အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့နိုင်ငံများလို့ ခေါ်ဆိုတဲ့ နိုင်ငံအတော်များများမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒုံးကျည်၊ ဒရုန်းလက်နက်တွေနဲ့ စစ်ရေး ပစ်မှတ်၊ လူနေရပ်ကွက်၊ မြို့ နဲ့ စီးပွားရေး၊ လျှပ်စစ်ဓာတ်အားပေး စနစ်၊ ရေသန့်စင်ရေးစက်ရုံ၊ ဆိပ်ကမ်း၊ ရေနံသိုလှောင်ရုံ၊ လေဆိပ်၊ ပင်လယ်ရေကြောင်းသွားသင်္ဘောတွေ ကို ပစ်မှတ်ထားတိုက်ခိုက်နေကြတာ ဖြစ်ပြီး အီရန်နဲ့ အစ္စရေးလ်+အမေရိကန် အကြားဖြစ်ပွားတဲ့ စစ်လို့ လတ်တလော ခေါ်ဝေါ် သုံးနှုန်းနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အထက်ကလို ပါဝင်ပတ်သက်နေတာ ကိုယ်တိုင် မတိုက်ခိုက်သည့်တိုင် မိမိတို့ နိုင်ငံထဲက နေရာအချို့က ပစ်မှတ်ဖြစ်နေတာကြောင့် သုံးနိုင်ထက်မက ပါဝင်ပတ်သက်နေတဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲလို့ ခေါ်ဆိုကြတာလည်း ဖြစ်ပါတယ်။
ဒီလို အစချီပြီး ပြောဆိုနေတဲ့ ရည်ရွယ်ချက်က စစ်ပွဲတွေ နဲ့ ပတ်သက်လာရင် ဝါဒဖြန့်ချိမှု စစ်ပွဲကလည်း မြေပြင်က လူသေစေတဲ့ လက်နက်၊ စီးပွားရေးအရ ပိတ်ဆို့မှု နဲ့ သံတမန်ရေးအရ ကန့်သတ်ပိတ်ဆို့မှုတွေအပြင် သတင်းအချက်အလက်တွေမှာလည်း ရပ်တည်မှု အရိပ်တွေ ထိုးနေတာကို ဆိုလိုရင်း ဖြစ်ပါတယ်။
အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ အစ္စရေးလ်နဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်က အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ခံပြီး လက်နက်နဲ့ ငွေကြေးကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကို Narratives အဖြစ် ဖြန့်ဝေပြီး ကျူးကျော်တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။
အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင်က နိုင်ငံအာဏာရဲ့ ထိပ်ဆုံးမှာ နေရာယူပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ အီရန် အစိုးရရဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အစ္စရေးလ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က လက်ခံနိုင်တဲ့ အစိုးရတရပ် ဖြစ်အောင် ပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးကျော်စစ်၊ ရန်စခြင်း မရှိဘဲ ၂ နိုင်ငံက စတင်တိုက်ခိုက်တဲ့ စစ်ပွဲတရပ်ကို ဆင်နွှဲကြတာ ဖြစ်ပါတယ်။
ဒီစစ်ပွဲရဲ့ ရည်ရွယ်ချက်က အီရန်ပြည်သူလူထု အနေနဲ့ လူထုဆန္ဒနဲ့ တင်မြှောက်တဲ့ အစိုးရတရပ်ပေါ်ထွက်လာရေး မဟုတ်ပါဘူး။ အီရန်ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရတရပ်ပေါ်ထွက်လာရေးက အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ၄င်းတို့ရဲ့ သြဇာခံ အစိုးရတရပ်ပေါ်ထွက်လာရေးနဲ့ တလမ်းစီဖြစ်ပါတယ်။ နေတန်ယာဟု ခေါင်းဆောင်တဲ့ အစ္စရေးလ်အစိုးရရဲ့ အခု စစ်ပွဲကနေ လိုလားချက်က အီရန်အစိုးရပြုတ်ကျပြီး နိုင်ငံက ပြိုကွဲတာ၊ ကျရှုံးနိုင်ငံအဖြစ်နဲ့ ဒေသတွင်းက အစ္စရေးလ်နယ်မြေချဲ့ထွင်ရေး သိမ်းပိုက်ရေးလို့ အကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အားပေးထောက်ခံ ခြင်း မပြုနိုင်စေဖို့ ဖြစ်ပါတယ်။ အဲဒီအနေအထားမျိုး ရောက်ဖို့ အီရန်က အင်အားရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် မရှိစေဖို့ ပြည်တွင်း စစ်ပွဲထဲ နစ်မြုပ်နေတာမျိုး၊ အမေရိကန် ပြည်ထောင်စုက လက်ခံတဲ့ လက်ဝေခံ အစိုးရတရပ်လိုမျိုး အုပ်ချုပ်တဲ့ အခြေအနေ ၂ ရပ်မှာသာ ဖြစ်နိုင်ခြေ ရှိတာကြောင့် အဲဒီဖြစ်နိုင်ခြေမျိုးရောက်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ ကတော့ အီရန်ရဲ့ ရေနံ သယံဇာတ နဲ့ ရေနံ ထုတ်လုပ်ရောင်းဝယ်မှုကို ဆယ်စုနှစ်ချီ ကန့်သတ်ပိတ်ဆို့ထားသည့်တိုင် အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရက အမေရိကန်ကို အံတုပြီး စီးပွားရေး အရ ရပ်တည်အောင်၊ ၄င်းတို့ အာဏာမပြိုလဲအောင် လူထုကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်ပြီး ကာကွယ်ရေး နည်းပညာ၊ လက်နက်တွေ ထုတ်လုပ်ပြီး ဒေသတွင်း အင်အားရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေတာကို မလိုလားဘဲ အနုမြူ လက်နက်နဲ့ အရှေ့အလယ်ပိုင်း ဒေသတည်ငြိမ်ရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ရှိ အစိုးရကို ဖြုတ်ချချင်တာ ဖြစ်ပါတယ်။
ဒီလို သာဓကမျိုးတွေ ပြီးခဲ့တဲ့ နှစ် ၄၀ ကျော် ၅၀ အတွင်း အရှေ့အာရှမှာ ဗီယက်နမ် နိုင်ငံ၊ အလယ်ပိုင်း အာရှလို့ ဆိုနိုင်တဲ့ အာဖဂန်နစ္စတန်၊ အာဖရိကမှာ လစ်ဗျား၊ ပင်လယ်ကွေ့နိုင်ငံ ဖြစ်တဲ့ အီရန်ရဲ့ အိမ်နီးချင်း အီရတ်တို့မှာ မအောင်မြင်တဲ့ ကျူးကျော်မှု၊ အစိုးရအပြောင်းအလဲ ဖြစ်အောင် စစ်ရေး နည်းလမ်းတွေနဲ့ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
အာဖဂန်မှာ နောက်ဆုံး ဘာသာရေးအခြေခံ အစ္စလာမ်အခြေခံဝါဒနဲ့ အုပ်ချုပ်တဲ့ တာလီဘန်တွေ အာဏာပြန်ရလာခဲ့တာ ဖြစ်ပါတယ်။ အီရတ်မှာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်ဗုံးခွဲမှုတွေ၊ ဘာသာရေးနဲ့ အကြမ်းဖက်မှုမှာ အစွန်းရောက်ဆုံး IS လို အကြမ်းဖက် အဖွဲ့တွေ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်ပေါ်ထွက်လာတာပါ။ လစ်ဗျားမှာလည်း ပြည်တွင်းစစ် အခုချိန်ထိ မပြီးဆုံးသေးပါဘူး။
အမေရိကန်က အာဏာရှင် အစိုးရတွေကို ဖြုတ်ချဖို့ လုပ်ဆောင်တယ်ဆိုတဲ့ ဆင်ခြေရဲ့ကို ဒီနိုင်ငံတွေက သယံဇာတ (အထူးသဖြင့် ရေနံ) ကို အမေရိကန် ကုမ္ပဏီကြီးတွေက လုပ်ပိုင်ခွင့်ရဖို့ အမေရိကန် သြဇာခံတဲ့ အစိုးရ ဖြစ်လာဖို့ ဆိုတဲ့ အကျိုးစီးပွားက အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ဒီအချက်က သမ္မတထရန့် လက်ထက်မှာ ပိုမိုထင်သာမြင်သာ ဖြစ်လာ၊ သူ့ရဲ့ ပြောဆိုမှုတွေနဲ့ သက်သေခံနေတာလည်း ဖြစ်ပါတယ်။ ဗင်နီဇွဲလား သမ္မတကို မူးယစ်ဆေးတင်သွင်းမှု နဲ့ ဖမ်းဆီးပေမယ့် ဗင်နီဇွဲလား နိုင်ငံ ဒီမိုကရေစီစနစ်ဆီ ဦးတည်ခြင်း မရှိပါဘူး။ အမေရိကန်လိုလားချက်ကလည်း ဗင်နီဇွဲလား နိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲထက် ရေနံသယံဇာတကို အမေရိကန်ကုမ္ပဏီကြီးတွေ လုပ်ပိုင်ခွင့် သာဖြစ်တာ သမ္မတဖမ်းဆီးမှု အောင်မြင်ပြီးနောက်တရက်မှာတင် ထရန့်ရဲ့ ပြောဆိုမှုတွေက သက်သေခံနေတာ ဖြစ်ပါတယ်။
ချုပ်ရရင် အခု ဖြစ်ပွားနေတဲ့ အီရန်ကို စစ်လက်နက် နည်းပညာ သာလွန်မှုတွေနဲ့ တိုက်ခိုက်မှု၊ အရပ်သား လူနေရပ်ကွက်တွေလည်း မရှောင်ဘဲ တိုက်ခိုက်တာတွေက နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှု ကိုချိုးဖောက်တာ၊ ကမ္ဘာပေါ်က ဘယ်နိုင်ငံမဆို အစ္စရေးလ်နဲ့ အမေရိကန်က ၄င်းတို့အကျိုးစီးပွားအတွက်ဆို ကျူးကျော်တိုက်ခိုက်ပိုင်ခွင့် ရှိတယ်ဆိုတာကို သက်သေခံနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
အီရန်နိုင်ငံက အာဏာရှင် ဘာသာရေးအစိုးရ ပြုတ်ကျဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မိမိတို့ အကျိုးစီးပွား၊ စစ်လက်နက်နဲ့ ရေနံ ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားအတွက် တိုက်ခိုက်ကြတာ ကျူးကျော်ကြတာကို ဒီမိုကရေစီအရေး လိုလားသူ၊ လူ့အခွင့်အရေးလေးစားတန်ဖိုးထားသူ ဘယ်သူမဆို ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ အီရန်က ဖိနှိပ်အုပ်ချုပ်တဲ့အစိုးရကို ပြုတ်ကျအောင် တိုက်ခိုက်ပေးလို့ အမေရိကန်နဲ့ အစ္စရေးလ်ကို ဒီမိုကရေစီအရေး လိုလားတဲ့ နိုင်ငံ၊ အစိုးရတွေရယ်လို့ ယူဆရင် နိုင်ငံရေးအရ၊ ကိုင်စွဲတဲ့ စံနှုန်းတွေအရ အတော်လေး နုံနဲ့ရာကျမှာ အသေအချာပင် ဖြစ်ပါတယ်။
မြန်မာအရေးမှာ အာဏာရှင်တွေကို အမေရိကန်လို နိုင်ငံမျိုးက လာရောက်ဆုံးမပြီး ပြုတ်ကျအောင် လုပ်ပေးဖို့ မျှော်လင့်ကြတဲ့အဖြစ်၊ ခံစားချက်ကို နားလည်ပေးနိုင်သည့်တိုင် သမိုင်း အဖြစ်အပျက်တွေနဲ့ လက်ရှိဖြစ်ရပ်တွေမှာ ပြောဆိုကြတဲ့ ပြောဆိုမှုတွေကနေ မှန်ကန်တဲ့ ဆင်ခြင်သုံးသပ်မှုတွေ ထုတ်ယူသင့်ပြီလို့ ဆိုချင်ပါတယ်။ အာဏာရှင် စနစ်ဖြုတ်ချရေး၊ ဒီမိုကရေစီ စနစ်အဖြစ် ပြောင်းလဲရေးမှာ ဖြတ်လမ်းမရှိဘူးဆိုတာလည်း နိုင်ငံရေးသင်ခန်းစာ ယူသင့်ပြီလို့ ဆိုချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုလို စစ်လက်နက် ထုတ်လုပ်တာ၊ စစ်ပွဲတွေနဲ့ စီးပွားဖြစ်ကြတဲ့ကုမ္ပဏီကြီးတွေ ရေနံ ထုတ်ယူရောင်းဝယ်ကြတဲ့ ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ပေးနေတဲ့ သမိုင်းဖြစ်ရပ်တွေ အတိတ် သင်ခန်းစာတွေကနေ မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး တန်ဖိုးထားသူ၊ ကာကွယ်သူတွေ အမှန်ကို မြင်ပြီး သုံးသပ်နိုင်ကြဖို့ တိုက်တွန်းလိုတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar