မောင်လူမွှေး - ဓမ္မတရားကို လှောင်ပြောင်နေကြသူများ
မောင်လူမွှေး - ဓမ္မတရားကို လှောင်ပြောင်နေကြသူများ
မိုးမခ ၊ မတ် ၂၂ ၊ ၂၀၂၆
ပြီးခဲ့တဲ့နှစ်က မောင်လူမွှေးနဲ့ ခင်မင်တဲ့ ရဲဘော်လေးတစ်ယောက် ရှေ့တန်းကနေ ကိုယ်တခြမ်းလေဖြတ်လို့ ခွင့်ပြန်ခဲ့ရတယ်။ ရှေ့တန်းထွက်ရင်း မြေကြီးပေါ်မှာ လချီအိပ်ရတဲ့အတွက် သန်မာတောင့်တင်းတဲ့ ရဲဘော်ဟာ ကိုယ်တစ်ခြမ်း လေဖြတ်သွားခဲ့တာပါ။ သူ့မိသားစုကလည်း ဘယ်လိုလုပ် ခေတ်မီဆေးဝါးတွေနဲ့ ကုသနိုင်မှာလဲ။ ရွာထဲတင် ဖော်တဲ့ ဗမာဆေးနဲ့ပဲ ပျောက်ရတယ်။ ပျောက်လို့ သူ့တပ်ရင်းကို ပြန်တဲ့နေ့မှာ မောင်လူမွှေးနဲ့ တွေ့လို့ မောင်လူမွှေးက တတ်နိုင်သမျှ မုန့်ဖိုးနည်းနည်းပေးတော့ "ဆရာ ကျန်းမာရေး ဂရုစိုက်နော်" လို့ မှာသွားပါတယ်။ တကယ်တော့ ကိုယ်တစ်ခြမ်းလေဖြတ်ထားတဲ့ သူ့ကို မောင်လူမွှေးက ပြန်စိတ်ပူရတာပါ။ အခု သူ ရှေ့တန်းနယ်မြေ ပြန်ရောက်နေတယ်လို့ သိရတယ်။
အဲဒီရဲဘော်လေးရဲ့ မိသားစုဟာ ဆင်းရဲပါတယ်။ တောထဲမှာနေပြီး လက်လုပ်လက်စား လုပ်ကိုင်စားသောက်ကြတယ်။ မိုးကပ်မှို ရှာဖွေရောင်းချတဲ့အခါ ရောင်းကြတယ်။ အိမ်မှာ ဆန်လုံးဝပြတ်တဲ့အခါ သူတို့အနီးက တဲတစ်တဲမှာ ချေးငှားရတယ်။ သူတို့လိုတာ အလွယ်တကူယူနိုင်တဲ့၊ ချေးငှားနိုင်တဲ့ တဲက မိသားစုကလည်း သူတို့သား ရဲဘော်လေး ကျဆုံးထားတဲ့ မိသားစု ဖြစ်တယ်။ ကျဆုံးသွားတဲ့ သားနဲ့ တတပ်တည်း တာဝန်ထမ်းဆောင်တာလည်းဖြစ်၊ တရွာတည်းလည်းဖြစ်တော့ ကူညီပေးကြတာပါ။
သူတို့တဲနဲ့ ငါးမိုင်ပတ်လည် ဝန်းကျင်တောထဲမှာ ဖဲဝိုင်းတွေထောင်ပြီး ဖဲရိုက်ကြတဲ့အကြောင်း၊ ဖဲဝိုင်းမှာ ဈေးရောင်းတဲ့သူတွေတောင် ငွေနင့်နေအောင်ရကြောင်း သူတို့ ပြောပြကြတော့ မောင်လူမွှေး စိတ်ထဲမှာ ခံစားရတယ်။ သူတို့ဆို ဘယ်လောက် ခံစားခဲ့ရရှာမလဲဆိုတာကိုလည်း တွေးမိတယ်။ အခုလောလောဆယ်တော့ အဲဒီဖဲဝိုင်းတွေ မရှိတော့ကြောင်း သိရလို့ တော်သေးတယ် အောက်မေ့ရတယ်။ အဓမ္မဟာ ခပ်လှမ်းလှမ်းကနေ ဓမ္မတရားကို ပြောင်ပြနေခဲ့ပါတယ်။
တော်လှန်ရေးနယ်မြေမှာ အဓမ္မတရားကျင့်သူတွေက အသက်စွန့်ပြီး ဓမ္မတရားကို ကျင့်သုံးသွားကြတဲ့သူတွေကို လှောင်ပြောင်ပြနေတာတွေ ရှိနေတာပါ။ တော်လှန်ရေးရဲဘော် ဆယ်ချီ ကျဆုံးခဲ့တဲ့ နေရာနဲ့ မလှမ်းမကမ်းက လူအချို့က တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ စစ်တပ်ရွာကို ရိက္ခာတွေ ခိုးပို့ကြတယ်။ ကိုယ့်အတွက် အသက်ပေးသွားတဲ့ ရဲဘော်တွေရဲ့မျက်နှာကို ငွေနဲ့လဲရက်ကြတယ်။ ကိုယ့်ရဲဘော်တွေကို သတ်သွားတဲ့သူတွေကို ငွေရလိုမှုအတွက် ရိက္ခာသွားပေးတယ်။ ဒီလို ဓမ္မတရားကို လှောင်ပြောင်နေကြတာ နှစ်ချီကြာခဲ့ပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျလို့ တောထဲက စစ်ရှောင်တဲတွေ ပျက်စီးတယ်။ စားရေးရိက္ခာတွေ ရေစိုဆုံးရှုံးတယ်။ ရွာကို မီးရှို့ဖျက်ဆီးခံရလို့ တောတောင်ထဲမှာ နေကြရရှာတဲ့ သူတို့ခင်ဗျာ ဘာအကူအညီမှ မရကြရှာပါဘူး။ စစ်ရှောင်တွေနေတဲ့ တောနဲ့ ဆယ်မိုင်ဝန်းကျင်က ကျေးရွာတွေမှာတော့ ခြောက်ကောင်ဝိုင်းတွေ၊ ကြက်ဝိုင်းတွေ စည်လို့။ တိတ်တဆိတ် ဖဲဝိုင်းတွေလည်း ရှိသတဲ့။ အဓမ္မတရား ကျင့်သုံးနေသူတွေဟာ အဆင်းရဲခံပြီး ဓမ္မတရား ကျင့်သုံးနေသူတွေကို ဒီလို ရက်ရက်စက်စက် လှောင်ပြောင်ကြပါတယ်။
တကယ်တော့ တော်လှန်နယ်မြေရအောင် အသက်ပေးခဲ့ရတဲ့ ပြည်သူ့ရင်သွေးတွေ၊ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့တဲ့ ပြည်သူတွေရှေ့မှာ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်တင်တင် လုပ်နေကြတာဟာ အကြီးအကျယ် စော်ကားမှုတစ်ခု ဖြစ်ပါတယ်။ လောင်းကစားကို တော်လှန်ရေးနာမည်တပ်ပြီး လုပ်နေကြတဲ့ လူတစုဟာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေ၊ ဆင်းရဲတဲ့ကြားက တော်လှန်ရေးအတွက် တတ်စွမ်းသမျှ ထည့်ဝင်ခဲ့ကြတဲ့ ပြည်သူတွေကို စော်ကားနေတာလို့ပဲ မောင်လူမွှေး မြင်ပါတယ်။
ဓမ္မဆိုတာ တရား။ တရားကိုသတ်တဲ့သူဟာ တရားရဲ့ ပြန်သတ်ခြင်းကို ခံရသတဲ့။ ဓမ္မကို စော်ကားမော်ကားပြုသူတွေ၊ လှောင်ပြောင်သူတွေ၊ ဓမ္မကို ဖျက်တဲ့သူတွေဟာ တစ်ချိန်ချိန်မှာ ပြန်ခံရမှာ ဖြစ်ပါတယ်။ အခုတောင် ဓမ္မတရားကို လှောင်ပြောင်စော်ကားနေတဲ့ လူအချို့ကို ပြည်သူတွေက "စစ်ကောင်စီထက် ဆိုးတဲ့လူတွေ" ဆိုပြီး ကင်ပွန်းတပ်ကြတယ်။
တော်လှန်နယ်မြေမှာ စစ်တပ်က တိုက်ရိုက်ဒုက္ခပေးနိုင်တာက လေယာဉ်ပဲရှိတယ်။ လောင်းကစားဝိုင်းတွေက ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို မျှဉ်းသတ်နေတာပဲ ဖြစ်တယ်။ ဓမ္မတရားကို လှောင်ပြောင်နေကြသူတွေကို မဟန့်တားနိုင်ရင်တော့ တော်လှန်ရေး အောင်မြင်ဖို့ ခက်မှာသေချာတယ်။ ရပ်တိုင်း၊ ရွာတိုင်းက ပြည်သူအများစုဟာ ဖြောင့်မတ်တဲ့ ခေါင်းဆောင်မှုကောင်းကို တောင့်တနေကြပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar