မြဝတီ-ကော့ကရိတ် အာရှလမ်း ပြန်ဖွင့်မယ်၊ ထီးချိုင့်မြို့အနီး နယ်မြေတွေ စစ်တပ်က ပြန်လည် ထိန်းချုပ်
မြန်မာနွေဦးခရိုနီကယ် - မတ် ၃၁ မြင်ကွင်း
(မိုးမခ) ဧပြီ ၁ ၊ ၂၀၂၆
မြဝတီ-ကော့ကရိတ် အာရှလမ်း ပြန်ဖွင့်မယ်၊ ထီးချိုင့်မြို့အနီး နယ်မြေတွေ စစ်တပ်က ပြန်လည် ထိန်းချုပ်
၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စပြီး ပိတ်ထားခဲ့ရတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ အာဏာသိမ်းစစ်တပ်ဘက်က စီစဥ်ထားကြောင်း ညွှန်ကြားစာတွေကို ကိုးကားပြီး သတင်းဖော်ပြထားကြပါတယ်။ ဒေါနတောင်ကို ကျော်ဖြတ်ဖောက်လုပ်ထားတဲ့ ကော့ကရိတ်- မြဝတီလမ်းပိုင်းကို ၂၀၂၃ ခုနှစ်နှောင်းပိုင်း KNU/KNLA ၊ PDF ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ၂ နှစ် ကျော်ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ကာလတွေအတွင်း နယ်စပ်ကုန်သွယ်မှုနဲ့ မြဝတီမြို့နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေကို ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော်လမ်းဟောင်း၊ ထော့ကိုကိုးလမ်း၊ ကြက်ဥတောင်လမ်း နဲ့ ၁၀၁၈ လမ်း စတဲ့ အာရှလမ်းကို ရှောင်ကွင်းပြီး သွားရောက်တဲ့ လမ်းပိုင်းတွေ အသုံးပြုပြီး သွားလာနေခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ KNU/KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ထိုးစစ်အရှိန်မြှင့်လာပြီးနောက် စစ်ကောင်စီတပ်ကူတွေ လွယ်လွယ်ကူကူ မလာရောက်နိုင်အောင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ အာရှလမ်းပိုင်းက တံတားအချို့ကို ဖောက်ခွဲဖျက်ဆီးပြီး အဆိုပါလမ်းပိုင်းကို အသုံးမပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။
စစ်ရေးလိုအပ်ချက်အရ အာရှလမ်းပိုင်းကို ပိတ်ဆို့ခဲ့တဲ့နောက် ကုန်သွယ်ရေး နဲ့ မြဝတီဒေသအတွက် လိုအပ်တဲ့ ကုန်စည်သယ်ဆောင်ရေးနဲ့ ခရီးသွားသူတွေအားလုံး ဒေါနတောင်ကျော် လမ်းဟောင်း၊ ထော့ကိုကိုးလမ်း တို့ကို အများဆုံးအသုံးပြုခဲ့ကြရကာ အဆိုပါလမ်းပိုင်းတွေမှာ လက်နက်ကိုင် အဖွဲ့အသီးသီးက လမ်းထိန်းသိမ်းရေးနဲ့ အဖွဲ့အစည်း ရံပုံငွေအတွက် အခွန်အကောက် ဂိတ်တွေဖွင့်လှစ်ကောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဆိုပါ ရှောင်ကွင်းလမ်းတွေအနက် ထော့ကိုကိုး၊ ကြက်ဥတောင်နဲ့ ၁၀၁၈ လမ်းတွေက ကတ္တရာလမ်းမဟုတ်တဲ့ လမ်းပိုင်းတွေမှာ မိုးရာသီ ဗွက်နစ်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ကြရပြီး ကုန်သယ်ဆောင်မှု စရိတ်စကကြီးတာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ကောက်ခံတဲ့ အခွန်အကောက်တွေ ကြောင့် ထိုင်း-မြန်မာ ကုန်သွယ်မှုအပေါ် နဲ့ မြဝတီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေ ဝယ်ယူသုံးစွဲတဲ့ ကုန်ပစ္စည်းတွေ စျေးနှုန်းကြီးမြင့်တဲ့ သက်ရောက်မှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ အာဏာသိမ်းစစ်တပ်က ၄င်းတို့ ဆုံးရှုံးထားတဲ့ မြဝတီမြို့နယ်ထဲက စစ်စခန်းအချို့နဲ့ တပ်ရင်းစခန်းတွေကို ကရင်လက်နက်ကိုင် အဖွဲ့အချို့အကူအညီနဲ့ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အာရှလမ်းပိုင်းကိုလည်း ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်း အာရှလမ်းစိုးမိုးထားမှုကို လက်လွှတ်လိုက်ရတဲ့နောက်ပိုင်းမှာ ထိုင်း-မြန်မာကုန်သွယ်ရေးက ရရှိမယ့် အခွန်အကောက်ဝင်ငွေ အများစုဟာ ဒီဒေသက လမ်းပိုင်းတွေကို ထိန်းချုပ်ထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အချို့PDF တွေဆီ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ KNU/KNLA (PC) ၊ DKBA၊ BGF/KNA နဲ့ KNU/KNLA လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လမ်းကြောင်းအမျိုးမျိုးကနေ ဖြတ်သန်းသယ်ဆောင်နေတဲ့ နယ်စပ်ကုန်သွယ်ရေးကနေ အခွန်အကောက်ရရှိနေတာကို ဖြတ်တောက်ဖို့ သို့မဟုတ် လျှော့ချဖို့ စစ်ကောင်စီဘက်က နည်းလမ်းရှာ လုပ်ဆောင်ခဲ့ရာမှာ မြဝတီ-မဲဆောက် မြို့၂ မြို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေး တံတားအမှတ် (၂) ကို ပိတ်တာ၊ ကော့ကရိတ်၊ ကျုံဒိုးတို့ကတဆင့် ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တွေကို ကရင်ပြည်နယ် ဖားအံကနေ ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် နယ်စပ်ကုန်သွယ်မှု ပမာဏ သိသိသာသာ ကျဆင်းခဲ့ပြီး ပြည်တွင်းမှာ ထိုင်းကုန်ပစ္စည်းတွေ ရှားပါးလာတာ၊ စျေးအဆမတန် မြင့်လာတာတွေနဲ့ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ နယ်စပ်ကုန်သွယ်ရေးကနေ အခွန်အကောက် မရဖို့နဲ့ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချဖို့ ရည်ရွယ်ချက်တွေနဲ့ အာဏာသိမ်းစစ်တပ်က လုပ်ဆောင်ခဲ့ရာကနေ ကော့ကရိတ်နဲ့ မြဝတီ ထဲက နယ်မြေတချို့ကို ပြန်လည်သိမ်းယူလာနိုင်ချိန်၊ မြဝတီမြို့ရဲ့ လုံခြုံရေးကိုလည်း စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်လာနိုင်ချိန်မှာ အခုလို အာရှလမ်းကို ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်လည်လည်ပတ်နိုင်မလား၊ ကုန်သွယ်မှုအတွက် အဓိကကျတဲ့ မြဝတီ-မဲဆောက် ကူးသန်းဖောက်လုပ်ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ပြန်ဖွင့်မလား ဆိုတဲ့ အချက်အလက်တွေတော့ မသိနိုင်သေးပေမယ့် ထိုင်းနိုင်ငံ စစ်တပ်အပြင် အစိုးရနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့ စစ်အစိုးရ အနေနဲ့ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိနေတဲ့ အသွင်မျိုး ပြသလိုတဲ့ အနေအထားမျိုးလို့ မှန်းဆရပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်း ကရင်ပြည်နယ်ထဲက မြဝတီ-ကော့ကရိတ်လမ်းပိုင်း အာရှလမ်းပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်မှာလည်း အာဏာသိမ်းစစ်တပ်ဘက်က ထီးချိုင့်တံတားက တဆင့် ထီးချိုင့်မြို့ကို ခုရက်ပိုင်းအတွင်း ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သတင်းတွေ ဖော်ပြထားကြပါတယ်။
အုပ်ချုပ်ရေးအရ စစ်ကိုင်းတိုင်းထဲမှာ ပါရှိတဲ့ ထီးချိုင့်မြို့ဟာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့နဲ့ ထိစပ်နေတဲ့ ဒေသဖြစ်ပြီး ၂၀၂၃ နှစ်နှောင်းပိုင်းက တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလကတည်းက တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေအနေနဲ့ မြို့တမြို့လုံးကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ၂ နှစ်ကျော်ကြာ သောင်မတင် ရေမကျ အခြေအနေကနေ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း မန္တလေးတိုင်းထဲက ဧရာဝတီမြစ် အရှေ့ခြမ်း မှာရှိတဲ့ မန္တလေး-မိုးကုတ် ကားလမ်းပေါ်က မြို့တွေကို အာဏာသိမ်းစစ်တပ်ဘက်က တမြို့ပြီးတမြို့ သိမ်းယူပြီးနောက်မှာ အထက်ဘက် အကျဆုံးထီးချိုင့်မြို့ဆီရောက်လာတာ ဖြစ်ပါတယ်။
အခုလို ထီးချိုင့်ကို သိမ်းယူထိန်းချုပ်ပြီးနောက် ဒီဇင်ဘာ နောက်ဆုံးပတ်က မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကသာဘက်ကို ဆက်လက်အင်အားဖြည့်ဖို့ တက်သွားတဲ့ သတင်းတွေလည်း ပေါ်ထွက်နေတာ ဖြစ်ပါတယ်။
NUG လက်အောက်က မန္တလေး PDF လက်နက်ကိုင် အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေ၊ ခေါင်းဆောင်အချို့ကို ဖမ်းဆီးထိန်းသိမ်းမှုတွေ ပေါ်ထွက်လာတာ၊ MDY PDF က ပူးပေါင်းတိုက်ခိုက်တဲ့ TNLA က အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲသွားတဲ့ အခြေအနေတွေက မန္တလေးတိုင်း အထက်ပိုင်း ဧရာဝတီမြစ်တကြောက ရွှေတွင်းတွေ ရှိတဲ့နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးဖို့ ဖြစ်စေတာလို့ အချို့က ကောက်ချက်ချကြပါတယ်။
မကြာသေးမီ ကချင်တော်လှန်ရေး အခမ်းအနားတရပ်မှာ KIA ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်ကိုင်းတိုင်း ကသာ၊ ကောလင်း၊ ကန့်ဘလူ ဟာ ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်ဖြစ်လို့ စောင့်ကြည့်ကာကွယ်ရမယ့် ဒေသအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီဒေသတွေမှာ လှုပ်ရှားနေကြတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ NUG အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ရှိပေမယ့် စစ်ရေးအတွေ့အကြုံ လက်နက်ခဲယမ်း ရရှိရေး အတွက်ကိုယ်ပိုင် လမ်းကြောင်းတွေ ရှိမထားတဲ့ အချက်က အားနည်းချက်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း အစပ်တွေမှာ စစ်ရေးအရ တန့်နေပေမယ့်လည်း မန္တလေးတိုင်း၊ ကရင်ပြည်နယ် ဒေသအချို့နဲ့ ကရင်နီပြည် ၊ စစ်ကိုင်းတိုင်းတို့မှာ ခံစစ်ကနေ အချို့နယ်မြေဒေသတွေကို ထိုးစစ်ဆင်ပြန်လည် တိုက်ခိုက်လာနေတဲ့ အနေအထားကိုလည်း တော်လှန်ရေးအင်အားစုတွေ အနေနဲ့ သတိပြုကြရမယ့် အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar