ဖလော်ဒါဟန် - အဖိနှိပ်ခံဘဝမှာ အသက်ရှူမချောင်လှတဲ့ ပြည်သူတို့ဘဝ
ဖလော်ဒါဟန် - အဖိနှိပ်ခံဘဝမှာ အသက်ရှူမချောင်လှတဲ့ ပြည်သူတို့ဘဝ
မိုးမခ ၊ ဧပြီ ၁ ၊ ၂၀၂၆
တလရ ကာလမှာ ပါဝင်နေကြတဲ့ လူ့အသိုင်းအဝန်းသည် တဖြည်းဖြည်းနှင့် ကွဲပြားလာသည်။
ပြည်တွင်းမှာ ရှိနေသူများသည် လုံခြုံရေးကို ပိုအထူးပြုနေထိုင်ကြရသူတွေ များသည်။ အထူးသဖြင့် စီများသည် မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်ရင်း ဘဝတွေ ရှင်သန်ကြရသည်။ တလရနဲ့ပတ်သက်သည့် သတင်းမီဒီယာကဏ္ဍများကိုလည်း ဖတ်ရှုသူရှိသော်လည်း ဝေဖန်ပြောဆို ထောက်ပြခြင်းများကို တတ်နိုင်သလောက် ရှောင်ကြသည်။ မိမိ၏အသက်သည် မိသားစု၏ ဘဝရပ်တည်ရေးအတွက်သာမက မိမိဘဝကို တန်ဖိုးရှိစွာ ရပ်တည်ခြင်းဖြင့် မအလ၏ အနိုင်ကျင့်မှုအောက်မှာ ကျပ်တည်းစွာ နေထိုင်ကြရသည်။
ပြည်တွင်းရှိ ပြည်သူအတော်များများနှင့် စီ များသည် မအလ လက်ထက် ခေတ်နှင့်စနစ်ကို ယခုလက်ရှိ အနေအထားအရ ပတ်သက်ခြင်းမရှိသလို ကန့်လန့်တိုက်ခြင်းမရှိဘဲ အစိုးရဟူသည့် အုပ်ချုပ်မှုအောက်မှာ ခပ်ကင်းကင်း နေထိုင်ကြသည်။ ဒါကလည်း ယနေ့အချိန် ၅ နှစ်တာကာလအတွင်းမှ မဟုတ်ပါ။ အချို့သော ပြည်သူများသည် အာဏာရှင်အုပ်ချုပ်သူ လူတန်းစားများနှင့် ယနေ့အချိန်အထိ စီးပွားရေး၊ လူမှုရေးကစလို့ မပတ်သက်နိုင်သည့် စီးပွားရေးဖြင့် ခပ်ကင်းကင်းနေကြသူတွေလည်း အများကြီးပါ။ ထိုသူများသည် ပညာတတ်သည်၊ စာတတ်သည်၊ ဥစ္စာပစ္စည်း ရှိသင့်သလောက် ရှိကြသည်။
ကျွန်မဆိုလိုသည်မှာ ပြည်တွင်းမှာရှိနေကြသူများသည် မိမိတို့ဘဝကို တည်ဆောက်ရာမှာ နည်းမှန်လမ်းမှန်ဖြင့် မိမိတို့ခံယူချက်အတိုင်း နေထိုင်ခြင်းကို ဆိုလိုသည်။ တလရအပေါ်မှာ သစ္စာစောင့်သိကြသည်၊ ပေါ်ပြူလာလည်း မဟုတ်ကြပါ၊ ဆယ်လီလည်း လုပ်လို့မရပါ။ အခြားသော ဆက်စပ်သည့်ကဏ္ဍများကိုလည်း အထူးသတိထား၍ နေထိုင်ခြင်းဖြင့် မိမိတို့ကိုယ်ကို လုံခြုံစွာ နေကြသည်။ ပြည်တွင်းရှိ ပြည်သူများရဲ့ ဘဝ ဖြစ်သည်။
တလရတွင် ပါဝင်နေသည့် ဒုတိယတန်းစားများမှာ ပြည်ပမှနေ၍ မိမိတတ်နိုင်သည့် ငွေအားဖြင့်သော်လည်းကောင်း၊ မီဒီယာအားဖြင့်သော်လည်းကောင်း ကူညီထောက်ပံ့နေသူများ ဖြစ်ကြသည်။ အချို့သော ကဏ္ဍသည် မိမိတို့ကိုယ်ပိုင်ငွေကြေးများဖြင့် လိုအပ်သည့်နေရာများကို စီးဆင်းစေခြင်းဖြင့် ပါဝင်ကြသည်။ သို့သော် အချိန်ကာလကြာလာသည့်အခါ နိုင်ငံရေး၊ စစ်ရေးသည် အပြောင်းအလဲများ ဖြစ်လာသည်။ ငွေကြေးစီးဆင်းမှုနှင့် ပတ်သက်လို့လည်း ရိုးရှင်းမှုများပါ ရှုပ်ထွေးလာသည့် အနေအထားများ ဖြစ်လာကြသည်။ အချို့လည်း ရပ်နားလိုက်ကြသည်။ အချို့ တလရနဲ့ပတ်သက်ပြီး ပြည်ပရန်ပုံငွေရှာဖွေမှုသည် ပိုမိုရှုပ်ထွေးနက်နဲမှုများနှင့် ရင်ဆိုင်လာကြရသည်။ ထိုထက်ဆိုးသည်က တလရကို အသုံးချ၍ လိမ်ညာသစ္စာဖောက်နေသူများ ဖြစ်ကြသည်။ ငွေကြေးအရှုပ်အရှင်းသည် နာမည်ပျက်ရုံသာဖြစ်သည်။ တလရမှာ သစ္စာဖောက်သူ ဒါမှမဟုတ် အမည်ခံ အခွင့်အရေးရယူနေသူများသည် တလရအတွက် အဟန့်အတားဖြစ်စေသည်။
နောက်အသိုင်းအဝန်းကတော့ မဲဆောက်မှာ အခြေချနေထိုင်သူတွေ ဖြစ်ကြသည်။ တလရအတွက် ထဲထဲဝင်ဝင် ပါဝင်နေကြသလို ရန်ပုံငွေကဏ္ဍကိုလည်း ကဏ္ဍအသီးသီးဖြင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ပေးနေသူတွေပါ။
ယခုလက်ရှိ တလရအခြေအနေနှင့် ပြည်သူများရဲ့ ရပ်တည်မှုသည် ယခု ၅ နှစ်တာကာလမှ ယခုလို နေထိုင်နေကြခြင်း မဟုတ်ပါ။ ယခင် နှစ်ပေါင်းဆယ်ချီပြီး အာဏာရှင်ကို တွန်းလှန်ခဲ့သည့် အချိန်တိုင်းမှာ အခုလိုပဲ ခံယူချက်မပျက် ရပ်တည်မှုအမျိုးမျိုးဖြင့် တလရမှာ ပူးပေါင်းပါဝင်နေကြဆဲဖြစ်သည်။ တလရမှာ လူအမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုး ရှိကြသလို ခံယူချက်လည်း ကွာခြားကြသည်။ ဒီအပေါ်မှာ တလရကို အခွင့်ထူးခံသက်သက်မဖြစ်ဖို့နဲ့ အခွင့်အရေးသမား မဖြစ်ဖို့တော့ လိုပါလိမ့်မည်။ မိမိသည် စတနဲ့မကင်းနိုင်သူ၊ ပြည်သူနဲ့ တသားတည်း ရှိမပေးနိုင်ပါက တလရမှာ ကြောင်ချေးလာမလုပ်ကြပါနဲ့လို့ တောင်းဆိုချင်ပါသည်။
ပြည်တွင်းမှာရှိနေကြတဲ့ ပြည်သူတွေ၊ စီတွေ၊ အကျဉ်းကျနေသူတွေ၊ စစ်ပြေးစစ်ရှောင်များနဲ့ အထူးသဖြင့် တိုက်ပွဲဝင် ရှေ့တန်းနောက်တန်းမှ ရဲဘော်များကို အားနာကြပါ။
အခက်အခဲဆိုတာ နေရာတိုင်းမှာ ရှိကြတာမှန်ပါသည်။ သို့ပေမဲ့ ဖိနှိပ်ခံ၊ အနိုင်ကျင့်ခံဘဝမှာ အသက်ရှူမချောင်လှတဲ့ မြန်မာပြည်ကြီးရှိ ပြည်သူများအတွက်တော့ လက်ရှိအခြေအနေက ငရဲကျနေကြသည်ဟု မှတ်ယူမိပါသည်။
ပြည်သူများဘဝ အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ကြပါစေ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar