Breaking News

သီအိုဇော် - တရုတ်နိုင်ငံ တားသောစည်းကို အာဆီယံအတွင်းမှတဆင့် ဖြတ်ကျော်ခြင်း

သီအိုဇော် - တရုတ်နိုင်ငံ တားသောစည်းကို အာဆီယံအတွင်းမှတဆင့် ဖြတ်ကျော်ခြင်း

မိုးမခ ၊ ဧပြီ ၃၀ ၊ ၂၀၂၆


သမ္မတ ရှီကျင့်ဖင်ရဲ့ ပထမသက်တမ်းစွန်းစွန်းလေးမှာပဲ ဒေသတွင်း အခင်းအကျင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အယူအဆတခုကို ချပြခဲ့တယ်။ အတိအကျပြောရရင် ၂၀၁၄ ခုနှစ် မေလ (၂၁-၂၂) ရက်နေ့ ရှန်ဟိုင်းမှာ ကျင်းပတဲ့ ‘The Conference on Interaction and Confidence-Building Measures in Asia’ (CICA) ထိပ်သီးအစည်းအဝေးမှာပါ။ ရှေ့ဆက်ကျင့်သုံးမဲ့ တရုတ်နိုင်ငံခြားရေးပေါ်လစီကို ထင်ထင်ရှားရှား သိမြင်စေခဲ့တဲ့ ကြေညာချက်လို့လည်း ရှုမြင်နိုင်တဲ့ ‘Asia for Asians’ ဆိုတဲ့ မူဝါဒဆောင်ပုဒ်က အမေရိကန်နိုင်ငံနဲ့ အနောက်အုပ်စုကို အာရှတိုက်ဘက် လာရောက်မစွက်ဖက်ကြဖို့ အတိအလင်း စည်းတားလိုက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

လူဦးရေကိန်းဂဏန်းအရ ပြောကြတဲ့အခါ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့နောက်မှာ ဒေသဆိုင်ရာအဖွဲ့ကြီးတခုလုံးရဲ့ စုစုပေါင်းနဲ့ တတိယ ကမ္ဘာ့လူဦးရေ အများဆုံးလိုက်နေတာက အာဆီယံဖြစ်ပြီး၊ ဒီအာဆီယံဒေသရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံက တရုတ်နိုင်ငံ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်တို့ကြား တောင်တရုတ်ပင်လယ်လို အငြင်းပွားစရာ အချင်းအရာတွေ ရှိနေတဲ့ကြားက ကောင်းမွန်တဲ့ ကုန်သွယ်စီးပွားဆက်ဆံရေးကို ထူထောင်ထားပါတယ်။ အာဆီယံအတွက်တော့ တရုတ်နိုင်ငံက အရေးကြီးတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့တုန်းက ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံ ကမကထပြု ဦးဆောင်ဖွဲ့စည်းထားတဲ့ Pax Silica အဖွဲ့ထဲ ဝင်ရောက်လာတယ်လို့ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ဖိလစ်ပိုင်က အခုလို အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်တာက ထူးခြားတယ်လို့ မြင်ချင်မှ မြင်မိကြပါလိမ့်မယ်။ တကယ်တော့ ဒီသတင်းက တရုတ်နိုင်ငံအနေနဲ့ လျစ်လျူရှုလို့မရတဲ့ ဖြစ်စဉ်တခုလို့ ဆိုနိုင်ပါတယ်။

Pax Silica ကို အမေရိကန်နိုင်ငံဘက်က စတင်အဆိုပြု ဆောင်ရွက်တာ ဖြစ်ပေမယ့်၊ ပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံတွေဟာ စီးပွားရေးလုံခြုံရေးဟာ အမျိုးသားလုံခြုံရေးဖြစ်သလို၊ အမျိုးသားလုံခြုံရေးဟာလည်း စီးပွားရေးလုံခြုံရေးဖြစ်တယ်ဆိုတဲ့ တွေးဆချက်အပေါ် ဘုံသဘောထား တိုက်ဆိုင်မှု ရှိကြပါတယ်။

ယုံကြည်စိတ်ချရတဲ့ မိတ်ဘက်နိုင်ငံတွေကိုသာ ရွေးချယ်ဖိတ်ခေါ်တယ်လို့ သိရှိထားရပြီး အခုအချိန်အထိ အမေရိကန်ပြည်ထောင်စုနဲ့အတူ ယူကေ၊ ဩစတြေးလျ၊ ဆွီဒင်၊ ဖင်လန်၊ အစ္စရေး၊ ယူအေအီး၊ ကာတာ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့ ပါဝင်ထားပါတယ်။

အာရှနိုင်ငံတွေ ပါဝင်နေတဲ့ Pax Silica အပေါ် ‘Asia for Asians’ လို့ဆိုတဲ့ တရုတ်နိုင်ငံအနေနဲ့ သတိကြီးကြီးနဲ့ စောင့်ကြည့်နေမှာကတော့ သံသယရှိစရာ မလိုပါဘူး။ Pax Silica ရဲ့ ထုတ်ပြန်ထားချက်တွေအရ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ ကဏ္ဍကြီး ၃ ခုရှိပြီး Artificial Intelligence (AI), critical minerals, semiconductors တို့မှာ အဓိကရည်ရွယ်ထားပါတယ်။ Critical minerals ဆိုပြီး ယေဘုယျအခေါ်အဝေါ်ထက် ပိုမိုစိတ်ဖြာထားတဲ့ စကားလုံးကို သုံးနှုန်းထားပေမဲ့ တရုတ်နိုင်ငံ ထိန်းချုပ်ထားနိုင်တဲ့ မြေရှားသတ္တုဈေးကွက်ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

အနာဂတ်မှာ ထိပ်တန်းနိုင်ငံတခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် အထက်က အရေးကြီး ကဏ္ဍ ၃ နေရာလုံးမှာ နောက်ကျကျန်နေခဲ့လို့ မရဘူးဆိုတာ သိသာထင်ရှားပါတယ်။ Pax Silica က ဒီကဏ္ဍ ၃ ခုနဲ့ ဆက်စပ်နယ်ပယ် အားလုံးကို လွှမ်းခြုံထားပါတယ်။ ကဏ္ဍ ၃ ခုလုံးအတွက် လုံခြုံစိတ်ချရတဲ့ ထောက်ပံ့ရေးကွန်ရက် ကွင်းဆက်တွေကို တည်ဆောက်ကြမယ်၊ ဆန်းသစ်တီထွင်မှုတွေကို အချင်းချင်းမျှဝေပြီး နိုင်ငံသားတွေ ကြွယ်ဝအောင်၊ နိုင်ငံအားကောင်းအောင် ဆောင်ရွက်ကြဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ Pax Silica Declaration ထဲမှာ Trusted Partners ဆိုတဲ့ စကားလုံးက ဒီအဖွဲ့မှာ ဘယ်လိုနိုင်ငံတွေ ပါဝင်ကြမယ်ဆိုတာကို ညွှန်းဆိုထားသလိုပါပဲ။

‘အီးယူ’ ကို ပါဝင်စေချင်တဲ့အတွက် ဆွေးနွေးမှုတွေ ဆက်ပြုလုပ်နေဆဲပါ။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ Pax Silica လက်မှတ်ရေးထိုးပွဲကို အီးယူအနေနဲ့ တက်ရောက်လေ့လာခဲ့သလို၊ ဆီမီးကွန်ဒတ်တာ လုပ်ငန်းမှာ ကမ္ဘာ့တခုတည်းသော EUV (Extreme Ultraviolet) Lithography Systems သုံးပြီး ထုတ်လုပ်နိုင်တဲ့ ASML ကုမ္ပဏီရှိတဲ့ နယ်သာလန်နိုင်ငံလည်း တက်ရောက်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီအချိန်ကာလမှာ ဝါရှင်တန်နဲ့ ဆက်ဆံရေးကို သတိကြီးကြီး ထားနေကြဟန်လည်းရှိလို့ ချိန်ဆနေကြဟန် ရှိပါတယ်။

Pax Silica Declaration ထဲက အလွန်အမင်း မှီခိုအားထားနေရတာတွေကို လျှော့ချနိုင်ဖို့ဆိုတဲ့ စကားလုံးကလည်း မြေရှားသတ္တု နယ်ပယ်မှာ နောက်ကျကျန်ခဲ့တဲ့ အမေရိကန်နိုင်ငံအနေနဲ့ ဘာကိုဆိုလိုထားတယ်ဆိုတာ အလွယ်တကူ ရိပ်စားမိနိုင်ပါတယ်။ အဖွဲ့ဝင် ၃ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျတို့မှာရှိတဲ့ လက်ကျန် မြေရှားသတ္တုသိုက်ပမာဏက တရုတ်နိုင်ငံမှာ ရှိတာရဲ့ ၃ ပုံ ၁ ပုံ နီးပါးလို့ အကြမ်းဖျင်း တွက်ချက်ထားကြပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံ လက်ကျန်ပမာဏရဲ့ ထက်ဝက်ခန့် ပိုင်ဆိုင်ထားတဲ့ ဘရာဇီးနိုင်ငံနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မြေရှားသတ္တု ရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ချုပ်ဆိုထားခဲ့ပါတယ်။

တကယ်တမ်း Pax Silica Declaration မှာ ပိုပြီး တွင်တွင်ကျယ်ကျယ် ပြောဆိုသွားတာက AI နည်းပညာပိုင်းဆိုင်ရာ အကြောင်းပါ။ အာရှတိုက်ရဲ့ နည်းပညာထိပ်တန်း နိုင်ငံတွေလို့ ပြောရမယ့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့က Minus China လို့တောင် တချို့က အမည်တပ်ပေးကြတဲ့ Pax Silica မှာ အတိအလင်း ဝင်ပူးပေါင်းလိုက်တာကိုတော့ တရုတ်နိုင်ငံက နှစ်သက်နိုင်မှာမဟုတ်တာ သေချာပါတယ်။ ထိုင်ဝမ်ကို Pax Silica စားပွဲမှာ လက်မှတ်မထိုးတဲ့ တက်ရောက်သူအဆင့်နဲ့ ဖိတ်ခေါ်ခဲ့ဖူးတာကိုကြည့်ရင်လည်း ဒီနည်းပညာ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့အစည်းအပေါ် တရုတ်နိုင်ငံဘက်က ဘယ်လိုမှ အမြင်မကြည်နိုင်မှာကို ခန့်မှန်းကြည့်လို့ ရပါတယ်။

အခု ဖိလစ်ပိုင်နိုင်ငံက အဖွဲ့ဝင်ဖြစ်ရုံသက်သက် ဝင်ရောက်တာ မဟုတ်ပါဘူး။ လူဇွန် စီးပွားရေးစင်္ကြံ (Luzon Economic Corridor) တွင်းက ဧက ၄၀၀၀ ကို ဖိလစ်ပိုင်အတွက်သာမက Pax Silica အတွက် ကမ္ဘာ့ပထမဦးဆုံးလို့ ဆိုနိုင်တဲ့ Economic Security Zone အဖြစ် လုပ်ဆောင်ခွင့်ပြုခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာစာချုပ် (၁၉၅၁) လက်မှတ်ရေးထိုးထားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ သမ္မတ မားကို့စ် (ဂျူနီယာ) ရဲ့ အမေရိကန်ခရီးစဉ် အတွင်းမှာလည်း တောင်တရုတ်ပင်လယ် လုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့တာဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ အခု Pax Silica ခြေလှမ်းအပေါ် မျက်စိစပါးမွေးစူးနိုင်လောက်ပါတယ်။

ဒီအချိန်က Pax Silica အတွက် ကနဦးကာလလို့ပဲ ပြောနိုင်ပါသေးတယ်။ တကယ်လို့သာ စာရွက်ပေါ်က စီမံကိန်းတွေသာ လက်တွေ့လုပ်ဆောင်နိုင်ပြီး အစိုးရအနေနဲ့လည်း စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့မယ် ဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးအမြတ်တွေ ရရှိနိုင်ပါလိမ့်မယ်။

AI နည်းပညာလှိုင်းသစ်ကို စီးသွားနိုင်တဲ့ အခွင့်အရေး အာဆီယံဒေသထဲက တချို့နိုင်ငံတွေမှာ မြင်နေရချိန်မှာ မြေရှားသတ္တုသိုက် ဖင်ခုထိုင်ထားတဲ့ မြန်မာနိုင်ငံကတော့ သဘာဝပတ်ဝန်းကျင် ဘေးထွက်ဆိုးကျိုးတွေ အဖြစ်ခံပြီး ကုန်ကြမ်းထုတ် ဈေးနှိမ်ခံရောင်းချနေရတဲ့ဘဝမှာပဲ ဆက်ကျန်ရှိနေပါသေးတယ်။

တနေ့ကျ ပြည်သူတင်မြှောက်တဲ့ အရပ်သားအစိုးရ ပြန်လည်တွေ့မြင်လာရချိန်မျိုးမှာ Pax Silica လို အဖွဲ့နဲ့ နီးနီးကပ်ကပ် လုပ်ကိုင်နိုင်မဲ့ အခွင့်အရေးများ တကယ်လို့ ရှိလာခဲ့မယ်ဆိုရင်တောင် တရုတ်နိုင်ငံက တွေ့မြင်ချင်မယ် မထင်ပါဘူး။

၂၀၁၆ ခုနှစ် အစောပိုင်းက အမေရိကန်နိုင်ငံ သံအမတ်ကို တရုတ်သံအမတ်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ခြမ်းကို တရုတ်နိုင်ငံကို လေးစားတဲ့အနေနဲ့ မသွားဖို့ တားမြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ USIP က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍအကြောင်း အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။ အဲဒီအစီရင်ခံစာ နိဒါန်းကို ရေးသားသူတဦးက ‘ဒဲရက်မစ်ချယ်’ (Derek Mitchell) ပါ။ ၂၀၁၂-၂၀၁၆ အတွင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ‘ဒဲရက်မစ်ချယ်’ ဆိုတာကလည်း သူပဲဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အဲဒီအချိန်က စွက်ဖက်မှုအကြောင်း အစီရင်ခံစာပါ အချက်အလက်ကို အငြင်းပွားစရာ မရှိပါဘူး။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို လေးစားကြောင်း၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်းတို့ကို အခါအခွင့်သင့်တိုင်း စကားလုံးသက်သက်အားဖြင့် ပုံဖော်ပြသလေ့ရှိပါတယ်။

အာရှနိုင်ငံအချင်းချင်းအပေါ် အပြောတခြား အလုပ်တခြား ဖြစ်နေခဲ့ရင်တော့ အာရှတိုက်သားအချင်းချင်း မနီးကပ်တော့ဘဲ ဒေသတွင်းဝင်ရောက်လာပြီဖြစ်တဲ့ အားပြိုင်မှုမှာ တဘက်ခြမ်းနဲ့ သွားရပ်တည်ကြဖို့ တွန်းပို့နေသလိုပဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာတော့ ‘Asia for Asians’ ဆိုတဲ့ စကားဟာ ဆောင်ပုဒ်ဟောင်းတခုအဖြစ် သာသာနဲ့ပဲ ကျန်ရစ်ခဲ့ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar