Breaking News

နွေလယ်နေ - ဒေါ်ဘုမေလမ်းကြား

 

Image- Credit

ဒေါ်ဘုမေလမ်းကြား
နွေလယ်နေ
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၆


        ဒေါ်ဘုမေက ရပ်ကွက်မျက်နှာစာတန်းလမ်းမကျယ်ကြီးနံဘေးမှာ မီးသွေးနဲ့ထင်းလက်လီလက်ကားအရောင်းဆိုင်ကြီးဖွင့်ထားရဲ့။ သူ့ဆိုင်ကရောင်းသမျှ ဘယ်ဟာပဲရှို့ရှို့မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတာချည်း။
ဒေါ်ဘုမေဆိုတဲ့သူက မာန်ထက်သလို ဉာဏ်သွက်ပြီး အကြံကလည်းပက်စက်တတ်ပြန်သေး။ သူ့ဆိုင်ကအလုပ်သမား ကောင်လေးနဲ့ကောင်မလေးတွေ ဘယ်တော့မှ စိတ်အေးလက်အေးမနေနိုင်ကြ။ ထစ်ခနဲဆိုဆူလိုက် ရိုက်လိုက် အလုပ်ကထုတ်ပစ်လိုက်နဲ့။ မကြာမကြာဆိုသလိုပဲ သူ့အိမ်သူ့ဆိုင်ထဲကနေ သူ့အပေါ်မကျေမနပ်ဖြစ်သံတွေ ပွက်လောထထနေတတ်တယ်။
        ဒေါ်ဘုမေအိမ်ရဲ့ အနောက်ဘက်အတွင်းပိုင်းမတော့ ကိုဟုတ်စိန်ရဲ့မုန့်ဖိုရှိတယ်။ ပေါက်စီ၊ကော်ပြန့်စိမ်း၊ဘဲသားမုန့်၊ ကိတ်မုန့်၊ ဓားလှီးမုန့်စသဖြင့် မုန့်အမျိုးစုံလုပ်ပြီး လက်ဖက်ရည်ဆိုင်အနှံ့အပြားကို လက်လီလက်ကားဖောက်သည်ပေးတာ။ ကိုဟုတ်စိန်က စီးပွါးရေးအမြင်ရှိတယ်။  အရပ်ထဲ ဗေထီဗေထီ ပတ်မသံမြည်တတ်တဲ့ ပွဲလမ်းလေးများရှိပြီဆို အသင့်လုပ်ပြီးသားမီးအိုးဗျောက်အိုးတွေကို ပွဲခင်းပိုစည်အောင် တိတ်တိတ်ကျိတ်ပြီး ရောင်းတတ်သေးတာ။
သူနဲ့ဒေါ်ဘုမေက ပလဲနံပသင့်ကြတယ်လေ။
သူ့မုန့်ဖိုအတွက် လိုသမျှမီးသွေးနဲ့ထင်း ဒေါ်ဘုမေဆီကပဲ အဓိကထား ဖြည့်တင်းနေကျပေါ့။
        ဒေါ်ဘုမေအိမ်နဲ့ခပ်လှမ်းလှမ်း ရပ်ကွက်ရဲ့မျက်နှာစာတန်းမှာတော့ ရာအိမ်မှူးကြီးဦးဒေါနနေတယ်။ ဦးဒေါနဆိုတာကလည်း နာမည်နဲ့လိုက်ဖက်အောင် ဒေါသကခပ်ကြီးကြီးရယ်။ သူ့အောက်ကဆယ်အိမ်ခေါင်းတွေ၊ လမ်းမှူးတွေနဲ့ ရပ်ကွက်လူမိုက်တွေအားလုံး သူ မျက်ထောင့်ကြီးနီပလားဆို အလိုလို ညာညှိကြပြီးသား။ သတိဆွဲပြီးသား။ ဟုတ်ကဲ့လို့အော်ဖို့ပါးစပ်ပြင်ပြီးသား။
        အတွင်းပိုင်းထဲကကိုဟုတ်စိန်တစ်ယောက် မုန်ု့လုပ်ငန်းအပြင် မီးအိုးဗျောက်အိုးလုပ်ငန်းတွေနဲ့ စီးပွါးဖြစ်လာတာမြင်ရတော့ ဦးဒေါနမျက်စိ ထောင့်ကပ်လာတယ်။
မုန့်ဖုတ်တဲ့အနံ့က နံတယ်၊ ဗျောက်အိုးစမ်းတဲ့အသံက ညံတယ်ဖြစ်ကရော။ ညှော်နံ့ကပတ်ဝန်း ကျင်ကျန်းမာရေးထိခိုက်တယ်၊ ဗျောက်အိုးက ရပ်ကွက်မီးဘေးလန့်ရတယ်ဖြစ်ကရော။
        ကိုဟုတ်စိန်ဆိုတဲ့လူကလည်း ခေသူတော့မဟုတ်။ ငွေကြေးသုံးနိုင်သူမို့ အရပ်ထဲမှာ ပွဲတကာ မျက်နှာပွင့်တာပဲ။ ပျူပျူငှာငှာအလှူတကာ အိမ်ဦးခန်းမှာပဲ။ ရာအိမ်မှူးကြီး ဘာပြောပြော သူ့မုန့်အပေါင်းက လက်ဖက်ရည်ဆိုင်တွေမှာရောင်းကောင်းမြဲ။ ပွဲတော်လတွေဆို အဆော့သန်တဲ့ကလေးတွေအကြားမှာ သူ့ဗျောက်အိုးတွေက တအုန်းအုန်းကွဲ။ 
ခုနောက်ပိုင်းမတော့ ရာအိမ်မှူးဦးဒေါနနဲ့ စကားနည်းရန်စဲဖြစ်စေကြောင်း ကိုဟုတ်စိန်က မုန့်လုပ်ငန်းကိုပဲဇောင်းပေးပြီး ဗျောက်အိုးမီးအိုးလုပ်ငန်းကို အလိမ္မာအတတ်နဲ့ ကိုယ်ရှိန်သတ်လိုက်ရဲ့။ ဒါပေမဲ့ သူနဲ့မကင်းရာမကင်းကြောင်းတစ်ချို့ကို ဗျောက်အိုးလုပ်ပုံသင်ပေးပြီး ဟင်းစားတင်မက ကွန်ချက်ပါပြလို့။ ဒီအထဲ ဒေါ်ဘုမေပါသလို ဟိုအရှေ့ဖျားက ဝက်ကလေးမျက်မှေးတောင်ပါသေး။ ဒီလိုလုပ်ရ၊ ဒီလိုဖေါက်ရ၊ ဒီလိုရောင်းချရတယ်ပေါ့။
        ရာအိမ်မှူးကြီးကလည်း ဒီအရေးကို သူအာဏာလေးလက်ထဲရှိတုန်း ကတုန်ကယင်စောင့်ကြည့်ရင်း အကုန်အစင်ရှင်းပစ်ခဲ့ဖို့ကြံ။
        ကဲ … ဒီနေရာမှာ အရေးတကြီးပြောဖို့လိုလာတာက ဒေါ်ဘုမေလမ်းကြားအကြောင်းပ။
        မုန့်ဖိုပိုင်ရှင်ကိုဟုတ်စိန်တို့၊ ရပ်ကွက်စျေးလေးထိပ်မှာ ချာပါတီနဲ့အာလူးပူရီရောင်းပြီး အဆင် ပြေလာသူကိုမူတူးတို့နေထိုင်ကြတဲ့ အတွင်းပိုင်းနေရာတွေကနေ အပြင်လမ်းမကြီးဆီကို အအေးအပျော်ဖြစ်စေ၊ အရေးပေါ်ဖြစ်စေ ထွက်ဖို့လိုလာတဲ့အခါ သိပ်ပြီး လွယ်ကူလှတာမဟုတ်။ ရှေးမြူနီစီပါယ်မင်းတွေဖေါက်ခဲ့ကြတဲ့လမ်းအနေအထားတွေက ပုံကျပန်းကျမရှိလှတဲ့အပြင် ပျက်အစဉ်ပြင်ခဏဆိုတဲ့စကားလို ပြင်တုန်းခဏပဲကောင်းပြီး အမြဲအစဉ် ပျက်ချင်ချင်ကိုး။ ဆိုက်ကားတွေ ကားတွေ နင်းလို့မောင်းလို့ရနိုင်မယ့်လမ်းတွေက အပြင်ရောက်နိုင်ဖို့အရေး တော်တော်ဝေးဝေးက ကွေ့ဝိုက်လှည့်ပတ်ထွက်မှရမှာကိုး။
        ဒါကြောင့်မို့ပဲ အတွင်းထဲပိတ်မိနေသူတွေ ရပ်ကွက်အပြင်ဘက်အလွယ်ထွက်နိုင်ဖို့ရာ ဒေါ်ဘုမေလမ်းကြားကိုပဲ အားကိုးအားထားပြုကြရရှာ။ ရပ်ကွက်မျက်နှာစာလမ်းမနံဘေးက ဒေါ်ဘုမေအိမ်နဲ့ မီးသတ်ရေကန်အကြား လူနှစ်ယောက်ယှဉ်သွားနိုင်ရုံလောက်မြေလျှောက်လမ်းကြားကလေးကို “ဒေါ်ဘုမေလမ်းကြား”လို့ တက်ညီလက်ညီ ဝိုင်းဝန်းသမုတ်ကြပြီးသကာလ အားလုံးအတွက် အဟုတ်ကိုခရီးအထာကျစေခဲ့သတည်းပေါ့။
ဒေါ်ဘုမေကိုယ်တိုင်ကိုက အဲဒီမရှိသုံးလမ်းကြားလေးထဲ သူ့ခြံမြေသားနည်းနည်းပါပြီး သူကပဲ ကုသိုလ်ပြုထားသလိုလို အသားက ပိုပိုသာသာယူချင်နေသေးတာကလား။
          ဒေါ်ဘုမေခြံထဲမှာ အထွတ်အမြတ်ဆိုပြီး ဟည်းနေအောင်ဆောက်ထားတဲ့ ခြံဦးက နတ်စင်တွေနဲ့။ သူ့ခြံလုံအောင်ဆိုပြီး ကြိုးချည်မွေးထားတဲ့ အစွယ်တဖွေးဖွေးခွေးတွေနဲ့။ တကယ်တော့သူ့ခွေးတွေက အိမ်ပေါက်ခွေးတွေကို အမဲရိုးကျွေးပြီး  ရဲဆေးတင်ပေးထားခဲ့တာ။ ခွေးတွေကလည်း သူ့သခင်မြှောက်စားထားသလောက် အမဲမကြောက်ခဲမကြောက်။ ကြွက်မြင်လည်း ရန်တစောင်စောင်၊ ဆင်တွေ့လည်း တညံညံဟောင်။
         တစ်နေ့သား ဦးဒေါနရဲ့ကလေးများ ဒေါ်ဘုမေဆိုင်ရဲ့မြေသားအနင်း၊ ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့ခွေးတသင်းနားတိုးအကပ်ထိုးအဟပ်ခံလိုက်ရတဲ့ စိတ်အနာကလည်းရှိ။
အန္တရာယ်များတဲ့ မီးအိုးဗျောက်အိုးတွေလုပ်နေတာ ရပ်တန်းကရပ်ဖို့ အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက ခိုးပြီးဆက်လုပ်နေတဲ့အကြောင်း သူ့လူသတင်းပေးအပေါင်းဆီကတဆင့်သိရသမို့ ဦးဒေါနရင်ထဲ ကလိကလိ။
        ဒါ့အပြင်ခုတလော ဒေါ်ဘုမေခြံထဲနဲ့အိမ်ထဲမလည်း ရုတ်ရုတ်သဲသဲ ရိုက်သံပြိုသံတွေအပြင် ရှိုက်သံငိုသံတွေပါညံနေပြီး ဆိုင်အလုပ်သမားလူငယ်တွေ ရုန်းရုန်းကြွကြွဖြစ်နေကြောင်း ရာအိမ်မှူးကြီးထံ ဝေါ်ကီတော်ကီသံတွေစီးဝင်မစဲ။
        ရပ်ကွက်လန့်အောင်မလုပ်သင့်ကြောင်းနဲ့ လူ့အခွင့်အရေးကိုငဲ့သောအားဖြင့် ဆိုင်အလုပ်သမားကလေးတွေအပေါ်အနိုင်မကျင့်သင့်ကြောင်း ရာအိမ်မှူးကြီးကိုယ်တိုင်လှမ်းပြောပါငြား အရမ်းအကြောမာအားသူဒေါ်ဘုမေကတော့ ကလေးတွေကို အရိုက်မပျက်မိုက်ချက်။ အနိုင်မပျက် ကိုင်ချက်။
        နောက်ဆုံးတော့ရာအိမ်မှူးကြီးလည်း သူ့တပည့် ဆယ်အိမ်ခေါင်း ကိုရာဟုနဲ့ ရင်ဘတ်ချင်း ဂျက်ပင်ထိုးတဲ့ပြီး တစ်ညဉ့်နက်နက်မှာ ဒေါ်ဘုမေအထွတ်အမြတ်ထားရာ ခြံဦးကနတ်စင်မဟာတွေကို အလစ်ဝင်ဖြိုချလိုက်ပါရော။ ဒီ့အပြင် ဒေါ်ဘုမေ အားကိုးတကြီးလက်သပ်မွေးထားတဲ့ အစွယ်တဖွေးဖွေးခြံစောင့်ခွေးအုပ်ထဲလည်း အဆိပ်လူးအမဲတုံးတွေ တဝုန်းဝုန်းပစ်ထည့်လိုက်ပါရော။ ဒီလိုနဲ့ဒေါ်ဘုမေခြံထဲ အပြိုပြိုအလဲလဲတွေတင်မက ဆန့်ငင်ဆန့်ငင်ပွဲတွေပါ ခင်းကုန်ကြသတည်းဆိုပါတော့။
         အဖော်တွေ အစုတွေ အဆွေတွေကိုဘယ်တုန်းကမှ အမျှော်သမှုမပြုလေသူဒေါ်ဘုမေခေါ်မိန်းမကြမ်းကြီးက အများသူငါထင်ထားကြသည့်နှယ် လွယ်လွယ်နဲ့အလျှော့ပေးရိုးလား။ ထင်းမီးသွေးအားကိုး၊ဗျောက်အိုးမီးအိုးအားကိုးတွေနဲ့ ရှို့တိုင်းလောင်မယ့်မီးမျိုးတဲ့ပေါ့လေ။
       ဦးဒေါနနဲ့အပေါင်းပါတွေ သူ့ခြံမြေအပါးမနင်းရဲရအောင် ပုလင်းကွဲစအထောင်အသောင်းကို လမ်းကြားမှာကြဲလား ကြဲရဲ့။
ညှောင့်တွေကိုထောင်လား ထောင်ရဲ့။ ကြခတ်ဆူးခက်တွေနဲ့ ဆိုင်ဝမှာဆို့လားဆို့ရဲ့။ သူ့အိမ်နီးနားတဝိုက်က ဦးဒေါနရဲ့ဩဇာခံတစ်သိုက်ဆီကိုလည်း ရန်မီးတငြီးငြီးနဲ့ လှမ်းတဲ့ပြီး ပတ်ကြမ်းတိုက်လား တိုက်ရဲ့။ ထင်းနဲ့မီးသွေးလည်းအရောင်းရပ်၊ ဆိုင်တံခါးပေါက်ကိုလည်း ဆီးကိုင်းဆူးခက်တွေဝိုင်းရံပတ်။ သူ့ရင်ဘတ်မိတ်ဆွေ ကိုဟုတ်စိန်နဲ့ ကုလားကြီးကိုမူတူးတို့တော့ လူရင်းတွေမို့ ခြွင်းချက်နဲ့။
        ခက်ကပြီ။
        အပြင်ဘက်ထွက်ဖို့ ဒေါ်ဘုမေလမ်းကြားကိုပဲ အားကိုးအားထားပြုနေရသူများ ခုတော့
ခက်ပြီ။ အားပေးနေကျ ထင်းနဲ့မီးသွေးကိုလည်း ဒေါ်ဘုမေဆီကဝယ်မရ။ သယ်မရ။
တောမီးလောင်သမျှ တောကြောင်တွေ လက်ခမောင်းထ။ အတွင်းထဲက ထင်းနဲ့မီးသွေးလက်လီဆိုင်လေးတွေက တက်စျေးအမြင့်တွေခေါ်ပြီးရောင်းလာကြ။ သို့သော် လိုသမျှလည်း ဝယ်မရ။ ဟုတ်ပ။ ဒုက္ခ။
          ဒီလိုပုံနဲ့ကြာလာတော့ အတွင်းနေသူရော အပြင်နေသူပါ ကူးရခက်၊ သန်းရခက်၊ 
မီးသွေးခက်၊ ထင်းခက်၊ တဖြည်းဖြည်းနဲ့ထမင်းနဲ့ဟင်းပါ ခက်တော့မလို။ နောက်ဆုံးမတော့ ရှိရှိသမျှလက်ညှိုးအားလုံး ဦးဒေါနဆီ ဂိတ်ဆုံးကုန်ပေါ့။ ဇာတ်ညွှန်းမရှိဘဲ လက်တန်းကချင်သူကြီးရယ်လို့ ပြစ်တင်မောင်းမဲတွေပြုကြပေါ့။ ဦးဒေါနမိသားစုကပင် ဦးဒေါနကိုအကောင်းမမြင်ကြတော့။
        ဦးဒေါနခမျာမလည်း ဆုပ်စူး စားရူး၊ ပေါက်တဲ့နဖူး အို…မထူး။ သူဟာသူ ကြခတ်ဆူးတွေနဲ့ဆို့ထားပြီးသား ဒေါ်ဘုမေဆိုင်အဝကို ဝါးကပ်တွေငွေကုန်ခံဝယ်တဲ့ပြီး သွေးရူးသွေးတန်းနဲ့ ပိတ်လိုပိတ်။ လူနိင်တွေကိုအတင်းမောင်းသွင်းပြီး လမ်းကြားထဲမွစာကြဲနေတဲ့ ပုလင်းကွဲနဲ့ညှောင့်တွေကိုရှင်းမယ်လို့ကြံလိုကြံ။ 
        လောက်စာလုံးအပြည့်နဲ့အိတ်ကို ပခုံးမှာစလွယ်ချ၊ ကျွဲချိုလောက်လေးခွ လက်ထဲတဆဆနဲ့ အမြဲပဲသွေးကြွနေတတ်သူ သူ့လူဆယ်အိမ်ခေါင်းကိုရာဟုကို လှမ်းပြီးမျက်ရိပ်ပြ မေးဆတ်ကြည့်တော့လည်း ချသာချဘရိုဆိုတာချည်းပဲ။ စောစောပိုင်းကတည်းက တိုင်ထိပ်တင်ထားခဲ့တဲ့အလံက လည်း အရိပ်ကိုးပါးမသိ လေမိတိုင်းတယမ်းယမ်းနဲ့ ကဲ။
         မပြောကောင်းမဆိုကောင်း ဒီလိုအကြောင်းမလှပုံမျိုးကြီးနဲ့ ရှေ့ဆက်သွားနေဦးမယ်ဆို လာမယ့်တန်ဆောင်မုန်းမှာကျင်းပဖို့ရှိတဲ့ ဒီအပိုင်ရဲ့ဆွမ်းတော်ကြီးပွဲမှာ ရာအိမ်မှူးကြီးဦးဒေါနတစ်ယောက် သူအားခဲထားသလို မောင့်ကျက်သရေခေါင်းပေါင်းကြီးကိုဆောင်း၊ ငွေဖလာကြီးကိုပိုက်တဲ့ပြီး အလှူတန်းကြီးရှေ့ဆုံးကနေ ခံ့ခံ့ကြီးလှမ်းလျှောက်ခွင့် ရနိုင်ပါဦးထင့် … ပူမိသေး ။  ။


                        ( ဧပြီ ၂၃၊ ၂၀၂၆ ) 

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar