Breaking News

ပြည်တွင်းစစ်ရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပြန်လည်ထူထောင်ရမယ့် အနာဂတ်



မြန်မာနွေဦး ခရိုနီကယ် ဧပြီ ၂၄ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၆
ပြည်တွင်းစစ်ရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပြန်လည်ထူထောင်ရမယ့် အနာဂတ်

စစ်အာဏာသိမ်းပြီးနောက် အကျိုးဆက်အဖြစ် ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး ပျက်ပြားလာတာ၊ ကုန်ထုတ်လုပ်မှု ကျဆင်းတာ၊ ကုန်သွယ်မှုတွေကို ထိခိုက်စေတာ နဲ့ သဘာဝပတ်ဝန်းကျင် လျင်မြန်စွာ ပျက်စီးလာနေတာ နဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေရဲ့ ဆုတ်ယုတ်ပျက်စီးမှု စတဲ့ နယ်ပယ် အသီးသီးအပေါ် သက်ရောက်တဲ့ အကျိုးဆက်တွေကို နိုင်ငံရေးသမားတွေ နဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေက သိပ်ပြီးအလေးမထားကြပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ရဲ၊ တရားစွဲဆိုမှုလုပ်ရတဲ့ ရှေ့နေ၊ တရားရုံး၊ အကျဥ်းထောင်တို့ အနေနဲ့ နိုင်ငံရေးအကြောင်းကြောင့် ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေကိုသာ အဓိကအာရုံစိုက်ကြပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့အမှုတွေကို အလေးထား အရေးယူဖမ်းဆီးတာတွေ မလုပ်ကြတော့ပါဘူး။ အထူးသဖြင့် အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ရာဇဝတ်မှု သိသာစွာမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးခါစက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ပစ္စည်းပို့တဲ့သူကို သတ်ဖြတ်ပြီး ဖုန်း၊ ငွေကြေးကို ယူဆောင်သွားတဲ့ ရာဇဝတ်မှုမျိုးက စလို့ တနှစ်ထက်တနှစ် ဆိုးရွားလာခဲ့ရာမှာ အခုအခါ မန္တလေးမြို့လိုမျိုးမှာ လမ်းသွားရင်း ဖုန်းလက်ထဲ ကိုင်မထားရဲလောက်တဲ့ အထိ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဆိုင်ကယ်နဲ့ ဖုန်းလုပြေးတာ၊ ပိုက်ဆံအိတ်၊ ဆွဲကြိုးလုပြေးတဲ့ ရာဇဝတ်မှုမျိုးအများစုက အရေးယူခံရခြင်း မရှိဘဲ ဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်တပ်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ကားဝယ်ရောင်းလုပ်ကိုင်သူကို ကားကြည့်ဖို့ ချိန်းဆိုပြီး ၄င်းနဲ့အတူ ကားအစမ်းမောင်းစဥ် နောက်က သေနတ်နဲ့ ပစ်သတ်ပြီး ကားလုယူသွားတဲ့ ရာဇဝတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကားယူဖို့အတွက် ကားဝယ်ရောင်းလုပ်သူကို သတ်ဖြတ်ခဲ့တဲ့သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ လားရှိုး၊ မူဆယ်တို့လိုမြို့တွေမှာ မကြာခဏ သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်တဲ့ အနေအထားမျိုးတွေ့ရခဲလာတာပါ။ ဘာကြောင့် အခုလို ရာဇဝတ်မှု ဖြစ်ပွားတာ သိသာစွာ များပြားလာရသလဲလို့ မေးရင် မေးခွန်းက ရှင်းလင်းစွာ ရှိနေပါတယ်။ ကျူးလွန်မှုတွေကို အရေးယူနိုင်ခြင်း မရှိတာ၊ ရာဇဝတ်မှုကျူးလွန်ဖို့ လိုအပ်တဲ့ သေနတ်လို လက်နက်တွေ အလွယ်တကူ လက်ဝယ်ရရှိနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ ကျူးလွန်သူတွေ အနေနဲ့ သီးခြားစီ အုပ်ချုပ်ထားကြတဲ့ နယ်မြေတခုနဲ့တခု ပြောင်းရွှေ့ပြီး ခိုလှုံပုန်းအောင်း နေနိုင်ခြင်းကလည်း ရာဇဝတ်မှု ကျူးလွန်ဖို့ စေ့ဆော်တဲ့ အကြောင်းအချက်တရပ် ဖြစ်စေပါတယ်။ 

ရာဇဝတ်မှုကျူးလွန်တဲ့သူကို မိခဲ့ရင်တောင်မှ အခုလို စနစ်ပျက် ခေတ်ပျက်ကာလမှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်စီရင်ခံရဖို့ မသေချာသလို၊ စီရင်ခံရပြီးနောက်မှာလည်း အကျဥ်းထောင်တွေမှာ အရေအတွက် အဆမတန်များပြားနေတာကြောင့် ထောင်ခါတယ်လို့ ဆိုရမလောက် မကြာခဏ လွတ်ငြိမ်းခွင့်ပေးတာတွေကြောင့် ကျူးလွန်ဖို့ လက်ရဲလာကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းစစ်တပ် အနေနဲ့ အခုလို ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့နဲ့ အရေးယူဖို့ အလေးမထားတော့ဘဲ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကိုသာ ဖမ်းဆီးအရေးယူဖို့ အာရုံစိုက်နေတော့တာလည်း ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း တဖက်မှာ စစ်ရေးကိစ္စကို အာရုံစိုက်နေရတာ၊ ရဲလုပ်ငန်းနဲ့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့မှာ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု လိုအပ်ချက်တွေကြောင့် ကောင်းမွန်တဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေကို မဖေါ်ဆောင်နိုင်ကြသေးတဲ့ အနေအထား ဖြစ်ပါတယ်။ 

အခုလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အနေအထား၊ ရာဇဝတ်မှု ထူပြောလွန်းတဲ့အနေအထားကြောင့် ပြီးခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း ဘယ်နှဦး အသက်ဆုံးရှုံးခဲ့ကြရလဲ ဘယ်နှဦး ကိုယ်ခန္ဓာချို့ယွင်း ထိခိုက်ခဲ့ကြရသလဲ ဆိုတဲ့ ကိန်းဂဏန်းတွေ စုဆောင်းနိုင်တဲ့ အနေအထားမရှိသေးပါဘူး။ 

တရားဥပဒေ စိုးမိုးမှုအကြောင်းပြောဆိုပြီးနောက် နောက်ဆုတ်ယုတ်ပျက်ပြားတဲ့ နယ်ပယ်တခုက သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထိန်းသိမ်းမှု ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း သစ်တောပြုန်းတီးမှု၊ မြစ်ကြောင်းတွေ နဲ့ ရေထွက်ရာ ချောင်းတွေမှာ စက်ယန္တရားတွေနဲ့ ရွှေကျင်တာ၊ တူးဖေါ်တာ၊ ကျောက်မျက်တွင်းတွေ အလွန်အကျွံ တူးဖော်ကြတာတွေနဲ့ ဒေသအချို့မှာ သတ္တုမိုင်း၊ မြေရှားတူးဖေါ်မှုတွေကြောင့် မြေယာပျက်စီးပြီး ပတ်ဝန်းကျင် အဆိပ်သင့်တဲ့ အဖြစ်အပျက်တွေက အဆများစွာ မြင့်တက်လာခဲ့ပါတယ်။ 

ထိန်းသိမ်းထားတဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေက စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း နဲ့ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အလောင်းတော် ကဿပ ဘေးမဲ့တော ဘယ်လောက်ထိ ပျက်စီးလျော့နည်းသွားသလဲ ဆိုတာ အခုအချိန်မျိုးမှာ လေ့လာစိစစ်နိုင်တဲ့ အနေအထားမရှိသေးသလို တနင်္သာရီတိုင်းလို ဒေသမှာလည်း သတ္တုတွင်းလုပ်ကိုင်တာနဲ့ သစ်ထုတ်လုပ်တောတွေကြောင့် အပူပိုင်းမုတ်သုန်သစ်တောတွေ မြန်မြန်ဆန်ဆန် ပျက်စီးလာနေတာ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်အတွင်း လက်နက်ခဲယမ်းနဲ့ လက်နက်ကိုင်တပ်တွေကို ထောက်ပံ့နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးကို သယံဇာတထုတ်ယူမှုကနေလည်း ရှာဖွေနေကြရတာ ဖြစ်ပြီး အဲလိုရှာဖွေစုဆောင်းရာမှာ ရေရှည်မှာ ထိခိုက်နိုင်မယ့် အကျိုးဆက်တွေကို ထည့်သွင်းစဥ်းစားတာမျိုး ရေရှည်အစီအစဥ်မျိုးထက် လတ်တလော ရင်ဆိုင်နေရတဲ့ ရံပုံငွေရရှိရေးကိုသာ ဦးစားပေးကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ရေမြေ၊ သစ်တောနဲ့ မြစ်ချောင်း ပျက်စီးတာတွေရဲ့ အကျိုးဆက် ဖြစ်တဲ့ ရာသီဥတု ပူပြင်းလာမှာ၊ ရေအရင်းအမြစ်တွေ ဆုတ်ယုတ်လာမှာ၊ မိုးရာသီ ရေကြီးမြေပြိုတာတွေ ဖြစ်လာမယ့် အန္တရာယ်နဲ့ ရေနဲ့ မြေတွေ အဆိပ်သင့်ပြီး ရိက္ခာထုတ်လုပ်မှု လူ့ကျန်းမာရေး ထိခိုက်မှုတွေက လက်ရှိ အနေအထားမှာရော ရေရှည်ကာလမှာပါ ကြုံတွေ့လာကြရမယ့် အခြေအနေ ဖြစ်ပါတယ်။ 

ကမ္ဘာ့ ရွှေ စျေးနှုန်းမြင့်တက်လာနေခြင်းကလည်း ရွှေတူးဖော်ဖို့ အတွက် မက်လုံးဖြစ်စေပြီး မြန်မာနိုင်ငံရဲ့  အရှေ့အနောက် တောင်မြောက် အလယ်ပါမကျန် နေရာဒေသတိုင်း ရွှေတူးဖေါ်တာ၊ စက်ယန္တရားတွေနဲ့ ရွှေမျောတွေ လုပ်ကြတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ဟုမ္မလင်းမြို့ အနီးချင်းတွင်းမြစ်တွင်း ရပ်နားထားတဲ့ လောင်စာဆီတင် သင်္ဘောတွေ မီးလောင်မှုကို ကြည့်ရင် ဟုမ္မလင်း တဝိုက်က ချင်းတွင်းမြစ်နဲ့ ချောင်းတွေထဲ ရွှေမျောတွေ အတွက်လိုအပ်တဲ့ လောင်စာဆီတင် လှေ၊ ဝမ်းပြားလှေ အများအပြား ရပ်နားသိုလှောင်ထားကြတဲ့ အဖြစ်ကို သိရှိကြရတာ ဖြစ်ပါတယ်။ 

ကျောက်စီမ်း ထွက်ရှိတဲ့ ဖားကန့်ဒေသမှာလည်း ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း တဖက်မှာ တိုက်ပွဲတွေ၊ ထိုးစစ်တွေ၊ ခုခံစစ်တွေ ဆင်နွှဲနေကြပေမယ့် ကျောက်စိမ်းတူးဖေါ်မှုက အနည်းငယ်မျှ မရပ်နားဘဲ စစ်ပွဲတွေ မဖြစ်ခင်ကထက် ပိုမိုလွတ်လပ်စွာ တူးဖေါ်နိုင်ကြတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ စစ်ပွဲတွေတိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို သယံဇာတကနေ ရယူကြတာဖြစ်လို့ စစ်ပွဲကြာရှည်လေလေ သယံဇာတ ပိုမိုထုတ်ယူဖို့လိုအပ်လေလေ ဖြစ်လာနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပတ္တမြားထွက်ရှိတဲ့ မိုးကုတ်မြို့မှာလည်း TNLA သိမ်းယူထားတဲ့ ကာလ တနှစ်ကျော်အချိန်အတွင်း နကိုပုံမှန် တူးဖေါ်တာထက် ပိုပြီး တူးဖော်တာ၊ ဆယ်စုနှစ်များစွာ မတူးဖေါ်ပဲ ချန်လှပ်ထားတဲ့ ဂေါက်ကွင်းလိုနေရာမျိုးတွေပါမကျန် ကျောက်မျက်တူးဖော်ခွင့် ချပေးပြီး စစ်စရိတ် ရံပုံငွေ အတွက်ဖြည့်တင်းခဲ့ကြရတာ တွေ့ရမှာပါ။ 

အခုလို အာဏာရှင်စနစ်လက်အောက်က လွတ်လပ်ဖို့၊ တာဝန်ခံမှုရှိပြီး လူအများရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ အစိုးရ တရပ်၊ စနစ်တရပ် ပေါ်ထွန်းလာဖို့ ရည်ရွယ်တဲ့ တော်လှန်ရေး အတွက် ရင်းနှီးလိုက်ရတဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ တရားဥပဒေစိုးမိုးမှုတွေကို တော်လှန်ရေး မအောင်မြင်မီ ဒိထက်ပိုပြီးမဆိုးသွားအောင် ဘယ်လို ထိန်းသိမ်းကြမလဲ၊ တော်လှန်ရေး အောင်မြင်ပြီးနောက် ဘယ်လိုပြန်လည် အဖတ်ဆယ် ထူထောင်ကြမလဲဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar