Breaking News

နန္ဒအောင် - မြန်မာ့ စာနယ်ဇင်း သမိုင်းကို ဖော်ပြနေတဲ့ ပြည်သူတို့၏ စကားပြန် ( ၃ )

 မြန်မာ့ စာနယ်ဇင်း သမိုင်းကို ဖော်ပြနေတဲ့ 

ပြည်သူတို့၏ စကားပြန် ( ၃ )

နန္ဒအောင်

(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၆ 


စာဖတ်ညွှန်း အရေးအသားတို့၊ စာအုပ်စင် ကဏ္ဍ ရေးသားတို့က သတင်းစာတွေ ပေါ်ဦးစကာလကတည်းကလို့ ဆရာ မောင်ဝိဇ္ဇာရဲ့ အရေးအသားအရ သိရပါတယ်။ ‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်ထဲမှာ ဆရာ မောင်ဝိဇ္ဇာရဲ့  ‘ စာနယ်ဇင်းနှင့် စာအုပ်ကဏ္ဍ ’ ဆိုတဲ့ ဆောင်းပါးလေးကို ဖော်ပြထားပါတယ်။ ဆရာ မောင်ဝိဇ္ဇာရဲ့ အရေးအသားအရ သူရှာဖွေတွေ့ချက်တွေအရ စာအုပ်ဝေဖန်ရေး ကဏ္ဍကို ၁၉၀၆ ဒီဇင်ဘာ ၁၂ ရက်ထုတ် ‘ ဟံသာဝတီ သတင်းစာ ’ မှာ အစောဆုံး တွေ့ရှိတယ်လို့ သိရပါတယ်။ ‘ မောင်တာနော ’ ဝတ္ထုကို ဝေဖန် ရေးသားတာပါ။

ဆရာ မောင်ဝိဇ္ဇာရဲ့ အရေးအသားထဲမှာ မှတ်သားစရာ အချက်အလက်လေး တွေ့ရပါတယ်။ ကျွန်တော့်ရဲ့ အစဉ်အလာသိမှုထဲမှာ ‘ မောင်တာနော ’ ဝတ္ထု ရေးသားသူကို ‘ မောင်ဘသင် ’ လို့ သိမှတ်ထားပါတယ်။ ဆရာ မောင်ဝိဇ္ဇာကတော့ “ သာယာဝတီမြို့ ဒေဝစက္ခု ပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေသော စာရေးဆရာ မောင်တင့်ဘေ ( ဘီအေ ) ကျော်ကလပ်၏ မောင်တာနော ဝတ္ထု ” ( စာမျက်နှာ - ၁၁၆ မှ )  လို့ ရေးသားထားပါတယ်။ မောင်တင့်ဘေ ( ဘီအေ ) ဆိုတာ ဆရာ မောင်ဘသင်ရဲ့ နာမည်တမျိုးလား၊ မောင်တာနော ဝတ္ထု နာမည်တူတာလားဆိုတာ နည်းပညာအကူအညီနဲ့ ရှာဖွေကြည့်ပေမယ့်  ဆရာမောင်ဘသင်ရဲ့ ကလောင်ကွဲ၊ နာမည်ကွဲတွေကို ရှာဖွေလို့ မရခဲ့ပါဘူး။ ဆရာ မောင်ဘသင်နဲ့ မောင်တာနော ဝတ္ထု အကြောင်း ရှေ့မီနောက်မီ သေသေချာချာ သိထားတဲ့ ပညာရှင်တွေက အဖြေရှာပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။

ကျွန်တော်တို့ခေတ်မှာ စာအုပ်စင်ကဏ္ဍလို့ သုံးတဲ့ အသုံးအနှူန်းကို  ဆရာ မောင်ဝိဇ္ဇာကတော့ စာအုပ်ကဏ္ဍလို့ သုံးပါတယ်။ ဆရာ မောင်ဝိဇ္ဇာ အရေးအသားအရ စာအုပ်ကဏ္ဍကို အလေးထားပြီး မကြာခဏ ဖော်ပြတဲ့  သတင်းစာမှာ ‘ သူရိယ ’ ဖြစ်တယ်လို့ သိရပါတယ်။ သူရိယ သတင်းစာမှာ စာအုပ်အကြောင်းကိုလည်းရေးပြီး စာပေငြင်းခုံတဲ့ အရေးအသားတွေကိုလည်း တွေ့ရှိရတယ်လို့သိရတယ်။ သူရိယသတင်းစာမှာ စာပေဆွေးနွေးငြင်းခုံ ရေးသားကြသူတွေက ဝဇီရ ဗုဒ္ဓီဦးဖိုးစိန်၊ အမျိုးသား ပညာဝန် ဦးဖိုးကျား၊ မှော်ဘီဆရာသိန်းကြီး၊ အဝေးရောက်မင်း ဦးအောင်ကြီး၊ သိပ္ပံမောင်ဝ၊ သိပ္ပံကျောင်းသား မောင်မြသွင်၊ မောင်သိန်းဟန် ( ဆရာဇော်ဂျီ ) တို့ ဖြစ်ပါတယ်။

ဆရာမောင်ဝိဇ္ဇာက စာအုပ်ကဏ္ဍကို တလေးတစားထည့်ပေးနေတဲ့ မဂ္ဂဇင်းမှာ ‘ ဂန္တလောက ’ မဂ္ဂဇင်း ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဆရာမောင်ဝိဇ္ဇာ ဆောင်းပါးထဲမှာ စာအုပ်ကဏ္ဍရေးသားတဲ့ ကလောင်နာမည်တွေကို တွေ့ရပါတယ်။ စစ်ပြီးခေတ် ဗမာ့ခေတ် သတင်းစာရဲ့ စာအုပ်ကဏ္ဍ ပင်တိုင်ဆောင်းပါးရှင်မှာ ‘ မောင်ဖတ် ’ ဆိုတဲ့ ကလောင်နာမည်နဲ့ပါ။ ၁၉၄၈ ခုနှစ် သမာဓိ သတင်းစာရဲ့ စာအုပ် ကဏ္ဍရေးတဲ့ ကလောင်နာမည်က ‘ မောင်ဝိဇ္ဇာ ’ ဖြစ်ပါတယ်။

စာအုပ်ကဏ္ဍကို အလေးပေး ဖော်ပြတဲ့ သတင်းစာတွေထဲမှာ ‘ သံတော်ဆင့် ’ သတင်းစာလည်း ပါဝင်ပါတယ်။ သံတော်ဆင့် အယ်ဒီတာချုပ်မှာ အရင်တုန်းက သူရိယဦးသိမ်းမောင် ဖြစ်ပါတယ်။ ဦးသိမ်းမောင်က သူရိယမှာ ရှိတုန်းက သူရိယ မဂ္ဂဇင်းနဲ့ သတင်းစာမှာ စာအုပ်ကဏ္ဍကိုင်ခဲ့သူပါ။ သူရိယမှာတုန်းက ဦးသိမ်းမောင်ရဲ့ စာအုပ်ခန်း ကလောင်နာမည်ကို ‘ မြို့သား ’ ဆိုတဲ့ ကလောင်နာမည်ကို သုံးပါတယ်။ ဦးသိမ်းမောင်နဲ့ သူရိယ စာအုပ်ခန်းကို တွဲဖက်ကိုင်ခဲ့သူက ဆရာမာဃ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ ထွက်လာတော့ ဦးကြီးမောင် ( ငွေဥဒေါင်း ) ရဲ့ ‘ စာကြေးမုံ အခန်းကဏ္ဍ ’ ပေါ်ထွက်လာပါတယ်။
‘ စာအုပ်ကဏ္ဍမှာ စာသမားတို့ ဂရုတစိုက်ရှိခဲ့ရတဲ့ နာမည်ကျော် သတင်းစာ တစ်စောင်ကတော့ မန္တလေးက လူထုသတင်းစာ ဖြစ်တယ် ’ လို့ ဆရာ‌ မောင်ဝိဇ္ဇာက ရေးသားပါတယ်။

မြန်မာ့ စာနယ်ဇင်း သမိုင်းမှာ စာအုပ်ကဏ္ဍက အရေးအသားတွေကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ စာအုပ်ကဏ္ဍကြောင့် သမိုင်းတွင်လောက်တဲ့ လှုပ်ခတ်မှုကြီးကတော့ ၁၉၃၈ ခုနှစ် ရန်ကုန်မြို့မှာဖြစ်တဲ့ ဒုတိယအကြိမ် ကုလား ဗမာ အရေးအခင်းကြီးပါ။ ‘ မော်လဝီနှင့် ယောဂီ စာတန်း ’ စာအုပ်ငယ်ကို ဆူးလေဘုရားဝင်းရှိ စာအုပ်တိုက်တစ်တိုက်က ထုတ်ဝေတဲ့ နှစ်ပဲတန် ဝတ္ထု တစ်ပုဒ်ရဲ့ နောက်ပိုင်းမှာ စာမျက်နှာဖြည့်တဲ့သဘောအနေနဲ့ ကူးယူဖော်ပြလိုက်တယ်။ အဲဒီစာတန်းကို မြန်မာ့အလင်း သတင်းစာက တဆင့်ကူးယူ ဖော်ပြလိုက်တဲ့အခါ ဘာသာရေး ပြဿနာတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီကနေ တဆင့် ရှုပ်‌ထွေးလှတဲ့ နိုင်ငံရေး ပယောဂတွေပါ ပါဝင်လာကာ ရန်ကုန်တစ်မြို့လုံး ပုဒ်မ ၁၄၄ ထုတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စာအုပ်ကဏ္ဍ၊ စာပေဝေဖန်ရေးကြောင့် လှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ စာရေးဆရာကတော့ ဆရာ သိန်းဖေမြင့်ပါ။ ဆရာ သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး စာအုပ်ကြောင့် လှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ စာနယ်ဇင်းမျိုးစုံမှာ ‘ တက်ဘုန်းကြီး ’ ဝေဖန်ချက် မျိုးစုံ ပေါ်ပေါက်လာပြီး၊ အပြန်အလှန် ရေးသားတဲ့ စာအုပ်စာတန်းတွေ ထုတ်ဝေခဲ့ကြတယ်။ ဆရာ မောင်ဝိဇ္ဇာ အရေးအသားအရ “ နဂါးနီထုတ် ‘ ဗမာ့အရေး ’ စာအုပ်က အသုံးအနှူန်းကြောင့် ဝေဖန်တိုက်ခိုက်ယုံသာမက ရွှေတိဂုံ ကုန်းတော်မှာ ဆရာသိန်းဖေမြင့် ခေါင်းတုံး ရိတ်ခံရတဲ့အထိ ဖြစ်ပွားခဲ့တယ် ” ( စာမျက်နှာ - ၁၁၉ )လို့ သိရတယ်။ ဆရာသိန်းဖေမြင့်လည်း ရွှေတိဂုံကုန်းတော်ပေါ်မှာ ရဟန်းတွေကို ဝန်ချတောင်းပန်တဲ့ ပုံရိပ်ကိုတော့ နည်းပညာ အကူအညီနဲ့ ဂူဂလ်ယ် ( Google )  မှာဖြစ်ဖြစ်၊ လူမှုကွန်ရက် စာမျက်နှာ ( Facebook ) မှာ ဖြစ်ဖြစ် ရှာဖွေကြည့်လို့ရပါတယ်။ ဓာတ်ပုံရဲ့ အရင်းအမြစ် မူလပိုင်ရှင်ဖြစ်တဲ့  KST Collection  ဆိုသူကိုလည်း ကျေးဇူးတင်မိပါတယ်။

ဆရာ သိန်းဖေမြင့် တစ်ယောက် ရွှေတိဂုံဘုရားပေါ်မှာ ဘုန်းကြီးတွေကို ဝန်ချတောင်းပန်တဲ့ ပုံရိပ်က
‘ တက်ဘုန်းကြီး ’ ဝတ္ထုရဲ့ ဂယက်လို့ လူမှုကွန်ရက်ပေါ်မှာ ပြောကြ၊ ဆိုကြပါတယ်။ ဆရာ သိန်းဖေမြင့်ရဲ့ လက်ရာ ‘ တက်ဘုန်းကြီး ’ ကလည်း စာဖတ်ပရိသတ်ကြားမှာ အတော်လေး လူသိများခဲ့တာဆို‌တော့ ရွှေတိဂုံ ဘုရားပေါ်က ပုံရိပ်ကို ‘ တက်ဘုန်းကြီး ’ စာအုပ်ကြောင့်လို့ပဲ ထင်မှတ်ကြပါတယ်။  ဆရာ မောင်ဝိဇ္ဇာရဲ့ အရေးအသားအရတော့ နဂါးနီထုတ် ‘ ဗမာ့စာအုပ်အရေး ’ ကြောင့် ရွှေတိဂုံ ဘုရားပေါ်မှာ ခေါင်းတုံးရိတ်ခံရတယ်လို့ သိမှတ်ရပါတယ်။ တကယ်တော့ ရွှေတိဂုံဘုရားပေါ်က ဆရာ သိန်းဖေမြင့်ရဲ့ ဝန်ချတောင်းပန်တဲ့ ပုံရိပ်ဟာ တက်ဘုန်းကြီး ကြောင့် မဟုတ်ဘဲ၊ ဗမာ့စာအုပ်အရေး ကြောင့်ပါ။  စာအုပ်ကဏ္ဍ အရေးကောင်းတဲ့ ဆရာသိန်းဖေမြင့်ရဲ့ စာဖတ်အညွှန်းတွေဟာလည်း တခေတ်တခါတုန်းက မြန်မာ့စာပေလောကမှာ ပွဲဆူစေခဲ့တာတော့ အမှန်ပါပဲ။

‘ ပြည်သူတို့၏ စကားပြန် ’ စာအုပ်ထဲမှာ ဆရာ သိန်းဖေမြင့်ရဲ့ ‘ ပင်တိုင်ဆောင်းပါးရှင်တဦး၏ အတွေ့အကြုံ ’ ဆိုတဲ့ ဆောင်းပါးလေးကို ဖော်ပြထားပါတယ်။ ဆရာ သိန်းဖေမြင့်က ဗိုလ်တထောင် သတင်းစာမှာ အယ်ဒီတာချုပ် လုပ်ပါတယ်။ ဗိုလ်တထောင် သတင်းစာကို ပြည်သူပိုင်သိမ်းလိုက်တော့ အယ်ဒီတာချုပ် မလုပ်တော့ဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာပြီး ဆောင်းပါးတွေပဲ ရေးနေတော့တာပါ။ ဆရာ သိန်းဖေမြင့် အဆိုအရ
‘ ပင်တိုင်ဆောင်းပါးရှင် ’ ဆိုတဲ့ အသုံးအနှူန်းက တော်လှန်ရေး အစိုးရလက်ထက်မှာ ပျံ့နှံ့လာတယ်လို့ သိရပါတယ်။

‘ ဟိုယခင့်ယခင်ခေတ်များက ဒီးဒုတ်၊ မဲမှုတ်၊ ကြွက်စုတ်၊ လေဗွေ၊ ဂျိုကာစသည်ဖြင့် ပင်တိုင်ဆောင်း ပါးရှင်များ ရှိခဲ့ကြဖူး၏။ သို့သော် ပင်တိုင်ဆောင်းပါးရှင်ဟူသော အခေါ်အဝေါ်က မပြန့်နှံ့သေးပါ။ တော်လှန်ရေး အစိုးရတက်လာပြီး ကျွန်တော် ပင်တိုင်ဆောင်းပါးရှင် ဖြစ်လာသည့် နောက်ပိုင်းမှသာ ပင်တိုင်ဆောင်းပါးရှင်ဟူသော အခေါ်အဝေါ်  ပြန့်နှံ့လာခြင်းဖြစ်ပါသည်။ အကြောင်းမှာ တော်လှန်ရေးအစိုးရ ပြန်ကြားရေးဌာနကိုယ်တိုင်က ဇဝန၊ သာဂဒိုး၊ သိန်းဖေမြင့်စသူတို့အား ပင်တိုင်ဆောင်း ပါးရှင်များဟု ခေါ်ဝေါ်လာခြင်း၊ သတင်းထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြခြင်းတို့ကြောင့် ဖြစ်ပါသည်။ ’ ( စာမျက်နှာ - ၁၀၅ မှ )

ဆရာ သိန်းဖေမြင့်ကပဲ ‘ တော်လှန်ရေး အစိုးရ ပြန်ကြားရေးဋ္ဌာနသည် ပင်တိုင်ဆောင်းပါးရှင်များကို  ယခင်အစိုးရ အဆက်ဆက်မှာထက်ပို၍ တန်ဖိုးထားကြောင်း၊ နေရာပေးကြောင်း နည်းအမျိုးမျိုးနှင့်ပြခဲ့၏။ ဥပမာ ဟိုယခင်ခေတ်က ကြွက်စုတ်ကြီး ဥပဒေပြုလွှတ်တော်ကိုတက်ရလျှင် သတင်း ထောက်အဖြစ်ဖြင့် တက်ရ၏။ ကြွက်စုတ်ကြီးအဘို့ သီးခြားနေရာမရှိ။ တော်လှန်ရေးအစိုးရခေတ် ရောက်လာသောအခါ ပါတီညီလာခံ၊ သို့မဟုတ် နှီးနှောဖလှယ်ပွဲ ( သို့မဟုတ် ပြည်သူ့လွှတ်တော် ) ကို ပင်တိုင်ဆောင်းပါးရှင်များသည် ပင်တိုင်ဆောင်းပါးရှင်များအနေနှင့် တက်ကြရခြင်း ဖြစ်လေသည် ’ ( စာမျက်နှာ - ၁၀၅ ) လို့ ရေးသားထားပါတယ်။

ဆရာ သိန်းဖေမြင့်က သတင်းစာခေါင်းကြီး ဩဇာကြီးသလို ပင်တိုင်ဆောင်းပါးရှင်တွေလည်း ဩဇာကြီးတယ်လို့ သူ့အမြင်ကို ထုတ်ဖော်ရေးသားပါတယ်။ တချို့ စာဖတ်ပရိသတ်တွေက လှုပ်လှုပ်ရှား ရှားအကြောင်းအရာတွေကို ပင်တိုင်ဆောင်းပါးရှင်တွေရဲ့ အာဘော်ကို ဖတ်ရမှ ကျေနပ်တယ်လို့ ဆရာသိန်း‌ဖေမြင့်က ဆိုပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်း တစ်စောင် လက်ထဲရောက်ပြီဆိုရင် ကိုယ်ကြိုက်တဲ့ ပင်တိုင်ဆောင်းပါးရှင်တွေရဲ့ ဆောင်းပါးတွေကို အရင်ဆုံး ဖတ်ကြတဲ့ စာဖတ်ပရိသတ်တွေလည်း ရှိကြပါတယ်။ ပရိသတ်အပေါ်   ဩဇာကြီးသလို ပင်တိုင်ဆောင်းပါးရှင်တွေဘက်ကလည်း ကြိုးစား အားထုတ်ရပါတယ်။ ဆရာ သိန်းဖေမြင့်ဆိုရင် နေ့တိုင်း ဆောင်းပါးတွေ ရေးပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၄ ပုဒ် ၊ အများဆုံး ၆ ပုဒ်ထိ ရေးပါတယ်။ စာမူခများများရချင်လို့ များများရေတာ မဟုတ်ပါလို့ ဆရာ သိန်းဖေမြင့်က ရေးပါတယ်။

ဆရာ သိန်းဖေမြင့်က ပင်တိုင်‌ဆောင်းပါးရှင်ရဲ့ ဘဝကို အခုလို သုံးသပ်ပြပါသေးတယ်။

‘ နေ့စဉ်အဖြစ်အပျက်များကို ကြည့်ရှုလေ့လာ ဆင်ခြင်သုံးသပ်ပြီး ရေးသောစာများ ဖြစ်ရ‌ကား များသောအားဖြင့် တနေ့ပြီး တနေ့မှိန်မှိန်သွားရမည်သာဖြစ်သည်။ ကြာရှည်တည်တံ့သော စာကို ရေးချင်သော စာရေးဆရာအနေနှင့် ကြည့်သော် ပင်တိုင်ဆောင်းပါးရှင် အလုပ်သည် မကျေမနပ်ဖြစ်စရာပင်။

နေ့စဉ်ရေးတော့ အကြောင်းအရာ ဘာသာရပ်မျိုးစုံကို ရေးရသည်။ ဟိုစပ်စပ်၊ သည်စပ်စပ်နှင့် ခတ်တိုင်းငန်ဖြစ်ရသည်။ ဘယ်သူမဆို ဘာသာရပ်တခုခု၊ သို့မဟုတ် တခုနှစ်ခုကို အထူးပြုမှ ထူးချွန်နိုင်မည်။ လေးနက်သော စာကြီးပေကြီးကို ရေးနိုင်မည်။ ထူးချွန်သော လေးနက်သော စာကြီးပေကြီးတို့ကို ထုတ်လုပ်လိုသည့် စာရေးဆရာအနေနှင့်ကြည့်သော် ပင်တိုင်ဆောင်းပါးရှင်အလုပ်သည် မကျေမနပ်ဖြစ်စရာပင်။ ’ ( စာမျက်နှာ - ၁၀၈ မှ )

နန္ဒအောင်
 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar