Breaking News

စစ်ဘေးဒဏ် ခံစားနေကြရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကိုလည်း အာရုံစိုက်ဖို့လို

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၉ မြင်ကွင်း

(မိုးမခ) ဇွန် ၁၀ ၊ ၂၀၂၆

စစ်ဘေးဒဏ် ခံစားနေကြရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကိုလည်း အာရုံစိုက်ဖို့လို

နေ့စဥ် ဖတ်ရှုနေရတဲ့ သတင်းတွေထဲ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်လာရောက်တဲ့ သတင်း၊ သံတမန်တွေနဲ့ SCEF ဟု ခေါ်ဆိုသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကော်မတီနဲ့ သံတမန်တချို့ တွေ့ဆုံတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု၊ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဥ် စတဲ့ သတင်းတွေက နေ့စဥ် သတင်းခေါင်းစဥ်တွေမှာ နေရာယူထားလေ့ရှိပါတယ်။ 

ဒီသတင်းတွေအပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု သတင်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ် သို့မဟုတ် PDF တပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှု ကိန်းဂဏန်းတွေနဲ့ နေ့စဥ်သတင်းတွေထဲ တွေ့ကြရသလို တခါတရံမှာ စစ်တပ်ရဲ့ စစ်ကြောင်းတွေဝင်ရောက်စဥ် ကျေးရွာတွေ၊ တိုက်နယ်မြို့တွေမှာ အရပ်သား သတ်ဖြတ်ခံရတဲ့ သတင်းတွေလည်း ကြိုကြားကြိုကြားတွေ့ရပါတယ်။ 

စစ်မှုထမ်းအဖြစ် လမ်းခရီးမှာ မြို့တွေမှာ ဖမ်းဆီးနေတဲ့အကြောင်း သတင်းတွေ၊ ငွေသိန်းဆယ်ဂဏန်းချီ လာဘ်ငွေအဖြစ်နဲ့ ပေးပြီး ပြန်ရွေးရတဲ့ အကြောင်းတွေလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ 

ယေဘုယျ အနေနဲ့ ချုံငုံကောက်ချက်ချရရင် နေ့စဥ် သတင်းတွေရဲ့ နေရာအများစုကို စစ်ရေး နိုင်ငံရေးခေါင်းဆောင်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဝေဖန်သုံးသပ်သူတွေရဲ့ အမြင်တွေ၊ အယူအဆတွေ၊ ဘယ်မြို့ ဘယ်ရွာ စစ်ဘေးတိမ်းရှောင်နေကြရတယ် ဆိုတဲ့ သတင်းတွေ တိုက်ပွဲသတင်းတွေက နေရာယူထားလေ့ရှိတာပါ။ 

မြန်မာနိုင်ငံက ပြည်သူလူထု အနေနဲ့ နေ့စဥ်ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး ခက်ခဲကြပ်တည်းမှု၊ အခွန်အကောက် နဲ့ တရားဝင်ရော တရားမဝင်လာဘ်ငွေပါ ပေးပြီး သယ်ဆောင်ရောင်းဝယ်ကြရတဲ့ ရိက္ခာ၊ လောင်စာဆီနဲ့ လူသုံးကုန်ပစ္စည်းတွေ စျေးနှုန်းမတန်တဆ မြင့်တက်လာနေတဲ့ အကြောင်း၊ လမ်းပန်းဆက်သွယ်မှုတွေ ပိတ်ဆို့တာ၊ လောင်စာဆီ ဈေးကြီးပြီး ဝယ်ရခက်ခဲမှုကြောင့် စိုက်ပျိုးသီးနှံတွေကို အရင်ကလို တင်ပို့ ရောင်းဝယ်မှု ကောင်းကောင်း မလုပ်နိုင်လို့ ပျက်စီးကုန်တဲ့ အခြေအနေတွေ၊ တိုက်ပွဲတွေ စစ်ကြောင်းတွေကြောင့် မရိတ်သိမ်းလိုက်ရတဲ့ စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှု စတဲ့ အကြောင်းအရာတွေက သတင်းဖော်ပြမှုတွေထဲ များများစားစား ဖော်ပြခံရတာ မတွေ့ကြရပါဘူး။ 

အဓမ္မ စစ်သားစုဆောင်းမှုတွေ နဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ်က စုဆောင်းနေတာတွေနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်သေးသလို အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက စုဆောင်းတဲ့ အဖြစ်အပျက်တွေကိုလည်း တစွန်းတစမျှသာ ဖော်ပြနိုင်ကြတာ တွေ့နေကြရတာ ဖြစ်ပါတယ်။ 

ဒီနေ့ ဖတ်ရှုရတဲ့ သတင်းတပုဒ်မှာ ၂၀၂၅ ခုနှစ် မေလက နေ ၂၀၂၆ မေလကုန် တနှစ်သာသာ ကာလအတွင်း ရခိုင်လူမျိုး ၃၉၀၀ ကျော် အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်း စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် တပြည်နယ်လုံးနီးပါးကို Arakan Army က သိမ်းယူထားချိန်မှာ ရခိုင်လူမျိုး ၄၀၀၀ နီးပါးက ဘယ်လို စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသလဲလို့ မေးခွန်းရှိနေရာမှာ ရခိုင်ပြည်နယ် ပြင်ပမှာ နေထိုင်နေစဥ်၊ ရခိုင်ပြည်နယ် ပြင်ပသို့ စစ်ဘေးရှောင်စဥ် သွားလာနေထိုင်စဥ်မှာ ဖမ်းဆီးစုဆောင်းခံရ တာလို့ ဆိုပါတယ်။ 

ဒီလို သတင်းမျိုးတွေက နေ့စဥ်တွေ့မြင် ဖတ်ရှုကြရတဲ့ သတင်းခေါင်းစဥ်မျိုး မဟုတ်ပါဘူး။ အလားတူ တနယ်နဲ့ တနယ် လူသုံးကုန်၊ ရိက္ခာ နဲ့ လောင်စာဆီလို ကုန်ပစ္စည်းတွေ သယ်ယူကြရာမှာ လမ်းခရီးမှာ ကြုံတွေ့ရတဲ့ လမ်းပိတ်ဆို့မှု၊ လက်နက်ကိုင် အဖွဲ့တွေ အသီးသီးက ကောက်ခံတဲ့ အခွန်အကောက်တွေ၊ များပြားတဲ့ အခွန်အကောက်နှုန်း နဲ့ အဖွဲ့ပေါင်းများစွာရဲ့ အခွန်ဂိတ်ပေါင်းများစွာနဲ့ ကောက်ခံတာကြောင့် ကုန်ပစ္စည်းတွေ အပေါ် ထပ်ပြီးတင်လိုက်ကြတဲ့ ကုန်ပစ္စည်းတန်ဖိုးတွေရဲ့ ဝန်ကို ထမ်းကြရတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက ပြည်သူလူထုတွေ ရဲ့ အခြေအနေတွေလို သတင်းတွေက နေ့စဥ် သတင်းတွေထဲ ဖေါ်ပြပါရှိတာ နည်းပါးတာတွေ့ကြရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံ ဒေသအသီးသီးမှာ နေထိုင်ပြီး အသက်ရှင်သန်ဖို့ ခက်ခဲစွာ ကြိုးစားနေကြရတဲ့ ပြည်သူလူထုတွေအနေနဲ့ ၄င်းတို့ရဲ့ သားသမီးတွေ ပညာသင်ကြားရေးကို ဘယ်လို စီမံလုပ်ဆောင်နေကြသလဲ။ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာရေး၊ ဘေးကင်းရေး အတွက် ဘယ်လိုလုပ်ဆောင်မှုမျိုး ရှိနေသလဲ၊ လုပ်သင့်သလဲ စတဲ့ အကြောင်းအရာတွေ၊ လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ပညာသင်ကြားခွင့် မရကြတဲ့ ကျောင်းနေအရွယ် ကလေးသူငယ်တွေ၊ လူငယ်တွေ ဘယ်လောက်ရှိနေသလဲ ဆိုတာတွေက တခါတခါမှာ အကြောင်းအရာ ခေါင်းစဥ်လောက် သတင်းထဲ ပါဝင်လာပေမယ့်လို့ ပြည့်စုံစွာ ဖေါ်ပြနိုင်ခြင်း မရှိ၊ မဖေါ်ပြကြတာတွေ့နေကြရတာပါ။ 

အလားတူပဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း တချို့သော နိုင်ငံရေးစစ်ရေးနဲ့ ဆက်နွယ်နေတဲ့ သတင်းတွေမှာ တွေ့ကြရပေမယ့် အပြင်မှာ မြေပြင်မှာ အမှန်တကယ် ဖြစ်ပွားနေတဲ့ ဖြစ်စဥ်တွေ၊ စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေတွေကို ပြည့်ပြည့်စုံစုံ သတင်းအဖြစ် သို့မဟုတ် သတင်းဆောင်းပါးအဖြစ် တင်ဆက်နိုင်ကြတာ နည်းပါးနေတာတွေ့ရပါတယ်။ 

မိုးကုတ်က ပတ္တမြားတူးဖော်မှုတွေနဲ့ ပတ်သက်လို့ မိုးကုတ်မြို့ ပြန်မလွှဲမီနဲ့ လွှဲတဲ့အချိန်ကာလတွေမှာ လက်နက်ကိုင်တပ်ဖွဲ့ နိုင်ငံရေးအကြောင်းနဲ့ ဆက်စပ်လို့ ဖော်ပြခဲ့ကြပေမဲ့ အဲဒီနောက်ပိုင်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ထပ်မံ ဖတ်ရှု ကြားသိရခြင်း မရှိတော့တာ တွေ့ရပါတယ်။ 

အလားတူကချင်ပြည်နယ်က ဒေသအများအပြားမှာ ရွှေတူးဖော်မှုတွေကြောင့် စိုက်ပျိုးမြေတွေ၊ လူနေ ကျေးရွာ၊ သစ်တောတွေ ပျက်စီးနေသလို မြစ်ချောင်းတွေလည်း တိမ်ကောတာ အဆိပ်သင့်တာတွေ ဖြစ်ပွားနေတာ လူမှုကွန်ရက်မှာ တစွန်းတစ ပေါ်ထွက်လာတဲ့ ရေးသားမှု၊ ဓာတ်ပုံတွေအရ သိရပေမဲ့ ဒီအကြောင်းအရာကို အရေးတကြီး ကိစ္စတရပ်အနေနဲ့ ဖော်ပြပြောဆိုကြတာ သိပ်မတွေ့ရပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တခါတရံ ပွတ်တိုက်မှု ဖြစ်တဲ့ သတင်းမျိုးနဲ့ ဆက်စပ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ ရွှေတူးဖော်မှုအကြောင်း ပါရှိလေ့ရှိပါတယ်။ 

ဒီနေ့ သတင်းတပုဒ်မှာ မူဆယ်မြို့နယ်ထဲက ကျေးရွာတရွာမှာ ရွှေတူးဖော်ခွင့်ကို ငွေကြေးနဲ့ ရောင်းချခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး KIA နဲ့ SSPP အောက်ခြေတပ်ဖွဲ့ဝင်တွေအကြား ပွတ်တိုက်မှု ဖြစ်ခဲ့တဲ့အကြောင်း သတင်းပါရှိတာ တွေ့ရပါတယ်။ 

ကချင်ပြည်နယ် ဒေသအများအပြားက မြေရှားတူးဖော်မှုတွေနဲ့ ပတ်ဝန်းကျင် အဆိပ်သင့်နိုင်တဲ့ အခြေအနေ၊ ဝ ပြည်က မြေရှားနဲ့ သတ္တုတူးဖော်မှုကနေ မြစ် ချောင်း အဆိပ်သင့်တဲ့ အဖြစ်အပျက်တွေလည်း မကြာခဏ သတင်းတွေမှာ တွေ့ရလေ့ ရှိပေမဲ့ ဒီအကြောင်းအရာတွေကို တစိုက်မတ်မတ် ဖော်ပြရေးသားတာမျိုးတော့ မတွေ့ကြရပါဘူး။ 

နောက် လူသိနည်း ဖော်ပြမှုနည်းတဲ့ အကြောင်းအရာတခုက လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မူးယစ်ဆေး ထုတ်လုပ် ဖြန့်ဖြူးမှု၊ သယ်ယူပြီး အိမ်နီးချင်းနိုင်ငံတချို့ကို ဖြတ်သန်းပို့ဆောင်မှု အကြောင်းတွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အချို့သော ဒေသတွေမှာ ထုတ်လုပ်ကြပြီး စစ်ပွဲတွေ နဲ့ လက်နက်ကိုင်အဖွဲ့တွေ အမျိုးမျိုး ထိန်းချုပ်ထားတဲ့ အခြေအနေကို အခွင့်ကောင်းယူကာ တနယ်က တနယ် သယ်ယူပြီး အိမ်နီးချင်းနိုင်ငံတွေကို ဖြတ်ကာ တင်ပို့နေကြတဲ့ အကြောင်းအရာတွေလည်း သတင်းတွေထဲ တွေ့ရနည်းတဲ့ အကြောင်းအရာတွေ ဖြစ်နေတာပါ။ 

အခုလို စစ်ဘေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဒဏ်၊ ကုန်စျေးနှုန်း မတန်တဆ ကြီးမြင့်မှု၊ ရာဇဝတ်မှုခင်း သိသာစွာ မြင့်တက်လာတာတွေရဲ့ အခြေအနေအောက်မှာ အသက်ရှင်သန်ဖို့ ကြိုးစား ရုန်းကန်နေကြရတဲ့ ပြည်သူတွေ အကြောင်းကို သတင်းဖော်ပြမှု ပိုမိုများပြားလာမှ တာဝန်ခံရမယ့် အဖွဲ့အစည်းတွေ လက်နက်၊ အုပ်ချုပ်မှုအာဏာ ရှိတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ အနေနဲ့ တာဝန်ခံမှု အတိုင်းအတာတခုထိ ရှိလာစေမှာ ဖြစ်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar