ရွှေကူမြို့ က ထွက်ခွာတိမ်းရှောင်ဖို့ အခက်အခဲကြုံနေတဲ့ မြို့ခံတွေ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၁ မြင်ကွင်း
(မိုးမခ) ဇွန် ၁၂ ၊ ၂၀၂၆
ရွှေကူမြို့ က ထွက်ခွာတိမ်းရှောင်ဖို့ အခက်အခဲကြုံနေတဲ့ မြို့ခံတွေ
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ တခုလက်အောက်မှာရှိတဲ့ တပ်ရင်း အမှတ် (၁၂) ရဲ့ တပ်ရင်းမှူး လက်မှတ်နဲ့ ရွှေကူမြို့မှာ နေထိုင်နေကြတဲ့ မြို့ခံတွေ မြို့ကနေ ထွက်ခွာတိမ်းရှောင်ကြဖို့ အသိပေးတဲ့ ထုတ်ပြန်ချက်တစောင် အင်တာနက် လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။
KIA ရဲ့ ထုတ်ပြန်ချက်မှာ ဇွန်လ ၈ ရက်နေ့က စတင်ပြီး ရွှေကူမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းအတော်များများကို အသုံးမပြုဖို့နဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွား လမ်းပိုင်းကိုသာ အသုံးပြုကြဖို့ ပါရှိတာဖြစ်ပါတယ်။ မြို့နဲ့ ဆက်သွယ်နေတဲ့ အဓိကဆက်သွယ်ထားတဲ့ ငွေအိုး-ကသာ ဘက်လမ်းပိုင်းကို သွားခွင့်မပေးတာကြောင့်လည်း မြို့ခံတွေအနေနဲ့ မြို့က တိမ်းရှောင်ဖို့ ဝန်လေးနေကြတယ်လို့ သတင်းဖေါ်ပြချက်တွေမှာ ဖေါ်ပြကြပါတယ်။
ရွှေကူမြို့နဲ့အနီးဆုံး မြို့တွေလို့ ဆိုရင် ဗန်းမော်၊ ကသာ မြို့ ၂ မြို့ဖြစ်ပြီး ဗန်းမော်က မြို့သိမ်းတိုက်ပွဲ ၁ နှစ်ခွဲကျော်ဖြစ်ပွားနေလို့ လူမနေနိုင်တဲ့မြို့ဖြစ်နေသလို ကသာမြို့ဟာလည်း လွန်ခဲ့တဲ့ ၄/၅ လ အတွင်း မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်တည်ငြိမ်ခါစမြို့ ဖြစ်နေတာကြောင့် ရွှေကူမြို့က မြို့ခံတွေ အနေနဲ့ တိမ်းရှောင်ဖို့ ရွေးချယ်စရာ မရှိတဲ့အနေအထားမျိုး ဖြစ်နေတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြို့ခံတွေအားလုံး အင်တာနက်ပေါ်က လူမှုကွန်ရက်က ထုတ်ပြန်ချက်တွေကို လူတိုင်း မသိရှိကြဘူးလို့လည်း အစောပိုင်း သတင်းဖော်ပြချက်တချို့မှာ ဖတ်ရှုရပါတယ်။
သို့ပေမဲ့ တဖြည်းဖြည်းနဲ့ KIA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မြို့လူထု သိရှိလာကြတဲ့တိုင် မြို့ကနေ ထွက်ခွာတိမ်းရှောင်ဖို့က ခက်ခဲတဲ့ ရွေးချယ်စရာ ဖြစ်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကတော့ မြို့ခံလူထုကို မြို့ကနေ ထွက်ပြေးတိမ်းရှောင်စရာ မလိုကြောင်း ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေကို စည်းဝေးခေါ်ပြီး စည်းရုံးပြောဆိုတယ်လို့ သတင်းတပုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
သတင်းဖော်ပြမှုမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အာဏာသိမ်းစစ်တပ် အနေနဲ့ မြို့ခံတွေကို လူသားဒိုင်းသဖွယ် လုပ်ဆောင်ချင်တာကြောင့်လို့ ယူဆကြောင်း မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ လူသားဒိုင်းအဖြစ် လုပ်ဆောင်ဖို့ ရည်ရွယ်တာ၊ မရည်ရွယ်တာက ပြဿနာတရပ်ဖြစ်ပြီး မြို့ခံတွေအနေနဲ့ ဘယ်လောက်ကြာကြာ တိမ်းရှောင်ရမလဲ ဆိုတဲ့ အချိန်ကာလ အတိုင်းအတာကိုလည်း တွေးဆချင့်ချိန်ရတဲ့ အနေအထားဖြစ်ပါတယ်။
မြို့ကနေ လနဲ့ နှစ်နဲ့ချီ တိမ်းရှောင်ကြရတဲ့အခါ နေအိမ်တွေ ပျက်စီးတာ၊ ပိုင်ဆိုင်မှု အသုံးအဆောင်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ အရင်းအနှီးတွေ အားလုံးပျက်စီးဆုံးရှုံးမဲ့ အရေးကိုလည်း တွေးပြီး စိုးရိမ်ပူပန်ကြတာ ဖြစ်ပါတယ်။ အသက်ထက် အခြားဘယ်အရာမျှ တန်ဖိုးမရှိဘူးလို့ ဆိုရိုးစကားရှိပေမဲ့လို့ ခုနှစ်ကာလတွေအတွင်း ဖြစ်ပွားနေတဲ့ မြို့သိမ်းတိုက်ပွဲ၊ နယ်သိမ်းတိုက်ပွဲတွေအတွင်း မြို့တွေ ရွာတွေ ပျက်စီးပြီးနောက် အဲဒီအပျက်အစီးကနေ ပြန်ရုန်းထဖို့ ခက်ခဲကြတာကိုလည်း ကိုယ်တိုင် မကြုံဖူးသေးရင်တောင်မှ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေထဲ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့နှစ်ကာလတွေအတွင်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလို့ မြို့ကနေ စွန့်ခွာကြတဲ့နောက် နေအိမ်တွေ ဖောက်ထွင်းခံရတာ၊ နေအိမ် မီးလောင် ပျက်စီးတာ၊ နေအိမ်တွေလိုပဲ ဈေးတွေလည်း ပျက်စီး၊ ဖောက်ထွင်း သယ်ဆောင်ခံကြရတဲ့ အဖြစ်တွေက မြို့အများအပြားမှာ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ ဖောက်ထွင်း ယူဆောင်တာနဲ့ ဖျက်ဆီးတာတွေကို စစ်တပ်လက်အောက်က လက်နက်ကိုင်တပ်တွေက ကျူးလွန်တာရှိသလို တောကြောင်လို့ ခေါ်ဆိုကြတဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ အသားကျနေတဲ့ လူ့အလွှာတခုက ခေတ်အပျက်၊ အုပ်ချုပ်ရေးပျက်ပြားချိန်မှာ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီဖြစ်စဥ်တွေ ဖြစ်ရပ်တွေက မြို့တွေမှာ တိုက်ပွဲဖြစ်လို့ ထွက်ခွာတိမ်းရှောင်ပြီးနောက်မှာ ဖြစ်နေကျ အဖြစ်အပျက်တွေ သဖွယ် မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်ပွားနေခဲ့ကြတာ တွေ့ရပါတယ်။
စီးပွားရေး အသက်မွေးဝမ်းကျောင်း၊ အသက်ရှင်သန်ရေး အကြောင်းအရာပြီးနောက်မှာ နောက်ထပ် အကြောင်းအရာတခုက ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေး ဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ စာသင်နှစ် ကျောင်းဖွင့်ပြီး သီတင်းတပတ် ကျော်ကျော်ကာလမှာ အခုလို မြို့ကတိမ်းရှောင်ဖို့ KIA ရဲ့ သတိပေးချက်က ကျောင်းသားမိဘတွေကိုလည်း ဆုံးဖြတ်ရခက်ခဲစေတာ ဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်ရင်း သားသမီးတွေရဲ့ ပညာသင်ကြားရေး ကြားမှာ လစ်ဟာသွားမှာကိုလည်း စိုးရိမ်ကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ နှစ်ဆန်းပိုင်းက မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာလည်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေချိန်ဟာ စာသင်နှစ်ကုန်ဆုံးခါနီး စာမေးပွဲဖြေဆိုခါနီး အချိန်ကာလဖြစ်တာကြောင့် မြို့ရဲ့ ရပ်ကွက်အချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ တိုက်ပွဲမဖြစ်တဲ့ ရပ်ကွက်အချို့မှာ ကျောင်းဖွင့်ပြီး စာမေးပွဲ စစ်မေးခဲ့ကြတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံက လူထုတွေအနေနဲ့ ပြည်တွင်းစစ်ပွဲတွေ အတွင်း စစ်ပွဲတွေရဲ့ အခြေအနေအောက်မှာပင်လျှင် ရှင်သန် နေထိုင်နိုင်ဖို့ အခုလို နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစား ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်အဖို့ ရွှေကူမြို့ထဲကို မဘိမ်းမြို့ဘက်က ဝင်ရောက်လာတဲ့ တပ်ကူတွေ ရောက်ရှိလာတာကြောင့် မြို့ကို ခံစစ်ပြင် ခုခံကာကွယ်မဲ့ အနေအထားလို့ မှန်းဆနိုင်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ရွှေကူနဲ့ သိပ်မဝေးတဲ့ ဗန်းမော်မြို့က မြို့သိမ်းတိုက်ပွဲကိုလည်း အင်အားအကူအညီပေးဖို့ ရည်ရွယ်ချက် ရှိကောင်း ရှိနိုင်သလို ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အစပ်၊ ကချင်နဲ့ ရှမ်းမြောက် အစပ်ဒေသကို အင်အားဖြည့်တင်းပြီး ဖြစ်တဲ့နည်းနဲ့ ခုခံတိုက်ခိုက်မယ့် အနေအထားမျိုး မြင်တွေ့နေရပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်း မှာ ရှိတဲ့ ရွှေကူမြို့ ရဲ့ အခြေအနေက လာမဲ့သီတင်းပတ်တွေအတွင်း အပြောင်းအလဲတွေ ပိုပြီးဖြစ်ပွားလာနိုင်တယ်လို့ လည်း ခန့်မှန်းကြည့်ရတဲ့ အနေအထားဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar