Breaking News

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးမူဝါဒနဲ့ ကြားကာလအုပ်ချုပ်ရေး ပြဿနာ

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၇ မြင်ကွင်း

(မိုးမခ) ဇွန် ၈ ၊ ၂၀၂၆


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးမူဝါဒနဲ့ ကြားကာလအုပ်ချုပ်ရေး ပြဿနာ

မကြာသေးခင်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေ၊ ဒေသတွေမှာ ကျောင်းအပ်နှံထားတဲ့ ပုလဲမြို့နယ်ထဲက ဒေသခံတွေအနေနဲ့ အာဏာသိမ်းစစ်အစိုးရ လက်အောက်က ကျောင်းတွေမှာ အပ်နှံထားခဲ့ရင် တလခန့် အချိန်ကာလအတွင်း ပြန်လည်ခေါ်ယူပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက် ကြားကာလ ပညာရေးကျောင်းတွေမှာ အပ်နှံဖို့နဲ့ အဲဒီလို လုပ်ဆောင်ခြင်းမရှိခဲ့ရင် စစ်တပ် ထိန်းချုပ်နယ်မြေက စစ်ကောင်စီကျောင်းတွေမှာ ပညာသင်ကြားနေတဲ့  ကျောင်းသား/သူတွေ အနေနဲ့ တော်လှန်ရေး မပြီးမချင်း တော်လှန်ရေးနယ်မြေသို့ ပြန်မလာကြဖို့  ဆိုတဲ့ အမိန့်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်ထုတ်ပြန်ချက်ထုတ်ရတဲ့ အကြောင်းရင်းကို တော်လှန်ပြည်သူများ၏ လုံခြုံရေးစည်းမကျိုးပေါက်စေရန်လို့ လုံခြုံရေးအကြောင်းပြပေမဲ့ ဘယ်လို ဘယ်ပုံ လုံခြုံရေးစည်း ကျိုးပေါက်သလဲ၊ လုံခြုံရေးစည်း ကျိုးပေါက်မှုတွေနဲ့ စစ်တပ်ထိန်းချုပ်မှုအောက်က ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့သူတွေ ဆက်စပ်မှု၊ သာဓက ဖြစ်ရပ် စတဲ့ အချက်အလက် အကျိုးအကြောင်းပြဆိုမှု တခုတလေမျှ ပါဝင်ခြင်း မရှိတာလည်း တွေ့ကြရပါတယ်။ 

ဒီအမိန့်ပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ သတင်းဌာနတွေလည်း သတင်းဖော်ပြခဲ့ကြပြီး ဖြစ်သလို ဝေဖန်ထောက်ပြတာ၊ ရှုတ်ချတာတွေလည်း ကြားသိခဲ့ကြရပြီး ဖြစ်ပါလိမ့်မယ်။ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ တခုကတော့ ဒီထုတ်ပြန်ချက်ကို ဆန့်ကျင်ကြောင်း လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တားဆီးပိတ်ပင်တဲ့ ဘယ်လို ထုတ်ပြန်ချက်မျိုးမဆို ဆန့်ကျင်ကြောင်း ကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ပြောခွင့်ရှိသူကလည်း အဆိုပါထုတ်ပြန်ချက်ဟာ စစ်အုပ်စုနဲ့ မခြားနားဘူးလို့ ဝေဖန်ပြောဆိုထားတာကို သတင်းဖော်ပြမှုတခုမှာ တွေ့ရှိရပါတယ်။ 

ဒီပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရဲ့ အမိန့်ထုတ်ပြန်ချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒနဲ့ ကိုက်ညီလား၊ စစ်ကိုင်းကြားကာလ ဖက်ဒရယ်ယူနစ်အစိုးရရဲ့ မူဝါဒ သဘောထားနဲ့ရော ကိုက်ညီရဲ့လား စတဲ့မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပေမဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ပုလဲပအဖ ရဲ့ ပညာသင်ကြားမှုနဲ့ဆိုင်တဲ့ အမိန့်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက်ပြောဆိုတာ၊ ထိန်းကျောင်းတာ လူအများအနေနဲ့ မတွေ့ကြရပါဘူး။ ပုလဲမြို့နယ်လို မြို့နယ်တခုရဲ့ ပအဖ အဖွဲ့အနေနဲ့ ဖက်ဒရယ်ယူနစ် အစိုးရကို ကျော်လွန်ပြီး သို့မဟုတ် နောက်တဆင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကျော်လွန်ပြီး အခုလို ပညာရေးမူဝါဒကို ထိပါးစေနိုင်တဲ့ အမိန့်ထုတ်ပြန်ချက်မျိုး ထုတ်ခွင့်ရှိသလား ဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေတာပါ။ 

ကြားကာလ တနည်းအားဖြင့် တော်လှန်ရေးကာလ အတွင်းမှာ မြို့နယ်အလိုက် သို့မဟုတ် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အလိုက် အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်ကြတာ လိုအပ်ချက်အရ လုပ်ပိုင်ခွင့်အရ လုပ်ကြတဲ့ သဘောလို့ နားလည်ပေးနိုင်ပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ချမှတ်ထားတဲ့ မူဝါဒမျိုးကို ထိခိုက်စေနိုင်တဲ့ သို့မဟုတ် လူ့အခွင့်အရေး၊ အခြေခံအခွင့်အရေးတွေကို ထိပါးစေနိုင်တဲ့ အမိန့်မျိုးကို မြို့နယ် ပအဖ အဖွဲ့လိုမျိုးက ထုတ်ပြန်တာက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ 

ပညာသင်ကြားရေးကို ဘယ်အစိုးရအောက်က ပညာရေးကို မသင်ယူရ၊ မသင်ကြားရ ဆိုတာတွေက ပညာရေးရဲ့ အခြေခံ အနှစ်သာရကို နားမလည်ရာကျသလို၊ တော်လှန်ပြည်သူများရဲ့ လုံခြုံရေး ဆိုတဲ့ တိကျရေရာစွာ ရှင်းမပြနိုင်တဲ့ အကြောင်းပြချက်နဲ့ ပညာသင်ကြားမှု အခွင့်အရေးကို ပိတ်ပင်တာဟာ လိုအပ်တာထက် ပိုပြီး အာဏာပြတာ၊ ဘောင်ခတ်တာ၊ ပြည်သူအချင်းချင်း သဘောထား ကွဲအောင် လှုံ့ဆော်ရာလည်းကျတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အခုလို ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အများပြည်သူကို ရှင်းလင်းပြောဆိုဖို့လည်း လိုအပ်တယ်လို့ ဆိုချင်ပါတယ်။ မြို့နယ်အဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတခုရဲ့ လုပ်ပိုင်ခွင့်၊ အစိုးရတရပ်ရဲ့ မူဝါဒ အဆိုပါ အကြောင်းအရာ ၂ ရပ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဖြေရှင်းပြောဆိုဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ 

ကြားကာလ အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ အခြေအနေမျိုးမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အခွန်အကောက် ကောက်ခံတာ၊ ခွဲဝေသုံးစွဲတာတွေနဲ့ ပတ်သက်လို့ ပြဿနာတွေ သတင်းမီဒီယာ ဖော်ပြမှုတွေမှာ တွေ့ရလေ့ရှိပါတယ်။ အာဏာ အလွဲသုံးတာ၊ အခွန်အကောက် ကောက်ခံမှု၊ သယံဇာတ အလွန်အကျွံ ထုတ်ယူမှု၊ သယံဇာတ ထုတ်ယူမှုကနေ ရရှိတဲ့ အခွန်ငွေတွေကို အလေအလွင့်မရှိဖို့နဲ့ မျှတစွာ ခွဲဝေဖို့ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြဿနာ ပေါ်ထွက်လာကြတာ တွေ့ကြရတာ ဖြစ်ပါတယ်။ 

အချို့ ဘေးမဲ့သစ်တောနယ်မြေတွေကနေ အလွန်အကျွံ သစ်ထုတ်ယူပြီး တော်လှန်ရေးလက်နက်ကိုင်နယ်မြေ၊ စစ်တပ်ထိန်းချုပ်နယ်မြေ အသီးသီးကို ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နေကြတာမျိုး၊ ရွှေ၊ သတ္တုနဲ့ တွင်းထွက်တွေ အလွန်အကျွံတူးဖော်မှုကြောင့် မြစ်၊ ချောင်းတွေ ပျက်စီးမှုတွေက တိုင်းရင်းသား ယ်မြေ အချို့မှာလည်း ဖြစ်ပွားနေသလို NUG အစိုးရ လက်အောက်က PDF တပ် ထိန်းချုပ်နယ်မြေတွေမှာလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အချို့သောနယ်မြေမှာ သယံဇာတ ထုတ်ယူတာထက် ဆိုးရွားတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချတဲ့ အဖြစ်အပျက်တချို့တောင် ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တာ တွေ့ကြရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အခုလို အနေအထားတွေကို ထိန်းကျောင်းကြပ်မတ်ဖို့ အားကောင်းတဲ့မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေ ခိုင်ခိုင်မာမာ ရှိဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ အများပြည်သူအနေနဲ့ အခုလို အားနည်းချက်တွေ၊ အရေးယူ ကိုင်တွယ်ရမဲ့ ကိစ္စတွေ၊ မူဝါဒအရ ထိန်းကျောင်းရမဲ့ အကြောင်းကိစ္စတွေ ပေါ်လာရင် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ဖို့ လူအများက မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။ 

ကြားကာလအစိုးရ ဖြစ်တာကြောင့် ပုံမှန်အခြေအနေ အစိုးရတရပ်လို မကိုင်တွယ်နိုင်တာကို အတိုင်းအတာတခုထိ နားလည်ပေးနိုင်ပေမဲ့ အခု ဖြစ်ရပ်ဖြစ်တဲ့ ပုလဲမြို့နယ် ပအဖက ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်လိုမျိုးဟာ အစိုးရရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုမျိုး ဖြစ်ပါတယ်။ 

မကြာသေးခင်က ထုတ်ပြန်တဲ့အမိန့်နဲ့ ပတ်သက်လို့ ပုလဲ ပအဖ အနေနဲ့ အမိန့်ထုတ်ထားတဲ့အတိုင်း ဆက်လက်ဖော်ဆောင်မှာလား သို့မဟုတ် အမိန့်ကို လက်တွေ့ မကျင့်သုံးဘဲ ဒီအတိုင်း ထားလိုက်မလား ဆိုတာတော့ လောလောဆယ် မသိနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar