Breaking News

ဖလော်ဒါဟန် - ဗဟန်းအိမ်မှာ ပြန်ဆုံချင်ပါသေးတယ်



ဖလော်ဒါဟန် - ဗဟန်းအိမ်မှာ ပြန်ဆုံချင်ပါသေးတယ်

မိုးမခ ၊ ဇွန် ၉ ၊ ၂၀၂၆


အခုတလော ကျွန်မသိမ်းထားသည့် ဓာတ်ပုံတစ်ပုံကို အသည်းအသန် ရှာနေခဲ့သည်။ မတွေ့ပါ။ ဒီကနေ့တော့ မရှာဘဲ တွေ့လာသည်။ ကျွန်မ စာရေးချင်သည်။

၂၀၁၆ ခုနှစ် ပြည်သူ့အစိုးရလက်ထက် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ခရီးစဉ်ပါ။ ထိုခရီးစဉ်သည် ယခုလိုကာလ မိုးဖွဲဖွဲလေးကျချိန် ဖြစ်မလားဘဲ။ ခရီးစဉ်၌ မိုဒီသည် နိုင်ငံတော်အတိုင်ပင်ခံ ငယ်စဉ်က နေခဲ့ဖူးသည့်အိမ်ကို တကူးတက လာခဲ့သလား။ ကျွန်မအထင်တော့ အိန္ဒိယကလေးများအတွက် အိန္ဒိယပြဋ္ဌာန်းစာအုပ်မှာ ထည့်သွင်းသင်ကြားနေသည့် ကမ္ဘာမှာအသက်အငယ်ဆုံး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်မှု ဘဝပုံစံကို လေ့လာလို၍လည်း ဖြစ်မည်ထင်ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုအိမ်ကြီးမှာ အချိန်အတော်ကြာ စကားတွေ ပြောခဲ့ကြသည်။ အိမ်ဝန်းကျင် ကွန်ကရစ်လမ်းလေးအတိုင်း လမ်းလျှောက်ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘေးနားမှာ မရှိပါ။ ပြောဆိုသည့် စကားများကို ဘယ်သူမှ မသိ၊ မကြားလိုက်ရတဲ့ စကားတွေ ပြောခဲ့ဖူးသည်။

ထို့နောက် အိမ်ကြီးရဲ့ အပေါ်စီး ဝရန်တာကနေ ဦးအောင်ဆန်းလင်း ရုတ်တရက် ရေနစ် သေဆုံးခဲ့ရတဲ့ ရေကန်ကြီးကိုလည်း လှမ်းကြည့်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆွေးနွေးကြလိမ့်မည်ဟု ထင်မိသည်။

ကျွန်မ မှတ်မိနေသည်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ၏ ၅ နှစ်တာ သက်တမ်းမှာ အာဇာနည်နေ့အခမ်းအနားမတိုင်ခင် တစ်ရက်အလို ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို လာရောက်ခဲ့တာရယ်၊ အစိုးရသက်တမ်း တစ်နှစ်ခြားပြီးချိန် မိုဒီနဲ့ တွေ့ဆုံခဲ့သည့် ခရီးစဉ်ရယ်၊ ၂ ကြိမ်လာခဲ့ခြင်းက မှတ်မှတ်ထင်ထင်လို့ ပြောရမလားဘဲ။

ယခင်အချိန်များက ကျွန်မအတွက် ဗိုလ်ချုပ်နေအိမ် ပြတိုက်သည် မစိမ်းသည့် နယ်ပယ်ပါ။ ဤအိမ်ကြီးကနေ အလုပ်တက်ရသည်။ ဤအိမ်ကြီးကို စောင့်ရှောက်ရသည်။ အခုတော့ ကျွန်မတို့ ဗိုလ်ချုပ်အိမ်ကြီးကို အပြော၊ အရေးဖြင့်သာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်တော့သည်။

အထက်မှ အကြောင်းအရာနှင့် ဆက်ရမည်ဆိုလျှင် မအလ အိန္ဒိယခရီးစဉ်သွားချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ သိရှိလိုခြင်းသည်လည်း မိုဒီအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခု ဖြစ်ပါလိမ့်မယ်။

သမ္မတတစ်ယောက်ကို ဖိတ်ကြားခြင်းထက် မြန်မာ့အရေးနှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းဆွေးနွေးသည့် သဘောမျှလို့လည်း ထင်မိပါသည်။ တစ်ချိန်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြောဆိုဆွေးနွေးခဲ့ဖူးသည့် မြန်မာ့အရေးသည် ယနေ့အချိန်မှာ ပျောက်ကွယ်သွားခဲ့သည်။ မိုဒီသည် နိုင်ငံတော်အတိုင်ပင်ခံအကြောင်းကို သိချင်မည်ဖြစ်သည်။

မအလသည် နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပတ်သက်လို့ တွေ့လိုသူ၊ လာရောက်သူအားလုံးကို မရေရာလှသည့် စကားအပြောအဆိုများသာမက ဝေ့လည်ကြောင်ပတ် လုပ်လေ့ရှိသည့် အဖြေများ ပေးခဲ့သည်ကို သိထားပြီး ဖြစ်ပါလိမ့်မည်။

နိုင်ငံတကာစာမျက်နှာမှာ အိန္ဒိယအစိုးရသည် သမ္မတအတုကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ နောက်ကွယ်မှာ အတိုင်ပင်ခံရဲ့ လက်ရှိဘဝနဲ့ အခြေအနေကို သိရှိလို၍လည်း ဖြစ်ဖို့များမယ်ထင်ပါသည်။ ဒါကလည်း စာရေးသူရဲ့ အမြင်ကို ပြောခြင်းပါ။

နိုင်ငံတော်အတိုင်ပင်ခံရဲ့ အသက် ၈၁ နှစ်မြောက် မွေးနေ့ရောက်ဖို့ ရက်ပိုင်းအလိုမှာ မအလကို အိန္ဒိယအစိုးရမှ ဖိတ်ခေါ်ခဲ့ခြင်းသည် တစ်စုံတစ်ရာသော အကြောင်းအရာအောက်မှာ အကန့်အသတ်တစ်ခုကို ဖယ်ရှားပေးဖို့လည်း ပါမည် ထင်ပါသည်။

မအလအတွက် အိန္ဒိယခရီးစဉ်သည် ပထမဆုံးအကြိမ် ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်မည်ထင်ပါသည်။

သမ္မတသည် သမ္မတအလုပ်ကို လုပ်ခြင်းဖြင့် သက်တမ်းတစ်ခုကို တည်ဆောက်နိုင်သည်။

သို့မဟုတ်ပါက လူတစ်ယောက်သည် ယုတ်မာသည့်စိတ်ဖြင့် မိမိအာဏာကို ခိုင်မြဲဖို့ ကြိုးစားနေမည်ဆိုပါက ပြည်သူတွေ ဆင်းရဲတွင်းနက်လို့ ဒုက္ခမျိုးစုံခံရဖို့ပဲ ရှိတော့မည်။

မိုဒီနဲ့ မအလ တွေ့ဆုံသည့်ပွဲသည် လူအများအတွက်တော့ ရလဒ်ကောင်းမဟုတ်နိုင်ပေမဲ့ ကျွန်မအတွက်တော့ ၈၁ နှစ်မြောက် အမေအိုမွေးနေ့မှာ တစ်ခုခု ထူးခြားလာလေမလားလို့ မျှော်လင့်နေမိသည်။

အမေအို ကျန်းမာပါစေ။

အာဏာရှင်များလက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။

ဗဟန်းအိမ်မှာ အမေနဲ့ ပြန်ဆုံချင်ပါသေးတယ်။


ဖလော်ဒါဟန်

၇.၆.၂၀၂၆


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar