ရွှေကူမြို့နေ လူထုကို မြို့မှ ထွက်ခွာတိမ်းရှောင်ဖို့ KIA လက်နက်ကိုင်တပ်က အမိန့်ထုတ်
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၈ မြင်ကွင်း
(မိုးမခ) ဇွန် ၉ ၊ ၂၀၂၆
ရွှေကူမြို့နေ လူထုကို မြို့မှ ထွက်ခွာတိမ်းရှောင်ဖို့ KIA လက်နက်ကိုင်တပ်က အမိန့်ထုတ်
ပြီးခဲ့တဲ့ရက်တွေအတွင်း ရွှေကူမြို့အနီးက ပေါင်းစပ် ၅ လမ်းဆုံမှာ စစ်တပ်နဲ့ KIA တပ်တို့ တိုက်ပွဲပြင်းထန်နေခဲ့ရာက ဇွန်လ ၈ ရက်နေ့မှာတော့ မြို့နေလူထု အနေနဲ့ မြို့မှ ထွက်ခွာတိမ်းရှောင်ကြဖို့ မြို့အထွက်လမ်းတွေ အနက်က ရွှေကူအဝင်လမ်း၊ ငအိုး-ရွှေကူလမ်းတွေကို သွားလာခွင့် ပိတ်လိုက်ပြီး မြို့ခံများအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွား လမ်းပိုင်းကိုသာ အသုံးပြုပြီးထွက်ခွာကြဖို့ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ တပ်မဟာ ၁၁ အောက်ရှိ တပ်ရင်း အမှတ် ၁၂ ရဲ့ တပ်ရင်းမှူး လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိအနေအထားမှာ ရွှေကူမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်ဘက်က ထိန်းချုပ်ထားပြီး မဘိမ်းမြို့နဲ့ ရွှေကူအကြား ငအိုးဒေသကနေ အာဏာသိမ်းစစ်တပ်ဘက်က စစ်ကြောင်းထိုးလာရာက ခုရက်ပိုင်းအတွင်း ရွှေကူမြို့ကို ရောက်ရှိခဲ့တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။ ရွှေကူမြို့ဟာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ ပါရှိတဲ့ မြို့နယ်တခုဖြစ်ပြီး ၂၀၁၉ ခုနှစ် စာရင်းအင်းအချက်အလက်တွေအရ မြို့နယ်တခုလုံး လူဦးရေ ၉ သောင်းဝန်းကျင် ရှိတဲ့အနက် ဗမာလူမျိုး ၉၀ ရာနှုန်းကျော် ရှိပြီး ကချင်လူမျိုး ၅ ရာနှုန်းခန့်နဲ့ အခြားသောလူမျိုးတွေ နေထိုင်ကြတဲ့မြို့ နယ်လို့ သိရပါတယ်။
ရွှေကူမြို့ရဲ့ အနောက်မြောက်ဘက်မှာ မကြာသေးတဲ့ လပိုင်းက စစ်တပ်ဘက်က ပြန်တိုက်ခိုက်သိမ်းယူခဲ့တဲ့ အင်းတော်မြို့ရှိပြီး အရှေ့ဘက်မှာတော့ ဧရာဝတီမြစ်ကြောင်းအတိုင်း အနည်းငယ်ဆန်တက်သွားရာမှာ ၁ နှစ်ခွဲကျော် KIA တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ဗန်းမော်မြို့ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မန္တလေး-မိုးကုတ်လမ်းအတိုင်း မြို့တွေနဲ့ ဧရာဝတီမြစ်အရှေ့ဘက်က ကားလမ်းတလျှောက်ကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ တကောင်းမြို့ကို စစ်တပ်က ပြန်သိမ်းယူခဲ့တဲ့နောက် အခုလို ၄င်းတို့ ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ နဲ့ တဆက်တစပ်ထည်း ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး စစ်ကြောင်းထိုးလာတဲ့ သဘောလို့ ကောက်ချက်ချ ရပါတယ်။
ရွှေကူမြို့ထက်ကြီးပြီး ခရိုင်မြို့ ဖြစ်တဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲကို KIA လက်နက်ကိုင်တပ်ဖွဲ့က ၂၀၂၄ ခုနှစ် အကုန်မှာ စတင်ဆင်နွှဲခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်က အပြင်းအထန် ခုခံတိုက်ခိုက်နေခဲ့ရာမှာ ခုအချိန်ထိ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ အလုံးစုံထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ဗန်းမော်မြို့တမြို့လုံး ပျက်စီးသွားတဲ့အခြေအနေကို ရောက်နေတာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ လဝန်းကျင် စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင်ရက်ပိုင်းအတွင်း ကသာမြို့ကို KIA နဲ့ NUG လက်အောက်က PDF, ABSDF တို့ ပူးပေါင်းတပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်ခဲ့ပေမယ့် အပြီးတိုင် သိမ်းယူနိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာပေးခဲ့ရပါတယ်။
မြို့သိမ်းတိုက်ပွဲတွေက ဒေသခံလူထုအဖို့ တော်လှန်ရေးကို ထောက်ခံမှုလျော့ကျစေမလား
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်လှန်ရေး လက်နက်ကိုင် တပ်တွေ လူအင်အား၊ လက်နက်အင်အား တရှိန်ထိုး မြင့်တက်လာပြီးနောက် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာခဲ့ကြတာ ဖြစ်ပါတယ်။ နှစ် ၇၀ ကျော် ၈၀ နီးပါး ပြည်တွင်းစစ်ကာလအတွင်း မြို့သိမ်းတိုက်ပွဲတွေ ဖေါ်ဆောင်နိုင်တဲ့အနေအထားဟာ ၁၉၄၉ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖဆပလ အစိုးရလက်ထက် ပြည်တွင်းစစ်ကာလနဲ့ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးလို့ ခေါ်တဲ့ လက်နက်ကိုင်လမ်းစဥ်နဲ့ အာဏာသိမ်းစစ်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်တဲ့ ပြည်တွင်းစစ်ကာလတို့သာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း အရှိန်အဟုန်နဲ့ မြို့ တမြို့ပြီးတမြို့ စစ်တပ်စခန်း၊ တပ်ရင်းတွေ သိမ်းယူနိုင်ခဲ့ပြီး အဲဒီ ဒီရေဟာ ၂၀၂၄ နှစ်လယ်နဲ့ နှစ်ကုန်ခါနီးကာလလောက်အထိ မြို့အရေအတွက် ၉၀ ကနေ ၁၀၀ ဝန်းကျင်ထိ သိမ်းယူနိုင်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တနှစ်သာသာမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်နဲ့အတူ လားရှိုးမြို့ကို ပြန်လည်လွှဲအပ်ပေးဖို့ သဘောတူညီခဲ့ချိန်က စပြီး ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်တန့်သွားခဲ့ပြီး တိုက်ခိုက်သိမ်းယူထားတဲ့ မြို့တွေအနက် အနည်းငယ်သောမြို့တွေကို အပစ်ရပ် သဘောတူညီမှုမှာ အပေးအယူလုပ်ဖို့ ပြန်လည်လွှဲပေးရတဲ့ အနေအထားမျိုး ဖြစ်လာခဲ့တာပါ။
ဒီနောက် ၂၀၂၅ ခုနှစ် အစကနေ ယခု ၂၀၂၆ ခုနှစ်လယ်ကာလတွေအတွင်း အချို့သောမြို့တွေကို အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူလာခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်က မြို့အချို့ ပြန်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ ပထမအကြိမ်အဖြစ်နဲ့ တိုက်ခိုက်ကြတာ၊ တိမ်းရှောင်ကြရတာတွေအပေါ် မြို့ခံလူထုအနေနဲ့ စောဒကမတက်ခဲ့ကြပေမဲ့ သိမ်းယူထားတဲ့ မြို့တမြို့ကို တကြိမ်လက်လွှတ်ရပြီးနောက်ထပ်တကြိမ် ပြန်လည်တိုက်ခိုက်တာမျိုး၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ပြီးနောက် အောင်မြင်မှုမရှိတဲ့ အခြေအနေမျိုး၊ ရက်ပိုင်း သို့မဟုတ် သီတင်းပတ် အနည်းငယ်လောက်သာ သိမ်းယူထားနိုင်တာမျိုး အနေအထားတွေမှာ မြို့ခံလူထုအနေနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ မြို့သိမ်းဗျူဟာအပေါ် မေးခွန်းထုတ် ဝေဖန်လာတာလည်း တွေ့မြင်လာကြရပါတယ်။
တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအနေနဲ့ မြို့သိမ်းပြီးနောက်မှာ မြို့ ပြန်မကျအောင် လက်နက်၊ လူအင်အားအရရော ဗျူဟာအရပါ ထိန်းထားနိုင်ဖို့ လိုအပ်တယ်လို့ မြို့ခံလူထုအနေနဲ့ ရှုမြင်ကြပါတယ်။ အဲဒီလို အခြေအနေမျိုး မရှိဘဲ မြို့သိမ်းတိုက်ပွဲကို စစ်ရေးအရ စစ်မျက်နှာတခုထပ်ဖွင့်တဲ့ သဘော၊ နိုင်ငံရေးအရ ရန်သူအနေနဲ့ မြို့တွေကို မကျအောင် ထိန်းချုပ်မထားနိုင်ဘူးဆိုတာကို ပြသဖို့ ရည်ရွယ်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာမျိုး မဖြစ်စေချင်ကြတဲ့ သဘောပါ။
မြို့သိမ်းတိုက်ပွဲ တကြိမ်ဖြစ်တဲ့အခါ မြို့ခံတွေအဖို့ လူ့အသက်နဲ့ နေအိမ်၊ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ မွေးမြူထားတဲ့ ကျွဲ နွား၊ စိုက်ပျိုးသီးနှံတွေ အားလုံးကို လောင်းကြေးထပ်ထားရသလို အနေအထားနဲ့ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်တဲ့အနေအထားမှာတောင် အသက်ရှင်သန် ရပ်တည်ဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုးဖြစ်ပြီး မြို့တွေ၊ နေအိမ်တွေ၊ ပိုင်ဆိုင်တဲ့ လူသုံးကုန်ပစ္စည်းအသုံးအဆောင်တွေ မသယ်နိုင်ဘဲ ထားခဲ့ရတဲ့နောက် မြို့မှာ တိုက်ပွဲငြိမ်လို့ ပြန်ဝင်ရောက်ခွင့် ရတဲ့အချိန်မှာ ဘဝကို အစကနေ ပြန်စကြရတဲ့ အနေအထား ဖြစ်ပါတယ်။ တကြိမ် တခါ တိမ်းရှောင်ရတာအတွက် အပြစ်မတင်လိုသည့်တိုင် တကြိမ်မက မြို့ကနေ တိမ်းရှောင်ရတဲ့ အဖြစ်မျိုး၊ မြို့မှာ လက်နက်ကိုင် ၂ ဖွဲ့အပြန်အလှန် တိုက်ခိုက်ကြတဲ့ အဖြစ်မျိုးဆိုခဲ့ရင် လူနေအိမ် မဆိုထားနဲ့၊ ဘာသာရေး အဆောက်အဦတွေ ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်း စတဲ့ အဆောက်အဦတွေပါ အလုံးစုံပျက်စီးမှုနဲ့ ကြုံတွေ့ကြရတာပါ။
ဒီအခြေအနေတွေကြောင့် မြို့သိမ်းတိုက်ပွဲတွေက စစ်ရေး ပရိယာယ်အရ ဖော်ဆောင်တာမျိုး မဖြစ်သင့်ဘဲ လက်တွေ့ကျကျ စဥ်းစား အကဲဖြတ်ပြီး သိမ်းယူပြီးနောက် ရေရှည်ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုးရှိမှ မြို့သိမ်းတိုက်ပွဲတွေကို ဖော်ဆောင်ဖို့ လူထုအနေနဲ့ လိုလားတာ တွေ့ကြရပါတယ်။ အဲဒီလို မဟုတ်ဘဲ မကြာခဏ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလိုက်၊ ပြန်လက်လွှတ်ရလိုက် အနေအထားမျိုး ဖြစ်လာခဲ့ရင် မြို့နေလူထု အနေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ထောက်ခံမှု ကျဆင်းလာနိုင်တာလည်း ဖြစ်ပါတယ်။
အခုလို ရွှေကူမြို့ကနေ မြို့နေလူထု ထွက်ခွာတိမ်းရှောင်ပေးဖို့ KIA လက်အောက်က တပ်ရင်း တရင်းရဲ့ တပ်ရင်းမှူး လက်မှတ်နဲ့ ကြေညာချက်က ဘယ်လို သဘောဆောင်သလဲ ၊ ရွှေကူမြို့ကို အမှန်တကယ် တိုက်ခိုက်သိမ်းယူနိုင်မဲ့ အနေအထား ဟုတ်ရဲ့လား၊ ဗန်းမော်မြို့မှာ ရင်ဆိုင်နေကြတဲ့ တနှစ်ခွဲနီးပါး ကြာမြင့်လာတဲ့ မြို့သိမ်းတိုက်ပွဲကနေ စစ်မျက်နှာ နောက်တခုဖွင့်တဲ့ သဘောလားဆိုတဲ့ မေးခွန်းတွေလည်း ဒီဒေသမှာ နေထိုင်ကြသူတွေထံက ထွက်ပေါ်လာစရာ ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar