Breaking News

မောင်လူမွှေး - အသက်ရှူကြပ်ရပုံတွေ


မောင်လူမွှေး - အသက်ရှူကြပ်ရပုံတွေ

မိုးမခ ၊ ဇွန် ၈ ၊ ၂၀၂၆


ကလေးတွေ လမ်းမပေါ်မှာ တန်းစီသွားနေကြတယ်။ မိန်းကလေးတွေက ထဘီလေးတွေနဲ့၊ ယောက်ျားလေးတွေက ပုဆိုးလေးတွေနဲ့။ အလယ်တန်းအရွယ်ဆိုတော့ ထဘီ၊ ပုဆိုးကို သေသေသပ်သပ် ဝတ်တဲ့သူက နည်းသေးတယ်။ ဒီအရွယ်တွေဆိုတာ တကမ္ဘာလုံးနီးပါးမှာ ဘောင်းဘီဝတ်ကြတာ၊ တီရှပ်ဝတ်ကြတာ ဆယ်စုနှစ်ချီ ကြာခဲ့ပါပြီ။ လွတ်လပ်ပေါ့ပါးတဲ့ ဘောင်းဘီဟာ ကမ္ဘာ့အဝတ်အစား ဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ပုံမှန်အခြေအနေဆိုရင် ဘာမှမပြောလိုပေမဲ့ လေယာဉ်လာရင် အချိန်မရွေး ပြေးလွှားရတဲ့နယ်မြေမှာ ကလေးတွေကို ထဘီ၊ ပုဆိုးဝတ်ပြီး ကျောင်းတက်ရမယ် ဆိုတဲ့ ယဉ်ကျေးမှုချစ်စိတ်ကြီးတဲ့ ဆရာ၊ ဆရာမတွေကို ဩချပြီး ချီးမွမ်းမိပါတယ်။ မောင်လူမွှေးတို့နိုင်ငံမှာ မ.ဘ.သ လို အဖွဲ့ပေါ်တာ မဆန်းပါဘူးလို့ တွေးရင်း အသက်ရှူကြပ်ရပါတယ်။

ပြီးခဲ့တဲ့နှစ်က မောင်လူမွှေး စစ်ရှောင်စခန်းလေးတစ်ခုကို ညအိပ်သွားရင်း ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုကို အမှတ်ရမိတယ်။ စစ်ရှောင်စခန်းမှာ နည်းနည်းချောင်လည်တဲ့ မိသားစုတစ်စု ရှိတယ်။ တကယ်တော့ သူတို့ဟာ ချောင်လည်တာသာဖြစ်ပြီး ပိုက်ဆံချမ်းသာတာ မဟုတ်ပါဘူး။ တသက်လုံး ထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာနဲ့ လုပ်ရပ်ကြောင့် မိတ်ဆွေအချို့က လုပ်စားစရာ အခင်းပေးထားတယ်။ မိတ်ဆွေအချို့က သမီးကို နိုင်ငံခြားသွားနိုင်အောင် ပိုက်ဆံစိုက်ထုတ်ပေးတယ်။ အလုပ်ကို စနစ်တကျ ရိုရိုကျိုးကျိုးလုပ်ပြီး စည်းကမ်းနဲ့ နေထိုင်ကြတဲ့ မိသားစု ဖြစ်ပါတယ်။

အဲဒီအိမ်လေးကို မျက်စောင်းထိုးထိုးပြီး "သူတို့ကတော့ အဆင်ပြေတယ် ဆရာ" လို့ မျက်စပစ်ပစ်ပြီး မိန်းမကြီးအချို့က ခဏခဏပြောနေတော့ မောင်လူမွှေး အသက်ရှူကြပ်ရတယ်။ စစ်ရှောင်စခန်း သာယာရေးအလုပ်၊ ပညာရေးအလုပ်၊ လူမှုရေးအလုပ်တွေကို အထိုက်အလျောက် ချောင်လည်တဲ့ သူတွေထဲကပဲ ဦးဆောင်လုပ်ပေးနိုင်စွမ်း ရှိတာပါ။ အဆင်ပြေတဲ့သူတိုင်း ဒီအလုပ်တွေကို စိတ်မဝင်စားပေမဲ့ အခွင့်သင့်ရင်တော့ ကူညီကြတာပါပဲ။ တကယ်ကိုပဲ ဦးဆောင်လုပ်ပေးနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုလူတွေ များတဲ့ စစ်ရှောင်စခန်းနဲ့ ရပ်ရွာဟာ တိုးတက်နေတာကို လက်တွေ့လည်း မြင်နေရပါတယ်။

"ဒီအိမ်က လက်နက်ပွဲစားလုပ်ပြီး တအားချမ်းသာသွားတာ" ဆိုပြီး ဝိုင်းပြောကြတာမျိုးလည်း တော်လှန်နယ်မြေမှာ မောင်လူမွှေး အများကြီး ကြုံခဲ့၊ ကြားခဲ့ဖူးပါပြီ။ တော်လှန်ရေးအပေါ်မှာ မတရားအမြတ်ထုတ်ပြီး အချိန်တိုအတွင်း ချမ်းသာသွားတာမို့ လူတွေက ကွယ်ရာမှာ ကဲ့ရဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ချမ်းသာသွားတဲ့လူတွေ၊ အိမ်တွေက အလှူကြီးပေးတဲ့ အခါကျတော့ သွားကူကြ၊ စားကြ၊ သောက်ကြ၊ ပျော်ပါးကြတာလည်း ကဲ့ရဲ့ကြတဲ့ သူတို့တွေပါပဲ။ ဒီလိုနေရာကျပြန်တော့ သဘောကောင်းသလို ပူးပေါင်းဆောင်ရွက်မှုအားလည်း ကောင်းကြပါလားလို့ တွေးပြီး အသက်ရှူကြပ်ရပါတယ်။

"အင်္ဂလိပ်စာက မတတ်ရင်လည်း အရေးမကြီးဘူး။ နိုင်ငံခြားမှာ နေမှာမှ မဟုတ်တာ" တဲ့။ "သူ့ကိုက အတန်းတိုင်းကို သိပ္ပံဘာသာ ပေးထားတယ်။ ဖတ်စာပဲ ပေးထားတာ" တဲ့။ ပညာရေးသင်တန်း တက်ဖူးပြီး လုပ်သက်အသင့်အတင့်ရှိတဲ့ ဆရာ၊ ဆရာမ နှစ်ယောက်လောက်ဆီက ကြားခဲ့ရတာတွေပါ။ အင်္ဂလိပ်စာက မတတ်လည်း အရေးမကြီးဘူး။ သိပ္ပံဘာသာကို ဖတ်စာတဲ့။ ရှင်းပြရင်လည်း လက်ခံနိုင်လောက်တဲ့ အခံရှိပုံမရတာကို ကြည့်ပြီး အသက်ရှူကြပ်ရပါတယ်။

ဆရာဝန်မိသားစုတစ်စု စစ်တပ်က လေယာဉ်နဲ့ပစ်လို့ တမိသားစုလုံး သေရှာတယ်။ "ပိုက်ဆံတွေ အများကြီး ကျန်ခဲ့တာတဲ့" ဆိုပြီး ပြောကြတယ်။ ဆေးခန်းတစ်ခုမှာ ပိုက်ဆံ သိန်းနှစ်ရာလောက် ရှိတာဟာ ပိုက်ဆံရှိတာ မဟုတ်ပါဘူး။ ဒီဆရာဝန်ဟာ အသပြာဆရာဝန်လည်း မဟုတ်ပါဘူး။ ထိုက်သင့်သလောက် နှုန်းထားနဲ့ ဒေသခံတွေကို စေတနာထား ကုပေးနေတာပါ။ သိန်းနှစ်ရာနဲ့ ဆေးခန်းအတွက် လိုအပ်တဲ့ ဓာတ်မှန်စက်ဝယ်ဖို့ ဝေလာဝေး၊ လိုအပ်တဲ့ဆေးဝါး ပြည့်မီအောင်တောင် မဝယ်နိုင်ပါဘူး။ မောင်လူမွှေး အသက်ရှူကြပ်လွန်းလို့ ဒီကိစ္စကို လူထုစည်းဝေးတခုမှာ ပြောပြတော့ "ဟုတ်တယ်နော်.. ဘယ်သိမလဲ" လို့ သဘောပေါက်ဖော်ရကြလို့ ဝမ်းသာရတယ်။

"ကျမ သမီးကို ပြောရတာ၊ ဆရာတို့လင်မယားကိုကြည့်၊ ပညာတတ်တော့ ပင်ပင်ပန်းပန်း ဘာမှမလုပ်ရဘဲနဲ့ သက်သောင့်သက်သာ စားနိုင်သောက်နိုင်တယ်ဆိုပြီး ပြောရတာ" လို့ ကျောင်းသားမိဘ လေး ငါးဦးက မောင်လူမွှေးတို့ လင်မယားကို ဥပမာပြပြီး သူတို့သားသမီးတွေကို ဆုံးမကြောင်း ပြောပြကြတယ်။ အသက်ရှူကြပ်ရပါတယ်။

"ပညာသင်တယ် ဆိုတာ အလုပ်ကို လုပ်တတ်အောင် သင်ရတာပါ။ အချောင်နေရအောင် သင်တာမဟုတ်ပါဘူး" လို့ပဲ မောင်လူမွှေး တိုတိုတုတ်တုတ် ပြန်ပြောလေ့ရှိပါတယ်။ မောင်လူမွှေးရော၊ မစ်(စ)မွှေးရောဟာ ပညာရေး၊ တော်လှန်ရေး၊ စစ်ရှောင်အရေး၊ စာပေရေးတွေကို မနက်ကနေ ညအထိ လုပ်ကြပြီး ကျောင်းဖွင့်ရက်တွေမှာ ဟင်းကောင်းကောင်း ချက်မစားနိုင်ကြပါ။ နေ့တိုင်း ဟင်းကောင်းချက်စားဖို့လည်း မတတ်နိုင်ပါ။ မောင်လူမွှေးတို့ နှစ်ယောက်ဟာ ယုံကြည်ချက်ကြောင့်သာ တော်လှန်နယ်မြေမှာ နေပြီး ရုန်းကန်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ယုံကြည်ချက်ကိုတောင် ရှင်းပြလို့ နားမလည်နိုင်တဲ့ လူတွေကြားကိုရောက်ရင် အသက်ရှူကြပ်ရပြန်ပါတယ်။

မောင်လူမွှေးတို့မှာ အသက်ရှူကြပ်ရတဲ့ ကိစ္စတွေ များစွာရှိပါတယ်။ အဲဒီထဲကမှ တချို့သော အကြောင်းအရာတွေဟာ စာဖတ်သူတွေကို တင်ပြလို့၊ ရေးလို့တောင် မသင့်တော်ပါ။ မနာလိုဝန်တိုစိတ်တွေ လွှမ်းနေတဲ့ ဝန်းကျင်၊ မာနကြီးသင့်တဲ့နေရာမှာ မကြီးနိုင်တဲ့ ဝန်းကျင်၊ အတန်းပညာလေး နည်းနည်းရောက်ခဲ့ရင်၊ ရာထူးနေရာလေး နည်းနည်းရလာရင် သက်သောင့်သက်သာ နေနိုင်တယ်လို့ ယုံကြည်ကြတဲ့ ဝန်းကျင်ဟာ မောင်လူမွှေးတို့နိုင်ငံမှာ အမြစ်တွယ်ရှင်သန်ခဲ့တာ ကြာခဲ့ပြီ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီလိုအကျင့်၊ ယုံကြည်မှုဟာ အရင်ကထက်ပိုပြီး နေရာတိုင်းမှာ ထင်ထင်ရှားရှား ပေါ်ပေါက်နေတာကို တွေ့နေရတယ်။ ပြီးတော့ ဒါကို ရှက်တတ်တဲ့သူလည်း နည်းလာတယ်။ တကယ့်ကို အသက်ရှူကြပ်စရာပါ။ 

စားရေး၊ ဝတ်ရေး၊ နေရေး အဆင်မပြေတာဟာ အခြေခံအကျဆုံး အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တာ မှန်ပေမဲ့ ဒါကိုပဲ အကြောင်းပြပြီး လူမှုစိတ်ဓာတ်တွေ ဇောက်ထိုးဆင်းနေတာကို ထိုင်ကြည့်နေဖို့ မသင့်ဘူး။ မောင်လူမွှေးတို့တွေ လူမှုအသိပညာပေး လုပ်ငန်းတွေကို ဝိုင်းဝန်းလုပ်ကြမှသာ အသက်ရှူကြပ်ရတဲ့ ဘဝတွေကနေ တဖြည်းဖြည်း လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar