Breaking News

နတ်မှူး- မနီကလေး ဘယ်ကိုသွား


“ မနီကလေး ဘယ်ကိုသွား ”
နတ်မှူး
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၆


  ကျနော်က ကဗျာဆရာကြီးတင်မိုး၏ မနီကလေးကဗျာကို ကြိုက်သည်။ဆိုလွယ် ကလေးကဗျာလေးဖြစ်သည်။ဆိုကြည့်ရအောင်။

                “ မနီကလေး “

        မနီကလေးဘယ်ကလာ
        အိမ်ကထွက်လို့လာ
        မနီကလေးဘယ်ကိုသွား
        စာသင်ကျောင်းကိုသွား
        စာသင်ကျောင်းက ဘာတွေသင်
        စာရေးစာဖတ်သင်
        စာရေးစာဖတ် ဘာလုပ်ဖို့
        မနီလိမ္မာဖို့။

             တင်မိုး

    ထိုကဗျာတွင် ကျနော်အကြိုက်ဆုံးက “စာရေးစာဖတ်ဘာလုပ်ဖို့ မနီလိမ္မာဖို့”ဟူသောစာကြောင်းလေးဖြစ်သည်။စာရေးစာဖတ်ဘာလုပ်ဖို့ မနီ ပညာတတ်စေဖို့ ဟုဆရာတင်မိုးကမရေး။ပညာဟူသောဝေါဟာရက ကလေးတွေနှင့် အလွန်အလှမ်းဝေးသည်။ထို့ကြောင့် ကလေးတွေနားယဉ်သည့် လိမ္မာဆိုသော စကားကိုသုံးလိုက်ခြင်းဖြစ်သည်။


      အလိမ္မာစာမှာရှိ ဟူသောစကားရှိရာ မနီကလေး လိမ္မာဖို့အတွက် စာရေးစာဖတ်တတ်ဖို့လိုသည်။ထိုကိစ္စများကို စာသင်ကျောင်းမှာရှိသည့် ဆရာ၊ဆရာမများက မနီကို သင်ပြပေးလိမ့်မည်။တဖန် တတ်သိ လိမ္မာဟူသော စကားရှိပြန်သည်။တတ်သည် လူတို့သင်ယူအပ်သည့် အသက်မွေးမှုအတတ်များဖြစ်ပြီး၊သိက အကြောင်းအကျိုး၊အကောင်းအဆိုး၊တရား မတရား၊အမှန်အမှား ပိုင်ခြားသိနိုင်သော အစွမ်းဖြစ်သည်။ထိုအတတ်နှင့်အသိသည် ပညာဖြစ်ကြောင်း မနီကလေးမသိပါ။ကိစ္စမရှိ စာတွေ လေ့လာရင်း မနီကလေးက ပညာအကြောင်းကို သိလာမည်။ထိုပညာသည်ပင် လိမ္မာခြင်း၏အရင်းခံဖြစ်ကြောင်း မနီနားလည်လာလိမ့်မည်။တဖန်ယဉ်ကျေးလိမ္မာ ဟူသောစကားကို မနီလေး ကြားဘူးလာမည်။လူအချင်းချင်း မေတ္တာ၊ကရုဏာ၊ကိုယ်ချင်းစာတရားတို့ဖြင့် ဆက်ဆံခြင်းက အလိမ္မာတရားဖြစ်​ပြီးမနီလေးက မိဘ၊ဆရာသမားနှင့်တကွ လူတန်းစားအသီးသီးကို ရိုသေလေးစား တန်ဖိုးထား၍ ဆက်ဆံတတ်လာမည်။
       မနီကလေး အတန်းရလာတော့ မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ရူပဗေဒ၊ဓာတုဗေဒ၊ဇီဝဗေဒ၊သမိုင်း၊ပထဝီ…စသော ဘာသာရပ်များကိုသင်ရမည်။ဘာသာရပ်တွေများတော့ မနီကလေး စာကျက်ရတာ စိတ်ညစ်မည်။”အဖေတို့မှာ သားသမီးတွေကို အမွေပေးစရာ ပစ္စည်းဥစ္စာမရှိဘူး။လယ်တွေလည်း အများကြီးမရှိဘူး။ပညာအမွေပဲရှိတယ်”ဟု ကျူရှင်ဖိုးလေးတွေ ကုတ်ခြစ်စုဆောင်းရင်း သူ့အဖေ လယ်သမားကြီးက စာကြိုးစားဖို့ မနီကလေးကိုပြောမည်။
          မနီတို့၏ မြန်မာစာဆရာက ဆရာတော် ရှင်မဟာရဌသာရ၏ “သီကုံးပန်းသွင် နေ့တိုင်းဆင်” ရတုကို သင်ပေးမည်။
         “ဒီရတုကို ရှင်မဟာရဌသာရက ၁၅ရာစု အင်းဝခေတ်မှာ ရေးခဲ့တယ်။စာသင်ပျိုနုတို့ အခြေပြုရမယ့် နည်းလမ်းတွေပေါ့။နားထောင် ဆရာရွတ်ပြမယ်။
                    သုစိပုဘာ၊ဝိလိသိဓာ၊
                    အက္ခရာစွဲသုံး၊ဤရှစ်လုံးကို
                    သီကုံးပန်းသွင်၊နေ့တိုင်းဆင်လော့။
     ဒီစာပိုဒ်ရဲ့အဓိပ္ပါယ်က 
သု-သုနေယျ…ကြားနာရာ၏။Listen နားထောင်ပါ။
စိ-စိန္တေယျ…ကြံစည်ရာ၏။Think,Consider,Judge တွေးတော ကြံဆပါ။
ပု-ပုစ္ဆေယျ…မေးရာ၏။Ask,Enquire မသိတာကို သိအောင် မေးမြန်းပါ။
ဘာ-ဘာသေယျ…ပြောဆိုရာ၏။Speak,Discuss ပြောဆိုဆွေးနွေးပါ။
ဝိ-ဝိစာရေယျ…စူးစမ်းဆင်ခြင်ရာ၏။Study,Research,Analyse လေ့လာပါ၊သုတေသနလုပ်ပါ၊စိစစ်ပါ။
လိ-လိခေယျ…ရေးမှတ်ရာ၏။Write ချရေးပါ။
သိ-သိက္ခေယျ…လေ့ကျင့်ရာ၏။Practice လက်တွေ့လေ့ကျင့်ပါ။
ဓာ-ဓာရေယျ…နှုတ်တက်ဆောင်ရာ၏။Recite အာဂုံဆောင်ပါ။
      
        စာသင်သားတွေက ဒီအချက်၈ချက်ကို သီထားတဲ့ ပန်းကုံးလေးလို နေ့တိုင်းပန်ဆင်ပါ။ပညာတတ်ကြီးအဖြစ် မုချဧကန် ထင်ရှားကျော်စောပါလိမ့်မယ်

                       စာသင်ပျိုနု၊အခြေပြုတို့
                        ဥဇုဘူတ၊လုံ့လပြင်းစွာ
                        သူ့ထက်ငါဟု၊နှုတ်မှာရွရွ
                        ကြိုးပမ်းကလျှင်၊သိပ္ပကျေးဇူး
                        အထူးသိမြင်၊ပညာရှင်ဟု
                        မထင်မပေါ်၊မကျော်စောဘဲ
                        တီမှာလွဲအံ့။

     “ အဲသလို ဆရာတော်က ရေးသားခဲ့တယ်။၁၅ရာစုကရေးသားခဲ့တဲ့ သုစိပုဘာ ဝိလိသိဓာက ဘယ်ခေတ်မှာမဆို၊ဘယ်နိုင်ငံရဲ့ပညာရေးမှာမဆို အမြဲမှန်ကန်နေတယ်။ဆရာတော်ရှင်မဟာရဌသာရရဲ့ ဉာဏ်အမြော်အမြင်ကြီးမှုကိုထောက်ပြီး ဆရာတို့မြန်မာနိုင်ငံရဲ့ပညာရေးက အင်းဝခေတ်ကတည်းက မညံ့ခဲ့ဘူးလို့ခန့်မှန်းနိုင်တယ်။”
      မနီကလေးက ဆရာတော်ကို စိတ်ထဲကနေ ရှိခိုးဦးချနေမိသည်။
     “ခေတ်က ပညာရွှေအိုး လူမခိုး၊ရွှေအိုးရှိမှပညာရ ခေတ်ဖြစ်နေတယ်။ဆရာဦးအောင်သင်းပြောသလို Education က ကျက်ဂျူကေးရှင်းဖြစ်လာတယ်။ပညာရေးက…ကလေးတွေကို ကိုယ်ပိုင်စဉ်းစားဉာဏ်ရှိတဲ့ ဝေဖန်ပိုင်းခြားနိုင်သူတွေ(Critical Thinkers)အဖြစ်ဖန်ဆင်းရမယ့်အစား၊စာတွေကို ဦးနှောက်ထဲရိုက်သွင်းခံရတဲ့ လက်ခံသူသက်သက်(Passive Receivers )လူသားစက်ရုပ်(Human Robots)တွေအဖြစ် ပုံသွင်းခံနေရတယ်။ဒါတွေကိုသာ ဆရာတော် ရှင်မဟာရဌသာရ သိခဲ့ရင်…ရင်ထုမနာဖြစ်နေလိမ့်မယ် “ဟူသော ဆရာ့၏စိတ်ထဲက အတွေးကိုတော့ မနီကလေး ကြားနိုင်မည် မဟုတ်ပါ။


     အကယ်၍ မနီကလေး ကောလိပ်တက်ရလျှင် လူတယောက်ရေးခဲ့သည့် ပညာ၏အဓိပ္ပါယ်ကို သူ့အား ဖတ်မိစေချင်သည်။
      “ပညာဆိုသည်မှာ စာအုပ်စာတမ်းတတ်၍ စာသိမှုကို ပညာဟုမခေါ်ပေ။ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ကမ္ဘာရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကိုမဖော်ပြနိုင်။လောကပြင်ကျယ်တည်းဟူသောကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများဖြစ်နေကြစေသည်။
      ထို့ကြောင့် ပညာသင်ကြားမှုသည် လူ့တသက်တွင် ကုန်ဆုံးနိုင်သည်ဟု မဆိုနိုင်ပေ။ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားလုံးကို၎င်း၊မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်ကို၎င်း၊ပြုပြင်စီမံထားသူသာဖြစ်သည်။ဘီအေ အောင်စေကာမူ၊ပါရဂူဘွဲ့ကြီးပင်ရစေကာမူ ပညာဟူသောသဘာဝအဓိပ္ပါယ်ကို ကောင်းစွာသုံးသပ်နားလည် ခြင်း မရှိခဲ့သော် တကယ်အရာမရောက်အသုံးမဝင်ပေ။
        ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။စာအုပ်ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရမည်။ပညာသည် လူ၏ဉာဏ်အားကို တိုးတက်စေရမည်။လူထုဆန္ဒနှင့်လုပ်အားကို နူးညွတ်စေရမည်။ရာဇဝင်သိရုံသာမဟုတ် ရာဇဝင်ကိုလည်း ဖန်တီးစေရမည်။လောကဓာတ်ပညာကို သိရုံသာမဟုတ် လောကဓာတ်ပညာကို တိုးချဲ့နိုင်ရမည်။ပထမပညာကို သိရုံသာမဟုတ် မြေသစ်၊ရေသစ်၊တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်း ရှိရပေမည်။လောကအကြောင်းကို နားလည်စေရုံသာမဟုတ် သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ဤကား ပညာ၏သရုပ်အကျဉ်းမျှပေတည်း။”

                      သခင်အောင်ဆန်း( ဗိုလ်ချုပ်အောင်ဆန်း )
      
       ထို သခင်အောင်ဆန်း( ဗိုလ်ချုပ်အောင်ဆန်း )လို ပညာ၏အဓိပ္ပါယ်ကို အသားပါပါပြောနိုင်သော နိုင်ငံခေါင်းဆောင်မျိုး ဗမာ့သမိုင်းမှာ ရှိလိမ့်မည်ဟု မထင်ပါ။သခင်အောင်ဆန်း အသေစော၍ နှမျောရကောင်းမှန်း မနီကလေး သိချင်မှသိပေမည်။သို့သော် ဗမာပြည်အနေဖြင့် ထိုကဲ့သို့ အမြော်အမြင်ရှိသော လူငယ်တယောက် ဆုံးရှုံးရခြင်းက နိုင်ငံရေး၊စီးပွါးရေးသာမက ပညာရေးပါ ကံဆိုးမိုးမှောင်ကျခြင်း၏ အကြောင်းတရပ်ဖြစ်ကြောင်း တချိန်မှာ မနီကလေး သဘောပေါက်လာလိမ့်မည်။


      တခါတော့ မနီကလေးတို့ အတန်းကို “ပညာ၏တန်ဘိုး”ဟူသော ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးဖို့ မြန်မာစာဆရာက အိမ်စာပေးလိုက်သည်။မနီက မရေးတတ်။သို့ဖြင့် ဘွဲ့ရပညာတတ် အလုပ်လက်မဲ့ ကဗျာဆရာတယောက်ကို ရေးခိုင်းသည်။”ဟာ…ငါကကဗျာသာရေးတတ်တာ နင့်စာစီစာကုံးမရေး တတ်ဘူး။ဒါပေမယ့် ပညာနဲ့ပတ်သက်တဲ့ အဆိုအမိန့်တွေ ငါရေးမှတ်ထားတာရှိတယ်။အဲဒါတွေကို ကူးချပြီး နင်ဉာဏ်ရှိသလောက် ချဲ့ရေးပေါ့” ဟုပြောသည်။မနီကလေးက ထိုကဗျာဆရာ၏မှတ်စုများကိုဖတ်ကြည့်သည်။

   ပညာရေးသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ သင်အသုံးပြုနိုင်သည့် အစွမ်းအထက်ဆုံး လက်နက်ဖြစ်သည်။
                  နယ်လ်ဆင်မင်ဒဒဲလား
   ပညာရေး၏ အမြစ်က ခါးသည်။သို့သော် သူ့အသီးက ချိုသည်။
                  အရစ်စတိုတယ်လ်
     ပညာရေးသည် လွတ်လပ်ခြင်း၏ ရွှေရောင်တံခါးကိုဖွင့်သည့် သော့တံဖြစ်သည်။
                   ဂျော့ ဝါရှင်တန်
      ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုက အကောင်းဆုံး အကျိုးအမြတ်ကိုပေးသည်။
                   ဘင်ဂျမင် ဖရင်ကလင်
      ကျောင်းတံခါးကို ဖွင့်သူသည် အကျဉ်းထောင်ကို ပိတ်သူဖြစ်သည်။
                   ဗစ်တာ ဟူးဂိုး
     နိုင်ငံတခု၏ အခြေခံအုတ်မြစ်သည် ထိုနိုင်ငံ၏လူငယ်များ၏ ပညာရေးဖြစ်သည်။ 
                 ဒိုင်အိုဂျီးနိစ်
      ပညာရေးသည် မျိုးဆက်တခုမှ နောက်တခုသို့ လက်ဆင့်ကမ်းခြင်းဖြစ်၍ လူ့အဖွဲ့အစည်း၏ ရိုးရှင်းသော အသက်ဝိဉာဉ်ဖြစ်သည်။
                 ဂီးလ်ဘတ်ကေ ချက်စတာတန်

      ပညာရေးနှင့်ပတ်သက်ပြီး သူရှာဖွေထားသောအချက်အလက်များနှင့် ကဗျာဆရာပေးသော အဆိုအမိန့်များကို ပေါင်းစပ်ပြီး မနီကလေးက သူ၏စာစီစာကုံးကို ရေးသည်။မနီ၏စာစီစာကုံးကို ဖတ်ပြီး ဆရာက မနီကို “နယ်လဆင်မင်ဒဲလားက ဘယ်နိုင်ငံရဲ့ သမ္မတလဲ”ဟုမေးသည်။မနီက ဆတ်ကနဲ ထရပ်လိုက်ပြီး “ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတပါဆရာ”ဟုဖြေလိုက်သည်။ပညာရဲရင့် ပွဲလယ်တင့် ဆိုတာ ဒါမျိုးနေမှာဟု မနီတွေးမိသည်။မနီ၏အဖြေကို နားထောင်ပြီး ဆရာက မနီကို ပြုံးပြုံးကြီး ကြည့်နေသည်။


     နိုင်ငံရေးနှင့်ပညာရေးသည် ကျွန်းကိုင်းမှီ ၊ကိုင်းကျွန်းမှီဖြစ်သည်။နိုင်ငံရေးကောင်းမှ ပညာရေးကောင်းမည်။ထို့အတူပညာရေးကောင်းမှ နိုင်ငံရေး ကောင်းလိမ့်မည်။ပြည်တွင်းစစ်တာရှည်၍ စစ်အသုံးစရိတ်ထောင်းနေသော နိုင်ငံတခုက ဘယ်မှာပညာရေး ကောင်းနိုင်ပါမည်နည်း။ကောင်းသူတွေရှိပါလိမ့်မည်။သို့သော် မနီကလေးတို့လို အောက်ခြေလူတန်းစားတွေ မပါဖို့များသည်။
      မနီကလေး ဘယ်ကိုသွား စာသင်ကျောင်းကိုသွားဟု ဆရာတင်မိုးက မနီကလေးကို လိမ္မာရေးခြားရှိဖို့ စာသင်ကျောင်းကို ပို့လိုက်သည်။ဖြစ်နိုင်လျှင် ကျွန်တော်လည်း ဆရာမြို့မငြိမ်း၏ လူချွန်လူကောင်းသီချင်းထဲကလို ခေတ်မီမီ ကမ္ဘာကြည့်ကြည့်နိုင်ဖို့ မြန်မာမနီလေးတွေကို အောက်စဖို့တက္ကသိုလ် ၊ကင်းဘရစ်ချ်တက္ကသိုလ်ထိကို  ခရီးပေါက်စေချင်သည်။
        မနီကလေးလိမ္မာဖို့ လူတော်လူကောင်းဖြစ်ရန်လိုသည်။တော်ခြင်းသည် ပညာဖြစ်ပြီး ကောင်းခြင်းက အကျင့်သီလ စရဏဖြစ်သည်။တော်ခြင်းနှင့်ကောင်းခြင်းသည် ငှက်တကောင်၏ တောင်ပံနှစ်ဘက်နှင့်တူသည်။နှစ်ဘက်စလုံး သန်စွမ်းမှ ကောင်းကင်သို့ပျံတက်ပြီး လိုရာခရီးဆက်နိုင်မည်။ထိုအကြောင်းကို  စဉ်းစားတွေးခေါ်နိုင်ချိန်မှာ မနီကလေး နားလည်လာလိမ့်မည်။       
       မနီကလေး အိမ်ကထွက်လာပြီး စာသင်ကျောင်းကိုမသွားဘဲ ကျားရဲရာ ကြမ္မာမရိုးသာသည့်  လူ့ငရဲနေရာများကို ရောက်သွားမှာ ကျွန်တော်စိုးရိမ်မိသည်။မနီလို မြန်မာအမျိုးကောင်းသမီးလေးတွေ ဘဝပျက်မှာကို မတွေ့မမြင်ချင်ပါ။
       လတ်တလော အခြေအနေအရ မနီကလေးနှင့်သူ၏မိသားစု ဘေးကင်း ရန်ကွာဖို့၊မနီတို့စာသင်ကျောင်းလေးနှင့် မနီတို့ရွာလေးခလုတ်မထိ ဆူးမငြိစေဖို့  ဆုတောင်းရုံမှတပါး ကျွန်တော်က ဘာများတတ်နိုင်ပါမည်နည်း။

                   ချစ်ခင်စွာ…နတ်မှူး
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar