Breaking News

လေကြောင်းတိုက်ခိုက်မှုကို စစ်ရေးအရ အသာစီးရယူမှုအဖြစ် လုပ်ဆောင်နေတဲ့ အာဏသိမ်းစစ်တပ်

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၃ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၄ ၊ ၂၀၂၆


လေကြောင်းတိုက်ခိုက်မှုကို စစ်ရေးအရ အသာစီးရယူမှုအဖြစ် လုပ်ဆောင်နေတဲ့ အာဏသိမ်းစစ်တပ်

ခု နှစ်ပိုင်းတွေမှာ နေ့စဥ်တွေ့နေရတဲ့ ထိခိုက်သေဆုံးမှု ပျက်စီးမှုအများဆုံးကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာနေပါတယ်။ ၂၀၂၁/ ၂၂ ခုနှစ်တွေက မြေပြင်တိုက်ခိုက်မှုတွေက အများဆုံးတွေ့နေရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီး၊ အခု ၂၀၂၄ ခုနှစ်နောက်ပိုင်း ယခုလက်ရှိ အချိန်ထိ ဖြစ်ပွားနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အများဆုံးသော အဖြစ်အပျက်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့မြေပုံကိုကြည့်လိုက်ရင် မြေပုံရဲ့ မြောက်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့တောင် နဲ့ တောင်ပိုင်းတွေမှာ နေ့စဥ်နဲ့ အမျှ လေကြောင်းက တိုက်ခိုက်မှုပုံသဏ္ဌာန်ဖြစ်တဲ့ တိုက်လေယာဥ်၊ လေ့ကျင့်ရေးလေယာဥ်၊ စစ်ရဟတ်ယာဥ် စတာတွေနဲ့ တိုက်ခိုက်မှုတွေ အပြင် အချို့ဒေသတွေမှာ အပေါ့စား ၂ ယောက်စီး ဂျိုင်ရိုကော့ပတာ၊ စက်တပ်ဂလိုက်ဒါ နဲ့ ဗုံးကြဲချတာတွေက နေ့စဥ်သတင်းတွေထဲ တွေ့နေကြရတာ ဖြစ်ပါတယ်။ 

ဒီလို ပြောင်းလဲလာတဲ့ ဖြစ်ရပ်တွေကို ကြည့်ရင် ပြည်တွင်းစစ်မီးပြန်လည် အရှိန်မြင့်လာတဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေ အသွင်သဏ္ဌာန်တွေက မြေပြင် အခြေအနေနဲ့ အတူ ပြောင်းလဲလာနေတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

အခုလို လေကြောင်းအားပြုတဲ့ ထိုးစစ်၊ ရန်သူလှုပ်ရှား၊ အခြေချနေတဲ့နေရာကို ဖျက်ဆီးတိုက်ခိုက်မယ် ဆိုတဲ့ လေကြောင်းတိုက်ခိုက်မှုတွေက စစ်အာဏာသိမ်းမှု အစပိုင်းကာလအထိ များများစားစား မရှိခဲ့ပါဘူး။ အဲဒီကာလတုန်းက အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်းတွေကို လာရောက် တိုက်ခိုက်တဲ့အခါ လက်စားချေတုံ့ပြန်တိုက်ခိုက်မှု လိုမျိုး၊ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေစဥ်မှာ လေကြောင်းပစ်ကူ အနေနဲ့ ရယူတာမျိုးသာ ရှိခဲ့တာ တွေ့ရပါတယ်။ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ မြေပြင်မှာ ထိန်းချုပ်ထားတဲ့ ဧရိယာက ကျယ်ကျယ်ပြန့်ပြန့်ရှိနေသေးပြီး အဲဒီနယ်မြေဒေသတွေကို ကာကွယ်ဖို့အတွက် တခါတရံ လိုအပ်တဲ့ အခြေအနေမှာ လေကြောင်းတိုက်ခိုက်မှုအကူအညီကို တောင်းခံရတာမျိုး ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုဆိုတာ နေ့စဥ်ဖြစ်နေကျ ဖြစ်ရပ်မျိုး မဟုတ်ဘဲ လေကြောင်းပစ်ကူ တောင်းခံပြီး အတည်ပြုပေးရတဲ့ အဆင့်ကိုလည်း စစ်ရုံးလို ဗဟိုအဆင့်က ရာထူးကြီး ဗိုလ်ချုပ်တွေရဲ့ ခွင့်ပြုချက် အတည်ပြုချက်နဲ့ တိုက်ခိုက်ခဲ့ကြတဲ့ သဘောမျိုး ဖြစ်ပါတယ်။ 

သို့ပေမဲ့ နောက်ပိုင်းမှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးမှုများပြားလာချိန်မှာ လေကြောင်းတိုက်ခိုက်မှုက ရန်သူကို ချေမှုန်းရေး ဦးတည်ချက်နဲ့ နေ့စဥ်လိုလို လုပ်ဆောင်ရတဲ့ အသွင်ဖြစ်လာပြီး သက်ဆိုင်ရာစစ်တိုင်းက တိုင်းမှူးလို အဆင့်တွေရဲ့ အတည်ပြုချက်နဲ့ လေကြောင်းပစ်ကူ၊ တိုက်ခိုက်မှုတွေကို လုပ်ဆောင်လာကြတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ 

စစ်တပ်အနေနဲ့ မြေပြင်မှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေကို အလှည့်ကျ လေကြောင်းကနေ တိုက်ခိုက်ပြီး အုပ်ချုပ်ရေး၊ မြို့နေလူထု အနေနဲ့ ပုံမှန်လည်ပတ် လုပ်ကိုင်စားသောက်နေထိုင်ကြတဲ့ အခြေအနေမျိုး မရောက်ရှိဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတာမျိုးလည်း ဖြစ်လာနေတာပါ။ 

ဥပမာအားဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ အညာဒေသတွေလိုမျိုးမှာ မြေပြင်မှာ ပြန်လည်ထိုးစစ်မဆင်နိုင်သေးတဲ့ မြို့တွေ ရွာတွေကို တမြို့ပြီးတမြို့ အလှည့်ကျ လေကြောင်းက တိုက်ခိုက်နေပြီး မြို့နေလူထု အနေနဲ့ သက်ဆိုင်ရာနယ်မြေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေး နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပေါ် ယုံကြည်ထောက်ခံမှု လျော့ကျစေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ရုံးအဆောက်အဦတွေကို တိုက်ခိုက်ဖျက်ဆီးပြီး အုပ်ချုပ်ရေးနဲ့ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းမျိုး မလုပ်နိုင်အောင် ရည်ရွယ်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ ရည်ရွယ်ချက်က အတိုင်းအတာတခုထိတော့ ထိရောက်မှုရှိခဲ့တာလည်း တွေ့ရပါတယ်။ လူထုရဲ့ ထောက်ခံမှုဆိုတာထက် တိုက်ခိုက်သိမ်းယူထားတဲ့နယ်မြေတွေကို အုပ်ချုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အဖို့ အတည်တကျ မဖြစ်နိုင်တဲ့ အနေအထားကြောင့်လည်း အပစ်ရပ်ဖို့ ဖိအားပေးမှုတွေကို အခြေအနေတခုရောက်တဲ့အခါ လက်ခံလိုက်ကြရတဲ့ အနေအထားလည်း တွေ့ရပါတယ်။ ဥပမာအားဖြင့် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ တအာင်းလက်နက်ကိုင် အဖွဲ့တို့ အပစ်ရပ်သဘောတူခဲ့ကြရတဲ့ အကြောင်းရင်းတွေ အနက် လေကြောင်းတိုက်ခိုက်မှုတွေက လည်း အရေးပါတဲ့ အချက်အနေနဲ့ ပါဝင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထိရောက်တဲ့ ကာကွယ်ရေးစနစ်၊ လက်နက်တွေ ခုချိန်ထိ မရှိကြသေးပါဘူး။ ပခုံးထမ်း လေယာဥ်ပစ်လက်နက်လိုမျိုးတွေက အစိုးရအချင်းချင်းသာ ရောင်းချပေးတဲ့ လက်နက်အမျိုးအစားဖြစ်လို့ ဝယ်ယူဖို့ မလွယ်ကူသလို ငွေကြေးတန်ဖိုး အားဖြင့်လည်း စျေးကြီးလွန်းတာကြောင့် လက်ဝယ်ရရှိဖို့နဲ့ အသုံးပြုဖို့ မလွယ်ကူတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေကို တဖက်အာဏာသိမ်းစစ်တပ်ကလည်း သိရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အားသာချက် တခုအဖြစ်နဲ့ အသုံးချပြီး နေ့စဥ်လိုလို နိုင်ငံရဲ့ နေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ လူထုနဲ့ ၄င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို လေကြောင်းတိုက်ခိုက်ခံရမယ့် ဘေးကနေ လွတ်ကင်းဖို့  ကြိုတင် သတိပေးနှိုးဆော်မှုမျိုးနဲ့ ဗုံးခိုကျင်း ဆောက်လုပ်စေတဲ့ လုပ်ဆောင်မှုတွေသာ စီစဥ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

နောက်အချက်တခုကတော့ အာဏာသိမ်းစစ်တပ် အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လို စုဆောင်းနေသလဲ ဆိုတာကို တော်လှန်ရေး အင်အားစုတွေ အနေနဲ့ သိရှိနိုင်ဖို့ ကြိုးစားဖို့လည်း အရေးကြီးပါတယ်။ အချို့သော လေကြောင်းတိုက်ခိုက်မှုတွေက လူစုလူဝေးလုပ်တဲ့နေရာမျိုးတွေကို ပစ်မှတ်ထားတာ ဖြစ်ပြီး အချို့သော တိုက်ခိုက်မှုတွေက အများပြည်သူ အနေနဲ့ လူစုလူဝေး လုပ်တဲ့နေရာမျိုး မဟုတ်ဘဲ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ စုဝေးမှုကို သိရှိပြီး အချိန်တိုအတွင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ အဖြစ်အပျက်မျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။ 

အများပြည်သူတွေ ပါဝင်တဲ့ လူစုလူဝေးကို တိုက်ခိုက်မှုအဖြစ်နဲ့ သာဓက ပြရရင် ပဇီကြီး ကျေးရွာတိုက်ခိုက်မှုလို၊ ယမန်နှစ် ချောင်းဦးမြို့နယ်ထဲက ကျေးရွာသီတင်းကျွတ်ပွဲကို တိုက်ခိုက်မှုမျိုး ဖြစ်ပါတယ်။ အိုင်တီနည်းပညာတွေအရ မိုဘိုင်းဖုန်းတွေရဲ့ လိုကေးရှင်းနေရာပြ အချက်အလက်တွေကို တယ်လီဖုန်း အော်ပရေတာ၊ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ နည်းပညာအချက်အလက် ရောင်းချတဲ့ Mobile Data Broker ကုမ္ပဏီတွေက တဆင့် ဝယ်ယူပြီး အေအိုင်နည်းပညာလိုမျိုးနဲ့ ခွဲခြမ်းစိတ်ဖြာ အသုံးချနိုင်တဲ့ ခေတ်အနေအထား ရောက်နေတာကိုလည်း သတိပြုသင့်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ပါရှိတဲ့ ဖုန်းရဲ့ တည်နေရာကိုသိနိုင်ဖို့ မိုဘိုင်းအော်ပရေတာထံမှ အချက်အလက်ရမှ ရယ်လို့ မဟုတ်ဘဲ မိုဘိုင်းဖုန်းမှာ အသုံးပြုတဲ့ အက်ပလီကေးရှင်း တခုစီက ထောက်လှမ်းစုဆောင်းထားတဲ့ အချက်အလက်တွေကို ကြော်ငြာကုမ္ပဏီ၊ အစိုးရနဲ့ ထောက်လှမ်းရေးအဖွဲ့တွေထံ ရောင်းချနေတဲ့ နည်းပညာကုမ္ပဏီတွေ ကမ္ဘာမှာ ရှိနေကြတာ ဖြစ်ပြီး နိုင်ငံတကာ စစ်ပွဲအချို့မှာ အဲဒီနည်းလမ်းနဲ့ ရရှိတဲ့ အချက်အလက်တွေကို သုံးပြီး တိုက်ခိုက်မှုတွေ လုပ်နေကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့လည်း တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဘက်က အသုံးပြုနေတဲ့ ဖုန်းတွေရဲ့ လိုကေးရှင်းတွေကို ထောက်လှမ်းနိုင်၊ ဝယ်ယူအသုံးချနိုင်ခဲ့ရင် လေကြောင်းတိုက်ခိုက်မှုတွေက ပိုပြီးအန္တရာယ်ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာမှာ သေချာပါတယ်။ 

လတ်တလော ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အခုလိုခေတ်သစ် အိုင်တီထောက်လှမ်းမှုနည်းပညာတွေကို ဘယ်လောက်ထိ အသုံးချနေသလဲဆိုတာ တိတိကျကျ မသိနိုင်သေးပေမဲ့ အတိုင်းအတာ တခုထိတော့ အသုံးပြုနေတာ သံသယဖြစ်စရာ မရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar