လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)
လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)
မိုးမခ ၊ မေ ၁၈ ၊ ၂၀၂၆
အခင်းအကျင်းဟောင်း ဆိုတာ ဘာလဲ။
၂၀၂၆ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်လိုက်တဲ့ အမေရိကန်နဲ့ အစ္စရေး ပူးတွဲပြီး အီရန်ကို စတင် စစ်တိုက်လိုက်ချိန်က စလို့ ကမ္ဘာကြီးအနေနဲ့ အလွန်လျင်မြန်စွာပြောင်းလဲသွားပါတော့တယ်။
ဘယ်လို ပြောင်းလဲသွားသလဲ။
၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက် စစ်အေးတိုက်ပွဲကြီးမှာ အနိုင်ရလိုက်ပြီး ကမ္ဘာမှာ တဦးတည်း အင်အားကြီးဗိုလ်(ဆူပါပါဝါကြီး)ဖြစ်လာတဲ့ အမေရိကန်ဟာ သူ့နိုင်ငံအကျိုးစီးပွားအတွက် (သူ့နိုင်ငံ မဟာဗျူဟာများအတွက်) ကျန်အရင်းရှင်နိုင်ငံကြီးများကို အရိုးအရင်းလေး ကျွေးပြီး စိတ်ထင်တိုင်းကြဲ လာခဲ့တာပါ။(ဥပမာ- နေတိုး နာမည်ခံပြီး ယူဂိုစလပ်နိုင်ငံကိုအစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်လိုက်တာမျိုး။-မဟာမိတ်အဖွဲ့ဖွဲ့ပြီး အီရတ်တို့ ၊ အာဖဂန်နစ္စတန်တို့ကို ဝင်တိုက်တာမျိုးတွေ)
၂၀ ရာစုကို 'အမေရိကန်အင်ပါယာရာစု' လို့ သတ်မှတ်ပြီး အမေရိကန်အရင်းရှင်ကြီးများ (တကယ်တော့ အမေရိကန်ရဲ့ လက်ဝါးကြီးအုပ်အရင်းရှင်ကြီးများ။
လက်နက်ရောင်းစားနေတဲ့ ကုဋေကြွယ်သူဌေးကြီးများ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးသမားများ။) ဘုန်းမီးနေလ တောက်ပနေလိုက်တာ၊ ဒီတချီ အီရန်စစ်ပွဲကျပါမှ နှပ်ပစ်ခံလိုက်ရပါတယ်။
ဒီကာလအတွင်း အမေရိကန်သမ္မတ ထရန့်ရဲ့ တနေ့တမျိုး မရိုးရအောင် အမျိုးမျိုးဟိန်းဟောက်ခြိမ်းခြောက်နေမှုတွေ။ (နောက်က လိုက်လည်း မလုပ်နိုင်။)ပြည်တွင်းက လူထုကလည်း မထောက်ခံ။ အကုန်အကျကများ။ တခြားနေတိုးနိုင်ငံတွေကလည်း ဝင်မကူ။ အရှေ့အလယ်ပိုင်းက သူ့မဟာမိတ်နိုင်ငံများကလည်း ဖိအားပေး... စတာတွေနဲ့ မရှုနိုင်မရှိုက်နိုင် ဖြစ်လာတာ တွေ့လာရပါတယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာတွေ ဖြစ်လာနေပြီး အမေရိကန်ရဲ့ သြဇာပုံရိပ် ကျဆင်းလာပါတယ်။
ဒီတော့ နိုင်ငံတကာ့အရေး ဆန်းစစ်လေ့လာသူ အများအပြားက (အမေရိကန်ကို အရှိန်သတ်စေချင်လို့ သတိပေးတာ) နိုင်ငံတကာအခင်းအကျင်းအသစ် ဖြစ်လာတော့မဲ့ အချိန်ကာလလို့ ဆိုလာကြပါတယ်။ အခုကတော့ အပြောင်းလဲကာလ(Transformation period)လို့ ဆိုလာနေကြပါပြီ။
ဒါဖြင့်ရင် နိုင်ငံတကာအခင်းအကျင်းအဟောင်း (သို့မဟုတ်) ယနေ့အချိန်ထိ ရှိနေတဲ့ နိုင်ငံတကာ့အခင်းအကျင်းက ဘာတွေလဲ။ အခု ဘယ်လို အပြောင်းအလဲတွေ ဖြစ်နေတာလဲ။
လွန်ခဲ့တဲ့နှစ် ၈၀)ကျော် ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ စစ်ဒဏ်ကို ဘာမှ မယ်မယ်ရရ မခံလိုက်ရဘဲ လက်နက်တွေ အကြီးအကျယ် ထုတ်ရောင်းပြီး အပွကြီးပွသွားတဲ့ အမေရိကန်က ကိုလိုနီလွတ်မြောက်ရေး တိုက်ပွဲများကြောင့်ရော၊ နာဇီ ဂျာမနီရဲ့ စစ်ဆင်ရေးများကြောင့်ရော၊ အထည်ကြီးပျက်များ ဖြစ်သွားတဲ့ ဥရောပ ကိုလိုနီလက်ဟောင်းနိုင်ငံကြီးများကို စုစည်းပြီး နိုင်ငံတကာအခင်းအကျင်းသစ် တခုကို ရေးဆွဲခဲ့ပါတယ်။
ဒီအထဲမှာ ဂျာမနီကို လူပေါင်းသန်း ၃၀ နီးပါး အသေအကျေ ခံတိုက်ပေးခဲ့တဲ့ ဆိုဗီယက်ယူနီယံနဲ့အရှေ့ဖျားက ဂျပန်ဖက်ဆစ်တွေကို ပြည်သူသန်း (၂၀-၃၀)ကြား အသေခံပြီး အနိုင်တိုက်ခဲ့တဲ့ တရုတ်ပြည် (အဲဒီအချိန်က တရားဝင်အစိုးရဖြစ်နေတဲ့ ကူမင်တန်)တို့လည်း ပါဝင်ခဲ့ပါတယ်။
ဒီမှာတင် နောင်စစ်ပွဲများကို ရှောင်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့နိုင်ငံများရဲ့ တခုတည်းသော အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂ ပေါ်ပေါက်လာပြီး တဆက်တည်း ကမ္ဘာ့ဘဏ္ဍာရေးစနစ်များအတွက် Bretton-Woods system ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီကမှတဆင့်နိုင်ငံတကာငွေကြေးစနစ်(IMF) ကမ္ဘာ့ဘဏ်(WB) စတာတွေ ပေါ်ထွန်းလာပါတယ်။
ဒီအထဲမှာ အမေရိကန်အတွက် အသာစီးရလိုက်တဲ့ စနစ်တခုကတော့ ဒေါ်လာငွေကြေးကို ကမ္ဘာ့နိုင်ငံများရဲ့ အရန်ငွေအဖြစ် ထားလိုက်ရတာပါ။ အဲဒီကာလက အမေရိကန်ကလည်း သူ့ဒေါ်လာငွေတွေကို ရွှေနဲ့ ချိတ်ဆက်ထားလို့ အချိန်မရွေး လဲလှယ်နိုင်တာပါ။ ကမ္ဘာ့စီးပွားရေး လည်ပတ်မှုတွေ တည်ငြိမ်အောင်လုပ်လိုက်တာဖြစ်လို့ စစ်ပြီးစကမ္ဘာကြီးအတွက် တစုံတရာအကျိုးရှိခဲ့ပါတယ်။
ဒီစနစ်တွေကို အမေရိကန်က အသုံးပြုပြီး သူ့နိုင်ငံပုံရိပ်ကိုရော၊ သူ့ငွေကြေးဒေါ်လာကိုရော ကမ္ဘာမှာပြိုင်ဖက်မရှိ အင်အားကြီးတရပ်အဖြစ် တည်ဆောက်လိုက်နိုင်ပါတယ်။
အမေရိကန်ဟာ သူကိုယ်တိုင် တည်ဆောက်ထားတဲ့ အဲဒီနိုင်ငံတကာအခင်းအကျင်း (International Order) အောက်မှာ အလွန်အကျိုးများခဲ့ပေမဲ့ နောက်ပိုင်း တခြားနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးထွားလာတဲ့အခါ ဒီနိုင်ငံတကာစနစ် (အမေရိကန်ကို ဦးစားပေးထားတာကြောင့်)ကို ပိုမိုတရားမျှတဖို့ တောင်းဆိုလာကြပါတယ်။ ဒီမှာတင် ကျန်ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံများ(Global South)ရဲ့ဝန်ရိုးစွန်းအများအပြားရှိတဲ့ ဗဟုစုံဝါဒ(Multipolarism) တောင်းဆိုတဲ့လှုပ်ရှားမှုများပေါ်ထွက်လာတာပါ။
နိုင်ငံတကာအခြေအနေ အပြောင်းအလဲများကို လက်မခံနိုင်ဘဲ မိမိရဲ့ တဦးတည်း ဗိုလ်ကျ လွှမ်းမိုးရေး (Unipolarism) ကို လက်လွှတ်မခံနိုင်တဲ့ အမေရိကန်အဖို့ သူ တည်ဆောက်ခဲ့တဲ့မူများကို တဖြည်းဖြည်း ဖောက်ဖျက်လာပါတော့တယ်။ ဒီတော့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနဲ့ ပဋိပက္ခတွေ တဖြည်းဖြည်း များလာတော့တာပေါ့။
ဒီမှာတင် နိုင်ငံတကာ အခင်းအကျင်းတွေ ဖရိုဖရဲ စဖြစ်လာပါတော့တယ်။ နောက်ဆောင်းပါးမှာတော့ အမေရိကန်ရဲ့ ဒေါ်လာ အတက်အကျအခြေအနေများအကြောင်း ရေးပါဦးမယ်။
လှကျော်ဇော
၁၂-၅-၂၀၂၆။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar