Breaking News

တရုတ်ပိုင် Wuhan Kingsrich အထည်ချုပ်လုပ်ငန်း ရပ်ဆိုင်းဖို့ အသိပေးကြေညာ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၅ မြင်ကွင်း

(မိုးမခ) မေ ၁၆ ၊ ၂၀၂၆


တရုတ်ပိုင် Wuhan Kingsrich အထည်ချုပ်လုပ်ငန်း ရပ်ဆိုင်းဖို့ အသိပေးကြေညာ

ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ Wuhan Kingsrich Garment အထည်ချုပ်လုပ်ငန်း ရပ်ဆိုင်းမယ့်အကြောင်း အသိပေးကြေညာလိုက်ပြီး လာမယ့် ဇွန်လကုန်မှာ လုပ်ငန်းရပ်ဆိုင်းမယ်လို့ သိရပါတယ်။ ဒီအထည်ချုပ်စက်ရုံမှာ ထောင်နဲ့ချီတဲ့ မြန်မာလုပ်သားတွေ အလုပ်လုပ်နေကြတာ ဖြစ်လို့ အထည်ချုပ်လုပ်သား ထောင်ဂဏန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ကြရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ 

လုပ်ငန်းရပ်ဆိုင်းရတဲ့ အကြောင်းရင်းကို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွေကို ပြန်လည်သုံးသပ်တာနဲ့ ပြင်ပစျေးကွက်အခြေအနေ ပြောင်းလဲမှုကြောင့်လို့ ဖေါ်ပြထားပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သွင်းကုန် ထုတ်ကုန်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ တသမတ်ထည်းမရှိခြင်း၊ အလုပ်သမားအခွင့်အရေး ဖောက်ဖျက်မှုနဲ့ ဆက်နွယ်ပြီး H&M တို့လို အထည်လက်လီရောင်းချတဲ့ ကုမ္ပဏီကြီးတွေရဲ့ အမှာစာရပ်ဆိုင်းမှု၊ ငွေကြေးတန်ဖိုး မတည်မငြိမ်ဖြစ်မှု၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု အစရှိတဲ့ အခြေအနေအကြောင်းအချက်တွေက လုပ်ငန်းရပ်ဆိုင်းရတဲ့ အကြောင်းတွေ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ 

လုပ်အားခ စျေးသက်သာသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စက်ရုံတွေ ဖွင့်လှစ်ကာ လက်ခ/လုပ်ခစား အနေနဲ့ ကုန်ကြနမ်း ပစ္စည်းတင်သွင်းကာ ချုပ်လုပ်ပြီး အခြားတတိယနိုင်ငံ စျေးကွက်တွေကို တင်ပို့ရောင်းချကြတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေမှာ အများအပြားရှိကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နအဖ၊ နဝတ စစ်အစိုးရလက်ထက်က စပြီး တရုတ်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်တို့က အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ စတင်လုပ်ကိုင်လာကြပြီး နှစ် ၂၀ ကျော် ၃၀ နီးပါး သက်တမ်းရှိလာပြီ ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို အနောက်ဥရောပ နဲ့ အမေရိကန်တို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေကို တင်ပို့ကြတာ ဖြစ်ပြီး အဲဒီနိုင်ငံတွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုရှိတဲ့ နိုင်ငံတွေက ကုန်ပစ္စည်းတွေကို ဝယ်ယူခြင်းမပြုဖို့ အရပ်ဖက် အဖွဲ့တွေနဲ့ အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက အဝတ်အထည်လက်လီရောင်းချတဲ့ ကုမ္ပဏီကြီးတွေကို ဖိအားပေးလေ့ရှိကြတာလည်း ဖြစ်ပါတယ်။ 

နအဖ အစိုးရလက်ထက်မှာကတည်းက မြန်မာနိုင်ငံက ချုပ်လုပ်တဲ့ အထည်တွေကို လက်လီရောင်းချတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေကို ဖိအားပေးမှုတွေ ရှိခဲ့သလို အဲဒီကာလက ပိတ်ဆို့အရေးယူမှုနဲ့ ၄င်းရဲ့အကျိုးဆက် ဖြစ်တဲ့ အထည်ချုပ်လုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုတို့ကို ဘယ်လိုနှိုင်းယှဥ် စဥ်းစားကြမလဲ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းကို ပိတ်ဆို့မှုထဲ ထည့်သွင်း မသွင်းနဲ့ပတ်သက်လို့ အမြင်မတူညီကြတာတွေ အဲဒီကာလက ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်မှာလည်း အရင် နအဖခေတ် နဲ့ တထပ်ထည်း မတူညီသည့်တိုင်အောင် အာဏာသိမ်းစစ်အစိုးရ အခွန်အကောက်မရစေဖို့၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ပြည့်ပြည့်ဝဝ အကောင်အထည် မဖေါ်မှု စတဲ့အချက်တွေ အပေါ်မူတည်ပြီး ပိတ်ဆို့မှုလုပ်ဖို့ တိုက်တွန်းမှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

အခုကာလမှာတော့ ဥရောပ သမဂ္ဂလို အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံက ချုပ်လုပ်တဲ့ အထည်တွေကို ပိတ်ဆို့တာမျိုး မလုပ်ပေမယ့် အဝတ်အထည် လက်လီရောင်းချတဲ့ ကုမ္ပဏီကြီးတွေက ၄င်းတို့ အပေါ် သက်ရောက်လာနိုင်တဲ့ ဖိအားကြောင့် ကုမ္ပဏီတခုချင်းက ၄င်းတို့ဘာသာ ဆုံးဖြတ်ကြတာလည်း တွေ့ရပါတယ်။ 

၂၀၂၁ နောက်ပိုင်း ကျယ်ပြန့်တဲ့အတိုင်းအတာနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို စစ်ဘေးတိမ်းရှောင်လာကြသူတွေ အများအပြားရှိလာကြပြီး မြို့ပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေသူ ပိုမိုများပြားလာပါတယ်။ ပြည်ပသို့ ထွက်ခွာပြီး အလုပ်အကိုင်ရှာဖွေသူတွေ ရှိသလို အကြောင်းကြောင်းကြောင့် ပြည်တွင်းမှာပဲ နေထိုင်ပြီး အလုပ်အကိုင် ရှာဖွေလုပ်ကိုင်နေကြရသူတွေ အဖို့ အထည်ချုပ်လုပ်ငန်းဟာလည်း အမှန်တကယ် ရသင့်တဲ့ လစာနှုန်းထားထက် နည်းပါးသည့်တိုင် ရေနစ်သူအဖို့ ကောက်ရိုးတမျှင်သဖွယ် ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်အစိုးရလက်ထက်မှာ အထည်ချုပ်လုပ်ငန်းဖြစ်စေ အခြားသော လုပ်ငန်းခွင်တွေက လုပ်သားတွေ ဖြစ်စေ အလုပ်သမား အခွင့်အရေးနဲ့ မျှတတဲ့ လုပ်အားခရဖို့ ခက်ခဲတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူတွေကို စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်နေတဲ့ နိုင်ငံရေးသမားတွေ အဖြစ်ရှုမြင်ပြီး ဖမ်းဆီး၊ ထောင်ချ အပြစ်ပေးတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က အလုပ်သမား အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ STUM က ဦးဆောင်သူတွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးကာ အပြစ်ပေးနိုင်တဲ့ ပုဒ်မရှာဖွေပြီး တရားရုံးတင်ခဲ့ပါတယ်။ ဒီလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က စစ်အစိုးရအပေါ် အရေးယူမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက်မှာ ပြန်လွှတ်ပေးခဲ့တာတွေ့ရပါတယ်။ 

စစ်အာဏာသိမ်းမှုအပြီး အုပ်ချုပ်ရေး ယန္တရားရဲ့ ခြစားမှုက ပိုမိုဆိုးရွားလာသလို အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုကို နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ကန့်သတ်တားဆီးတာ၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကြောင့် ကုန်ကျစရိတ်တွေကို အလုပ်သမားတွေရသင့်တဲ့ အကျိုးခံစားခွင့်တွေထဲက သုံးစွဲတာတွေကြောင့် အလုပ်သမားတွေရဲ့ နေ့တွက် လုပ်အားခတွေက မြန်မာကျပ်ငွေဖောင်းပွမှုနဲ့ ညီတဲ့အချိုးအစားမရရှိကြတော့ တဲ့ အဖြစ်တွေ ဖြစ်ပွားလာနေတာ တွေ့ရပါတယ်။ 

တရက်ကို ကျပ် ၆၈၀၀ လုပ်အားခဟာ အမေရိကန် ၁ ဒေါ်လာခွဲသာ ရှိတာကြောင့် စစ်အာဏာသိမ်းမှုမတိုင်ခင် ၄၈၀၀ ကျပ် ရခဲ့စဥ်က နဲ့ နှိုင်းယှဥ်ရင် ခေါက်ချိုးနီးပါး လျော့ကျနေတာ ဖြစ်ပါတယ်။ 

သို့ပေမယ့်လည်း အထည်ချုပ် အလုပ်သမားတွေ အဖို့ အခြားသော အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိသလောက် ရှားပါးတဲ့အခြေအနေ၊ စစ်ပွဲတွေကြောင့် ဇာတိမြို့/ရွာတွေကို မပြန်နိုင်တဲ့အနေအထားမှာ မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံ အလုပ်ကိုသာ ရွေးချယ်ကြရတဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒီပြဿနာမှာ ဝေခွဲရခက် ရွေးချယ်ရခက်တဲ့ အချက်က အလုပ်သမားအခွင့်အရေး အပြည့်အဝ မရှိတဲ့အခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေက ထုတ်ကုန်တွေကို မဝယ်ယူဖို့ တိုက်တွန်းမလား သို့မဟုတ် အမျိုးမျိုးသော အကြပ်အတည်း အခက်အခဲတွေကြား ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်းမရှိတဲ့ လုပ်သားတွေ အလုပ်လုပ်ခွင့်ရနေသေးပြီး စားဝတ်နေရေး ဖြေရှင်းနိုင်မှုကို ဦးစားပေးမလားဆိုတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ 


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar