Breaking News

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ်


မြန်မာနွေဦးခရိုနီကယ် - မေ ၂၀ မြင်ကွင်း

(မိုးမခ) မေ ၂၁ ၊ ၂၀၂၆


မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ် 

မကြာသေးခင်သီတင်းပတ်က အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ အစည်းအဝေး ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပပြီးနောက် အဆိုပါ အစည်းအဝေးမှာ တက်ရောက်ခွင့် မရခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီမိုဟာမက်ဟာဆန်က နေပြည်တော်မှာ နေ့ချင်းပြန်ခရီးစဥ်အဖြစ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ 

မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဟာ မေလ ၁၉ ရက်နေ့ခင်းမှာ နေပြည်တော်ကို ရောက်ရှိပြီး မြန်မာအစိုးရသစ် အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အဲဒီနေ့မှာပဲ ပြန်လည်ထွက်ခွာသွားတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မြန်မာခရီးစဥ်က ပြန်ရောက်ရောက်ချင်း လေတပ်စခန်းမှာ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားရာမှာတော့ ဒီခရီးစဥ်ဟာ မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး ခရီးစဥ်ဆိုတာထက် အာဆီယံ အဖွဲ့ကိုယ်စား အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ သွားရောက်တဲ့ သဘောမျိုး ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေ၊ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေး အရအဖြေမရှာနိုင်တဲ့ အကြပ်အတည်းနဲ့ ၂၀၂၁ ခုနှစ်က အာဆီယံ အဖွဲ့အဆိုပြုချက်ဖြစ်တဲ့ အာဆီယံမူ ၅ ချက် ကို အကောင်အထည် ဖေါ်ဆောင်နိုင်ခြင်း မရှိသေးတဲ့ အခြေအနေ စတာတွေကနေ အဖြေရှာဖို့ သွားရောက်ခဲ့တဲ့ သဘောလို့ နားလည်ရပါတယ်။  

မလေးရှား သတင်းဌာနရဲ့ ဖေါ်ပြချက်မှာတော့ “မြန်မာနိုင်ငံအတွက် ချဉ်းကပ်မှုအသစ်တစ်ရပ် ရေးဆွဲရန် အာဆီယံကို ကူညီနိုင်ရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ၎င်းတို့၏ မြန်မာ့အခြေအနေကို အကဲဖြတ်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန်နှင့် ထိတွေ့ဆက်ဆံရန် တာဝန်ပေးအပ်ခြင်းခံထားရကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်” လို့ ဖေါ်ြပထားတာ တွေ့ရပါတယ်။ 

ဒီသတင်းဖေါ်ပြချက် အရ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဥ်ဟာ အာဆီယံ အဖွဲ့ကို ကိုယ်စားပြုတဲ့ သဘောဖြစ်တာ ထင်ရှားပါတယ်။ ဒီခရီးစဥ်နဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်ကတော့ မြန်မာနဲ့ မလေးရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ ကျင်းပဆိုတဲ့ ခေါင်းစဥ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့သာ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

ဒီခရီးစဥ်မှာ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဘက်က ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး နဲ့ ပတ်သက်လို့ ပြောဆိုဖို့ ကြိုးစားတာတွေ ရှိကောင်းရှိပေမယ့် အဲဒီအကြောင်းအရာကို ပြောဆိုဆွေးနွေးဖို့ မြန်မာဘက်က ရှောင်လွှဲခဲ့ပုံပေါ်ပြီး ကျန်းမာရေးကောင်းတဲ့ အကြောင်းသာပြောဆိုခဲ့ကြောင်း သတင်းဌာနတချို့က ဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်းခဲ့တဲ့ မြန်မာအစိုးရသစ်ကို အာဆီယံ အနေနဲ့ အသိအမှတ်ပြုကြောင်း ထုတ်ဖေါ် ပြောဆိုခြင်း မရှိသည့်တိုင် မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ရာအတွက် ထိတွေ့ဆက်ဆံရမယ် ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားတဲ့ သဘောဖြစ်ပြီး အခုလို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ရဲ့ ခရီးစဥ် ဖြစ်ပေါ်လာတာလို့ ယူဆရပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက် ကြေညာထားတဲ့ ရက် ၁၀၀ အပစ်အခတ်ရပ်စဲရေးကို အနည်းဆုံးနောက်ထပ် ၆ လသက်တမ်းတိုးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

မလေးရှားနိုင်ငံ အနေနဲ့ စစ်တပ်နောက်ခံနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးနဲ့ အခုလို တွေ့ဆုံသလို မြန်မာအတိုက်အခံ အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အဖြေရှာရေး ရည်မှန်းချက်ထားရှိတဲ့ သဘောလို့ ကြားသိရတဲ့ အချက်အလက်တွေကို ခြုံငုံပြီး သုံးသပ်ရပါတယ်။ 

အာဆီယံ အနေနဲ့ အခုလို ချဥ်းကပ်မှုမျိုးတွေက အခုမှ လုပ်ဆောင်တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူခဲ့ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ အသီးသီး အထက်က ချဥ်းကပ်နည်းမျိုးနဲ့ ချဥ်းကပ်လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

အဲလိုဆို အခုတဖန်ချဥ်းကပ် ထိတွေ့ဆက်ဆံမှုက ဘာကြောင့် ဖြစ်လာသလဲလို့မေးရင် ပြီးခဲ့တဲ့ နှစ်ကုန်မှာ ကျင်းပခဲ့တဲ့ နိုင်ငံအများအပြားက တရားဝင် အသိအမှတ်မပြုခဲ့တဲ့ ရွေးကောက်ပွဲ အပြီး ပေါ်ထွက်လာတဲ့ အစိုးရသစ် အနေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေမှုကို ဖြေရှင်းမှု အသစ် ချဥ်းကပ်မှု အသစ်ရှိနေသလားဆိုတဲ့အချက်ကို အကဲဖြတ် စမ်းသပ်လိုတာလို့ ယူဆရပါတယ်။ 

ပြီးခဲ့တဲ့ မေလဆန်းက ဖိလစ်ပိုင် နိုင်ငံ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ညီလာခံမှာ မြန်မာနိုင်ငံက နိုင်ငံရေးရာထူး ရယူထားတဲ့ ခေါင်းဆောင်တဦးတယောက်မျှ ဖိတ်ကြားခံရခြင်း မရှိသလို မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဌဖိလစ်ပိုင် သမ္မတရဲ့ ပြောဆိုချက်တွေ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ပြီး

ခွဲခြားဆက်ဆံမှုတွေ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ အာဆီယံ ပဋိညာဥ် စာတမ်းပါ အခြေခံမူများကို ချိုးဖောက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ခြင်း၊ ပြောဆိုခြင်း နဲ့ ဖိအားပေးခြင်းတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြချက်ထဲမှာ “အာဆီယံအနေဖြင့် မြန်မာနဲ့စပ်လျဥ်းတဲ့ တူညီဆန္ဒမရရှိသေးလင့်ကစား မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ အလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်” လို့ လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ 

အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာစစ်ခေါင်းဆောင်တွေ အပေါ် ပျော့ပြောင်းတဲ့ သဘောထား ရှိနေတဲ့သဘောကို ရည်ညွှန်းထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အထက်ဖေါ်ပြပါ အခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ၂၀၂၅ နှစ်ကုန်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အစိုးရသစ်ကို အာဆီယံ အနေနဲ့ အသိအမှတ်မပြုတဲ့အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘဝင်မကျမှု အာဆီယံ အဖွဲ့နဲ့ ခပ်တန်းတန်း ဆက်ဆံမှုတွေကို ပျော့ပြောင်းလာစေဖို့ အာဆီယံအဖွဲ့က ကြိုးပမ်းမှုအနေနဲ့ အခုလို မလေးရှား နိုင်ငံခြားရေး ဝန်ကြီးခရီးစဥ် ထွက်ပေါ်လာတာလို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar