လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၂)
လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၂)
မိုးမခ ၊ မေ ၂၀ ၊ ၂၀၂၆
တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ
ဆောင်းပါး (၁) အဆုံးသတ်မှာ "နောက်တစ်ပုဒ်ကျရင် အမေရိကန် ဒေါ်လာရဲ့ နောက်ဆုံးအခြေအနေကို ရေးပါ့မယ်" လို့ ရေးခဲ့ပေမဲ့ အဲဒီဆောင်းပါး တင်လိုက်ချိန်မှာတော့ ထရန့်နဲ့ ရှီကျင့်ဖျင် ဆွေးနွေးပွဲ (၁၄-၁၅ မေလ၊ ၂၀၂၆) သတင်းက တကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်နေလို့ ဒီအကြောင်းကို အရင်ရေးချင်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ တစ်ကြိမ် တစ်ခါက ဒီလိုဖြစ်ရပ်တစ်ခုကို ပြန်သတိရမိပါတယ်။
၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ (၂一) ရက်နေ့တုန်းကလည်း ဒီလိုပဲ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းကို အမေရိကန်သမ္မတ နစ်ဆင်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံကြီးက တကမ္ဘာလုံးကို မှင်တက်မိသွားစေပါတယ်။
ဒီအဖြစ်အပျက်တွေဟာ နောက်ဆက်တွဲ သက်ဆိုင်ရာနိုင်ငံတွေမှာရော ကမ္ဘာတစ်ခုလုံးမှာပါ အခြေအနေ အပြောင်းအလဲတွေကို တဖြည်းဖြည်း ရုပ်လုံးပေါ်လာစေပေမယ့် ရုတ်တရက် ချက်ချင်း သိသာထင်ရှားတဲ့ အကြောင်းအရာတွေတော့ မဟုတ်ခဲ့ပါဘူး။
ဥပမာ - တရုတ်နဲ့ အမေရိကန် နှစ်ပေါင်း ၂၀ ကျော် (၁၉၄၉ မှ ၁၉၇၂ အထိ) အဆက်အသွယ်ပြတ်နေရာက ပြန်လည်ဆက်သွယ်ပြီးတော့ ဘာတွေ ရရှိခဲ့ကြသလဲ။
နှစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတဲ့ (ဘုံရန်သူ) ဆိုဗီယက်ယူနီယံကြီး အလစ်အငိုက်မိသွားခဲ့ပြီး တရုတ်ပြည်ဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နေရာရလာခဲ့ပါတယ်။ ဒီအရှိန်နဲ့ပဲ ၁၉၇၆ မှာ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး ထူထောင်လိုက်နိုင်ပြီး တစ်ဆက်တည်း ဂျပန်တို့၊ ဥရောပနိုင်ငံများနှင့် တစ်ဆက်တစ်စပ်တည်း သံတမန်ဆက်ဆံရေးများ ထူထောင်လိုက်နိုင်တဲ့အတွက် ၁၉၇၈ မှာ တိန့်ရှောင်ပိန် တက်လာပြီး ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ ကျင့်သုံးလာတဲ့အခါ အဆင်သင့် ရေခံမြေခံရပြီး ဖြစ်သွားပါတော့တယ်။ ဒီပေါ်လစီအရ တရုတ်ပြည်သူတွေရဲ့ ဘဝကို တစ်စုံတစ်ရာ မြှင့်တင်ပေးလိုက်နိုင်လို့ပဲ ၁၉၈၉ တီအန်မင်အရေးအခင်းကို တရုတ်ပြည်က ကျော်နင်းနိုင်ခဲ့ပြီး ဆိုဗီယက်ယူနီယံကတော့ ၁၉၉၁ မှာ ပြိုကွဲသွားရပါတယ်။
အမေရိကန်တို့အနေနဲ့လည်း သူတို့ အဆုံးသတ်ချင်နေတဲ့ ဗီယက်နမ်စစ်ပွဲကို တရုတ်ရဲ့ အကူအညီနဲ့ ၁၉၇၅ မှာ အဆုံးသတ်လိုက်နိုင်ပြီး သန်းပေါင်း ၈၀၀ (အဲဒီတုန်းက တရုတ်လူဦးရေ) ရှိတဲ့ ဈေးကွက်ကြီးနဲ့ အဆက်ရလိုက်ပါတယ်။ ဒါ့အပြင် နစ်ဆင်က မော်တို့၊ ကျိုးအင်လိုင်းတို့နဲ့ ဆွေးနွေးရင်း မော်ကပေးလိုက်တဲ့ သတင်းစကားကို မူတည်ပြီး အာရှဘက်မှာ စိတ်အေးရလို့ အရှေ့အလယ်ပိုင်းဒေသတွင်းဝင်ပြီး (Petrodollar-system) စနစ်ကို အကောင်အထည်ဖော်လိုက်ပြီး အမေရိကန်ဒေါ်လာရဲ့ အခန်းကဏ္ဍကို တိုးတက်ခိုင်မာစေလိုက်နိုင်ကာ အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်အတွက် အလွန်ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရလိုက်နိုင်ပါတယ်။
ဒါတွေဟာ မော်-ကျိုးအင်လိုင်းတို့နဲ့ နစ်ဆင်-ကစ်ဆင်ဂျာတို့ တွေ့ဆုံဆွေးနွေးအပြီး နောင်မှ တဖြည်းဖြည်း ပုံပေါ်လာတာပါ။ (ကျော်ဝင်း ဘာသာပြန်တဲ့ "ရာဇဝင်တွင်ရစ်မယ့် စကားဝိုင်းများ" ဖတ်ကြည့်ပါ။)
အခုလည်း ရှီနဲ့ ထရန့် ဆွေးနွေးပွဲအပြီး ဘာမှ မယ်မယ်ရရ အကျိုးမရှိပါဘူးလို့ တချို့သုံးသပ်သူများက ဆိုနေကြပါတယ်။ ဆန္ဒစောကြဟန်ရှိပါတယ်။
ရှီပေးတဲ့ သတင်းစကားများကို ကြည့်ရအောင်ပါ။
"ကျွန်တော်တို့ အခုပုံဖော်လုပ်ဆောင်နေတဲ့ တရုတ်ပြည်ကြီး ပြန်လည်ခေတ်မီတိုးတက်လာရေးနဲ့ အမေရိကန်ပြည်သူများ လုပ်ဆောင်နေတဲ့ အမေရိကန်ပြည်ကြီး ပြန်လည်ကြီးမြတ်လာရေး လုပ်ငန်းတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ပူးတွဲလုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရင် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိရုံမျှမက ကမ္ဘာကြီးအတွက်ပါ အကျိုးရှိနိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတွေအတွက်ပါ အကျိုးရှိနိုင်ပါတယ်။" (ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို တင်ပြနေတာပါ။)
"ဒီလို ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်နိုင်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ သူဆီဒီဒီးစ် ထောင်ချောက် (နဂိုရှိရင်းစွဲ အင်အားကြီးနိုင်ငံနဲ့ နောက်တက်လာတဲ့ အင်အားကြီးနိုင်ငံ နှစ်ခုကြားက စစ်ပွဲကို ဆိုလို) ကို ကျော်လွှားနိုင်မှာပါ။" တဲ့။
တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို အပြုသဘောဆောင်တဲ့၊ မဟာဗျူဟာမြောက် တည်ငြိမ်တဲ့ ဆက်ဆံရေးဖြစ်ရေးကို တိုက်တွန်းခဲ့ပါသေးတယ်။ (အထူးသဖြင့် တရုတ်အနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ စနစ်တကျရှိရေး ယန္တရားစနစ်တစ်ခု တည်ဆောက်ချင်နေတာပါ။) ဒါကို နှစ်နိုင်ငံလုံးက ခေါင်းဆောင်များက သဘောတူညီကြတယ် တဲ့။
တရုတ်က သူတို့နိုင်ငံရဲ့ အရေးအကြီးဆုံး ပူပန်မှုဖြစ်တဲ့ ထိုင်ဝမ်အရေးကိုလည်း အမေရိကန်အနေနဲ့ သတိထားကိုင်တွယ်ဖို့ သတိပေးလိုက်ပါသေးတယ်။ (ထရန့်က တရုတ်ပြည်ခရီးမစခင်မှာပဲ ထိုင်ဝမ်ကို ရောင်းပေးမယ့် ဘီလီယံချီရှိတဲ့ အရောင်းအဝယ်ကိစ္စကိုလည်း ဆိုင်းငံ့ထားပေးခဲ့ပါတယ်။)
ထရန့် အိမ်အပြန် မျက်နှာပန်းလှရေးအတွက် တရုတ်က အမေရိကန်ရဲ့ ပဲပိစပ်များ ဝယ်ယူဖို့ သဘောတူခဲ့ပါတယ်။ (ဒါက ထရန့်ရဲ့ အမာခံပရိသတ် အမေရိကန်လယ်သမားများ ကျေနပ်စေရေးပါ။) ထရန့်အတွက် ဒီဇင်ဘာမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း လိုအပ်နေတာပါ။
ထရန့်နဲ့ အတူပါလာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ အမည်စာရင်းကို ကြည့်ရင်လည်း တရုတ်ရဲ့ ဈေးကွက်ကို သူတို့တစ်တွေ ဘယ်လောက် မျှော်လင့်ချက်ထားနေသလဲ၊ ဘယ်လောက် လိုချင်နေသလဲဆိုတာ ပေါ်လွင်ပါတယ်။ အဲဒီလုပ်ငန်းရှင်ကြီးများကိုလည်း ထရန့်က ရှီကျင့်ဖျင်ကို တစ်ဦးချင်း မိတ်ဆက်ပေးတာ တွေ့ရပြီး ရှီကရော၊ တရုတ်ဝန်ကြီးချုပ် လီချန်းကရော သီးခြားတွေ့ဆုံဆွေးနွေးတာတွေ လုပ်တာလည်း တွေ့ရပါတယ်။
ဒါ့အပြင် ၁၅ ရက်နေ့က ထရန့်ကို (တရုတ်ခေါင်းဆောင်များ သီးသန့်နေထိုင်တဲ့) ကျုံးနန်ဟိုင် နန်းတော်တွင်းမှာ ရှီကျင့်ဖျင်က ဧည့်ခံစဉ် ပေးလိုက်တဲ့ သတင်းစကားတစ်ခုလည်း ရှိပါသေးတယ်။
"ကျွန်တော်တို့ တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျိုးကိုသာ ရှေးရှုပြီး တရုတ်ပြည်သူတွေရဲ့ ဘဝ သာယာဝပြောရေးကိုသာ ဦးစားပေး လုပ်ဆောင်နေပါတယ်။" တဲ့။
ထရန့်က အပြန်ခရီးမှာ အလွန်အောင်မြင်တဲ့ ခရီးလို့ ဆိုလိုက်ပြီး ထရန့်ကို လေယာဉ်ကွင်းပို့အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ဒီနှစ်ရက်တာ ဆွေးနွေးပွဲ (အချိန် ကိုးနာရီကျော်) အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးများအပြင် ကမ္ဘာ့ပြဿနာ အတော်များများကို နက်နက်ရှိုင်းရှိုင်း ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီမှုများလည်း ရခဲ့ကြောင်း၊ သမိုင်းဝင် အကျိုးကျေးဇူးများတဲ့ ဆွေးနွေးပွဲများဖြစ်ကြောင်း ပြောတာ ကြားလိုက်ရပါတယ်။ နှစ်နိုင်ငံအကြား ဘက်စုံ (သံခင်းတမန်ခင်း၊ စစ်ရေး၊ ဥပဒေရေးဆိုင်ရာ) အပြန်အလှန် ဖလှယ်ရေးများ လုပ်ဆောင်ရန်လည်း သဘောတူညီခဲ့ပါတယ် တဲ့။
အခုလောလောဆယ်မှာတော့ တရုတ်-အမေရိကန်ကြားက ကုန်သွယ်ရေး တင်းမာမှုများ လျော့နည်းသွားတာကတော့ ကမ္ဘာကြီးအတွက် သတင်းကောင်းတစ်ခုပါပဲ။ ကျန်အကြောင်းအရာများ (သတင်းအကောင်း-အဆိုး) ကတော့ တဖြည်းဖြည်း ပေါ်လာနိုင်ကောင်းပါရဲ့။ ထရန့်က အမေရိကား ပြန်ရောက်ရင် ဘာတွေ ထုတ်ပြောလာမလဲ စောင့်ကြည့်ကြပါစို့။
လှကျော်ဇော
၁၆-၅-၂၀၂၆
~~~~~~~~~~~~~~~
လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar