Breaking News

လေခဏီ - စည်းရုံးရေးအရွဲ့၊ စစ်ရေးအယိုင်

လေခဏီ - စည်းရုံးရေးအရွဲ့၊ စစ်ရေးအယိုင်

မိုးမခ ၊ မေ ၂၁ ၊ ၂၀၂၆


မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေ ဖော်ဆောင်ခဲ့တုန်းက လုပ်ဆောင်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ မြစ်ဆုံစီမံကိန်း ရပ်တန့်သွားရေးပေါ့။ မြစ်ဆုံစီမံကိန်းကတော့ ရပ်တန့်သွားတယ်။ နောက်တစ်ဆင့်ကတော့ ပိုက်လိုင်းနောက်ဆက်တွဲ ကူမင်း-ကျောက်ဖြူ ရထားလမ်း စီမံကိန်း မဖြစ်ပေါ်ရေး။ ပိုက်လိုင်းကိုတော့ တားမရနိုင်တော့ဘူး။ ဒီနှစ်ခုမှာ ဆည်စီမံကိန်းကို ရည်ရွယ်ပြီးတော့ ကမ်ပိန်းတွေ လုပ်ခဲ့ကြတယ်။ အဲဒီအချိန် အဲဒီကာလမှာ မြစ်ဆုံစီမံကိန်း ရပ်တန့်သွားရေး လှုပ်ရှားမှုတွေကို အရပ်သားအစိုးရတဖြစ်လဲ ဦးသိန်းစိန်ကလည်း ပြည်သူလူထုနဲ့ ထပ်တူလိုက်ပါ ဆောင်ရွက်ခဲ့တယ်။ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကတော့ အကောင်အထည်ဖော်တဲ့အဆင့် မရောက်ခဲ့သေးဘူးပေါ့။ ပထမအဆင့်က မြစ်ဆုံစီမံကိန်း ရပ်တန့်သွားတယ်။ ဒုတိယအဆင့်ကတော့ ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ရပ်တန့်ဖို့ကတော့ နောက်တစ်ဆင့် ကြိုးစားရမယ်ဆိုတဲ့ မှန်းထားချက် အားလုံးမှာ ရှိကြတယ်။ မြစ်ဆုံဆည်က မှန်းထားတဲ့အတိုင်း အောင်မြင်သွားတယ်ပေါ့။

ဒါပေမဲ့လို့ အပြည့်အဝတော့ မဟုတ်ဘူး။ ဦးသိန်းစိန်က သူ့အစိုးရတစ်သက်ပဲ နားလိုက်တာကိုး။ ဦးသိန်းစိန်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့အခါမှာ မြစ်ဆုံဆည်စာချုပ်ကို ချပြမယ်ဆိုတော့ ချပြပြီး လူထုဆန္ဒခံယူလိုက်မယ် ထင်နေတာ၊ ဖြစ်မလာခဲ့ဘူး။ ဘာ့ကြောင့် မဖြစ်ခဲ့တာလဲ မသိဘူး။ တရုတ်ဟာ ဒေါ်စုကို မိတ်ဆွေဟောင်းလို့ သုံးနှုန်းထားတာလည်း စဉ်းစားစရာကိုး။ NLD လက်ထက်မှာ တရုတ်နဲ့ ချုပ်ထားတဲ့ စီမံကိန်းတွေ အများကြီးရှိတာပဲလေ။ စစ်တပ်နဲ့ ချုပ်တာတွေက NLD နဲ့ ချုပ်တာလောက် အာမခံချက်မရှိဘူး မဟုတ်လား။ မြစ်ဆုံစာချုပ် ထုတ်မပြပေမဲ့ ကူမင်း-ကျောက်ဖြူ စီမံကိန်းရဲ့ စာချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်ချုပ်ဆိုနိုင်ခဲ့တယ်။ အကြွေးနွံ သံသရာထောင်ချောက်ထဲမှာ မမိအောင် ရှောင်နိုင်ခဲ့တယ်။ ဒါက ရှင်းရှင်းပြောရရင် ဦးသန်းရွှေလက်ထက်တုန်းက ကျွံထားတဲ့ဟာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဆွဲနှုတ်ပေးရတာပေါ့။ ဒါတွေက ဘယ်ကနေ အစပြုခဲ့တာလဲဆိုလို့ရှိရင်တော့ ဝမ်ပေါင်။ ဝမ်ပေါင်မှာ စစ်အုပ်စုခေါင်းဆောင်တွေက တရုတ်ကို ဖားပြီးတော့ သပိတ်စခန်းဖွင့်ထားတဲ့ ဘုန်းကြီးတွေ၊ လူတွေကို မီးသင်္ကန်းကပ်လိုက်တယ်၊ မီးလောင်တိုက်သွင်းလိုက်တယ်။ အဲဒါကို အကြောင်းပြုပြီး တစ်ပြည်လုံးက ထကြွလာတဲ့အခါ တရုတ်သံရုံးက မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်း စီရင်တာခံပါ့မယ်ဆိုပြီး အလျှော့ပေးစာ ထုတ်ရတဲ့အထိ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ဒေသခံတွေနဲ့ တခြားသူတွေရဲ့ မလိုမုန်းထားမှုတွေကို ခံပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌတာဝန်ယူကာ ကြေးနီစီမံကိန်းစာချုပ်တွေကို ပြင်ချုပ်နိုင်ခဲ့တယ်။ အပြန်အလှန်အားဖြင့် စစ်အုပ်စုအနေနဲ့လည်း ဒေါ်စုတို့အတွက် ၂၀၀၈ ခြေဥပြင်ဖို့ အဆိုတင်ပေးခဲ့တယ်။

နောက်တစ်ခုကတော့ သူ့ရဲ့လက်ထက်မှာ သူဘာထပ်လုပ်ခဲ့လဲဆိုတော့ ကျောက်ဖြူစီမံကိန်းရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ခဲ့တယ်။ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်တွေ အားလုံးကို ရှောင်တိမ်းနိုင်ခဲ့တယ်။ ဒါကို တရုတ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျေနပ်မှာတော့ မဟုတ်ဘူးပေါ့နော်။ အသိဉာဏ်မဲ့ အဆင်ခြင်နုံ့နဲ့ စစ်အုပ်စုနဲ့ အလုပ်လုပ်ရတာမျိုးလို ဘယ်ကျေနပ်မလဲ။ စစ်အုပ်စုကတော့ သူတို့ခိုင်းတာ လုပ်တာပဲပေါ့။ အဲလိုကျတော့ အာဏာသိမ်းတာကြီးတောင် တရုတ်က ခိုင်းသလားလို့တောင် တွက်လို့ရတယ်။ ခိုင်းပြီးတော့ သူက အခု ရွေးကောက်ပွဲလုပ်ပြီး မင်းအောင်လှိုင် သမ္မတလုပ်တဲ့အထိတောင် စီမံတာကိုး။ အာဏာသိမ်းဖို့တောင် သူ့ရဲ့အကြံအစည်ပါတယ်လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်တယ်ပေါ့။

အဲဒီတော့ အာဏာသိမ်းလိုက်တဲ့အခါကျတော့ တရုတ်ရော၊ မင်းအောင်လှိုင်ရော၊ စစ်တပ်ရော ဘယ်လိုမှ မျှော်လင့်မထားတဲ့ လူထုရဲ့ တုံ့ပြန်မှုကို ခံလိုက်ရတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လူထုရဲ့ နိုင်ငံရေးအရ ကြည်ညိုလေးစားမှု ထုထည်ကို မြင်ရတာပဲ။ ဒါက အာဏာရှင်တွေ ဘယ်တော့မှ မရဖူးသလို ဘယ်တော့မှလည်း မယုံကြည်တဲ့ ဖြစ်စဉ်မျိုး။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အာဏာသိမ်းခံလိုက်ရတဲ့အချိန်မှာ သူတို့ မျက်ဝါးထင်ထင် မြင်ရတယ်။ လူထုဟာ ရရာလက်နက်ကို စွဲကိုင်ပြီးတော့ အာခံတယ်၊ တော်လှန်တယ်။ အိုးအိမ်အသက်တွေ အဆုံးရှုံးခံတယ်။ တော်လှန်ရေးကို လက်ခံတယ်၊ ပူးပေါင်းတယ်။ ပါဝင်တယ်၊ အားပေးတယ်၊ ထောက်ပံ့တယ်။ အဲဒီလိုမျိုး ဖြစ်သွားတယ်။ မထင်မှတ်ဘဲ ဗမာပြည်တစ်ပြည်လုံး၊ အထူးသဖြင့် ဗမာလူမျိုးတွေအကုန်လုံး၊ ဗမာဒေသတွေအကုန်လုံးက တော်လှန်ရေးဒေသကြီး ဖြစ်သွားတယ်။ တော်လှန်ရေးဒေသကြီး ဖြစ်တာကလည်း တောတောင်တွေရှိလို့လည်း မဟုတ်ဘူး၊ ချိုင့်ဝှမ်းတွေရှိလို့လည်း မဟုတ်ဘူး။ ဘာမှမရှိဘူး၊ ပြောင်ကြီးမှာကို။

ကဲ... ဒီကောင်တွေတော့ ချမှရမယ်၊ တော်လှန်မှရမယ်၊ ဒီကောင်တွေ မရှိမှဖြစ်မယ်ဆိုပြီးတော့ကို တော်လှန်ကြတာပေါ့။ အင်မတန်ထူးခြားတဲ့ တော်လှန်ရေးပါ။ ရှေးတုန်းက ဗမာပြည်နိုင်ငံရေးမှာ တောခိုတယ်ဆိုတာ ရှိတယ်။ ခုက ဘာတောမှမခို၊ ကိုယ့်ရွာကို၊ ကိုယ့်မြို့ကို တပ်တည်ဆောက်ပြီးတော့ ချကြတာပေါ့။ ဒါမျိုးက ကမ္ဘာမှာလည်း ရှိမယ်မထင်ပါဘူး၊ မြန်မာမှာလည်း အရင်က မရှိခဲ့ဖူးပေါ့။ ဒါတွေနဲ့ ကြုံနေရတယ်။

စစ်အုပ်စုက ဘာဖြစ်သွားလဲဆိုတော့ မထင်မှတ်တဲ့ ရှုံးနိမ့်မှုတွေ၊ ကျဆုံးမှုတွေ ဖြစ်သွားတယ်။ စွန့်လွှတ်ရတဲ့ နယ်မြေတွေ တအားများသွားတယ်။ ဒီကြားထဲမှာ တရုတ်သဘောတူညီချက်ပါတဲ့ ၁၀၂၇ စစ်ဆင်ရေးဆိုတာကြီးကလည်း ပေါ်လာတယ်။ ရှမ်းမြောက်တစ်ခုလုံး ဆုတ်ပေးလိုက်ရတယ်၊ လက်လွှတ်လိုက်ရတယ်ပေါ့။ ဒါကို တရုတ်က ပြန်ထိန်းပြီး၊ တချို့တွေ ပြန်ပေးခိုင်းပြီးတော့ ရွေးကောက်ပွဲတွေ ဘာတွေလုပ်ခိုင်းပေါ့နော်၊ အထိုက်အလျောက် ဖြေလျှော့ခိုင်းပေါ့။ ဥပမာ သမ္မတကို လွှတ်တာမျိုး၊ ဒေါ်စုကို နေအိမ်အချုပ်ပြောင်းတာမျိုး၊ ဒါမျိုးတွေ လျှောက်လုပ်ပြီးတော့ နိုင်ငံရေးဖြေလျှော့မှုကို စစီမံလုပ်ဆောင်လာတယ်။


တပြိုင်နက်တည်းမှာပဲ ဘာဖြစ်လာလဲဆိုတော့ တရုတ်က MNDAA နဲ့ TNLA ကို ထိန်းချုပ်လိုက်နိုင်တဲ့အခါကျတော့ အထက်မြန်မာပြည်မှာ စစ်ရေးလှုပ်ရှားမှုတွေက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ရတဲ့အဆင့် ရောက်လာတာပေါ့။ တရုတ်ရဲ့ ဖိအားရှိသလို တစ်ဖက်ကလည်းပဲ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေပေါ့နော်။ ဒါတွေက ဘာတွေလဲဆိုတော့ ဗိုလ်နဂါးရဲ့ အဖွဲ့တွေအားလုံးကို ဖြိုခွဲပစ်လိုက်တာမျိုး၊ ဗိုလ်မုန်တိုင်းကို ဖမ်းဆီးပြီးတော့ MDY PDF အဖွဲ့ရဲ့ အင်အားစုတွေကို ရိုက်ခွဲချေမွပစ်လိုက်တာမျိုး၊ အခုဆိုရင်လည်း မကွေးမှာပေါ့ ဗိုလ်လကျ်ာတို့ကို သွားပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ အကျပ်ကိုင်အရေးယူနေတာမျိုးတွေပေါ့။ ဒါမျိုးတွေကို လှည့်လုပ်လာတယ်ပေါ့။ အဲဒါကတော့ ယူနီတီအစိုးရပဲ အကိုင်အတွယ်ကောင်းသလား၊ ဘာသံမှတော့ ထပ်မကြားရတော့ဘူး။

နောက်တစ်ခုက အကျပ်အတည်းပေါ့နော်။ လူတွေက အရင်လို မထောက်ပို့နိုင်တော့ဘူး၊ မလှူနိုင်တော့ဘူးပေါ့။ နောက်တစ်ခါ PDF ရဲဘော်တွေ ရပ်ရွာလူထုအပေါ်မှာ မောက်မာမှုတွေ၊ မချေငံမှုတွေ၊ ကိုယ်လွတ်ရုန်းမှုတွေပေါ့။ ဒါတွေကလည်းပဲ စစ်ရေးရှုံးရာ ရှုံးနိမ့်ကြောင်းဘက်ကို ဦးတည်လာတယ်ပေါ့။ အချင်းချင်းမတည့်တာတွေ၊ လူပါးဝတာတွေ၊ ရပ်တည်ဖို့ ခက်ခဲလာတာတွေပေါ့နော်။ အလှူအတန်းလည်း ပင်ပန်းလာကြပြီ အားလုံးက။ ဒီအခြေအနေက ခုတိုင်းပြည်မှာ ဖြစ်လာတာတွေပေါ့။ ဒါတော်တော်တော့ ကြောက်စရာကောင်းလာတယ်။ တရုတ်စီစဉ်တဲ့အတိုင်းပေါ့။ တရုတ်အစီအစဉ်တွေကလည်း ပိုပြီးတော့ အကောင်အထည်ပေါ်လာတယ်။ အမေရိကန်ကလည်း အီရန်နဲ့ ဖြစ်နေတဲ့ကိစ္စ၊ နောက်တစ်ခါ နေတိုးနဲ့ အမေရိကန် အဆင်မပြေတော့တဲ့ ကိစ္စတွေ ကြီးထွားလာတယ်။ အဲဒီတော့ တရုတ်ရဲ့ ဦးဆောင်မှုကလည်း ပိုပြီးတော့ အားကောင်းလာတယ်။ တရုတ်ရဲ့ လုပ်ဆောင်မှုတွေကလည်း ရှေ့ကို ခြေလှမ်းခပ်သွက်သွက် တိုးလာတယ်။ မြန်မာပြည်မှာဆိုလို့ရှိရင် ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ကို သူက တော်တော်မြန်မြန်ဆန်ဆန်ကို ပြန်လုပ်လာတယ်။ ဒါက သူ့အတွက်လည်း အရေးကြီးတဲ့ အခြေအနေဖြစ်လာကိုး။

စစ်ရေးက လောလောဆယ်မှာ ကိုယ့်ဘက်မှာတော့ အကျဘက်ကို ရောက်လာတယ်။ ဒါငြင်းမရဘူး၊ ဒါသေချာတယ်။ ဒါကို ဘယ်လိုပြန်ဖာထေးမလဲ။ စဉ့်ကူး-သပိတ်ကျင်းကို လက်လွှတ်လိုက်ရတာ တကယ်တမ်းတော့ ကိုယ့်တော်လှန်ရေး ရန်ပုံငွေ ရွှေတွင်းကြီး ဆုံးရှုံးသွားတာပဲလေ။ တကယ့်နေရာကြီးပဲ။ တဖြည်းဖြည်းနဲ့ ကချင်ပြည်နယ်ထိ တိုးလျှိုပေါက်ပွင့်သွားတယ်။

ဒါကြီးက MDY PDF အပေါ်မှာ အကိုင်အတွယ်မှားလို့ ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ သိပ်ကို ကြီးမားတဲ့ နစ်နာတဲ့ ဆုံးရှုံးမှုကြီးပဲ။ တော်တော်လေးကို နစ်နာပါတယ်။ ဒါတွေကို အကုန်လုံး တွက်ချက်ဖို့တော့ လိုလာပြီပေါ့နော်။ တွက်ချက်ပြီးတော့ ဘယ်လိုဆက်ပြီးတော့ စခန်းသွားကြမလဲပေါ့နော်။ သေချာတာကတော့ စည်းရုံးရေးမှာတော့ အားနည်းလာတာ သေချာတယ်။ ဘာလို့တုန်းဆိုတော့ စည်းရုံးရေးအားနည်းလာတာလည်း တပ်တွေကို ထောက်ပံ့နိုင်မှု အားနည်းတာလည်း ပါမှာပေါ့။ နေရာနဲ့လူနဲ့မကိုက်တာတွေ၊ ခန့်ထားမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်း အများကြီးပေါ်လာတယ်။ ရဲဘော်တွေကို မထိန်းကျောင်းနိုင်တာတွေ၊ နောက်တစ်ခါ ကိုယ့်ထင်ရာမြင်ရာ ခေါင်းဆောင်တွေ ကောက်တင်တာတွေ၊ စစ်ရေးဩဇာမရှိတဲ့လူတွေကို စစ်ရေးရာထူးတွေ ပေးတာတွေပေါ့နော်။ ဒါတွေကို အကြောင်းပြုပြီးတော့ စစ်ရေးဘက်မှာ အားနည်းလာတာတော့ အမှန်ပဲ။ ဒါတွေကို အချိန်မီပြုပြင်ပြီးတော့ SCEF က ဘယ်လောက်ထိအောင် ပြန်ပြီးတော့ ဆွဲတင်နိုင်မလဲပေါ့။ SRA တို့၊ ယူနီတီအစိုးရတွေနဲ့ ပေါင်းပြီးတော့ပေါ့။ ယူနီတီအစိုးရတွေက local တွေကို စည်းရုံးထိန်းကျောင်းပြီးတော့ ဘယ်လိုဆက်သွားနိုင်မလဲပေါ့နော်။ တကယ့်မဟာဗျူဟာကြီးတွေ ပူးပေါင်းချမှတ်နိုင်မလားပေါ့။ ချမှတ်နိုင်မှလည်း ဖြစ်တော့မှာပေါ့။ မဟုတ်ဘူးဆိုရင်ကတော့ စစ်အုပ်စုဘက်က အားသာတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ မြင်နေရတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar