Breaking News

ရှင်ရဲထွဋ် - ခင်ဗျားနဲ့ကျုပ်အသစ်တခုခုလုပ်ရအောင်

Art- Aung Htet
 
ခင်ဗျားနဲ့ကျုပ်အသစ်တခုခုလုပ်ရအောင်
ရှင်ရဲထွဋ်
(မိုးမခ) မေ ၂၆၊ ၂၀၂၆
 
အသစ်တွေပေးစမ်းပါ၊ အသစ်တွေမရှိတော့ဘူးလား၊ 
ဒီမှာ
လည်ပတ်အဟောင်းကြီးစွပ်ရင်း
နတ်ကွန်းအဟောင်းကြီးကိုပူဇော်ပသနေရ၊
ဒီမှာ 
အောက်ဆီဂျင်ပိုက်အဟောင်းကြီးစွပ်ရင်း
ဂါလံခွက်အဟောင်းကြီးနဲ့ငါးကျပ်သားတဆယ်သားလက်လီစိတ် ချင်တွယ်ခံနေရ၊

တလောကလုံးအဟောင်းတွေချည်းပဲ၊
ငါတို့နင်းပြီးချော်လဲဖို့
ငှက်ပျောခွံ အဟောင်းတွေတောင်
လမ်းပေါ်မှာအပြည့်၊
ငါတို့ကိုထည့်ပြီးသော့ခတ်ဖို့
ဘီရိုအဟောင်းကြီးတွေလည်းကွန်တိန်နာနဲ့အပြည့်၊

အသစ်တွေပေးပါ၊
တခါလာလည်း
လယ်ကွင်းထဲမှာဘုရင်တဆူလိုကားကားကြီးရပ်နေသူ
စာခြောက်ရုပ်အဟောင်းကြီးနဲ့
တခါလာလည်း
ဆေးခြောက်ယင်းထတိုင်း ရေတံခွန်ကိုဆန်တက်တတ်တဲ့
ဒိတ်လွန်ဆယ်လမွန်ငါးအဟောင်းကြီးတွေနဲ့၊

ပေးစမ်းပါ ၊
 ဂျိမ်းစဘွန်းဓာတ်ရှင်ထဲက
"ရှောင်ကွန်နရီကြီး" ကို စပိုင်မအသစ်လေး
"အာဆူလာအန်းဒရက်စ်" နဲ့ဟိုတယ်မှာအမှတ်
မထင်ဆုံပေးလိုက်ကြသလိုမျိုး၊
လုပ်စမ်းပါ၊
စကြဝဠာထဲမှာအမည်မပေးရသေးတဲ့
"စနေဂြိုဟ်" အသစ်တလုံးကိုမှန်ပြောင်းထဲမှာ
"ဂလီလီယို" ကြီးရုတ်တရက်တွေ့လိုက်ရသလိုမျိုး၊

ဓာတ်ခွဲခန်းထဲမှာ
ဓာတုဗေဒပညာရှင် "အန်တိုနီလဘွိုင်ဆီယာ" ဟာ
"ဒြပ်ထုထိန်သိမ်းခြင်းနိယာမ" အသစ်ကိုရှာဖွေတွေ့ရှိသလိုမျိုး၊
 
တော်တီလာဖလက်ထဲက" ပီလွန် "ဆိုတဲ့ငနဲ
စစ်သားတွေရဲ့ဘားတိုက်ထဲမှာ
ဝိုင်အရက်ပုံးအသစ်တလုံးတွေ့လိုက် သလိုမျိုး၊

"ရှာနိုဘိုင်း" ဆိုတဲ့မြင်းခြံထဲကို
အိန္ဒိယ"ဂူလဂုတ်ပြည်နယ်" က
အဖြူရောင်မြင်းမအသစ်လေးတကောင်ရောက်လာသလိုမျိုး၊
 
ကမ္ဘာဦးသား "ဂူရီး" ရဲ့မီးဖိုထဲ
အသားတုန်းပြုတ်ကျရာက
မွှေးကြိုင်တဲ့သွားရေယိုစရာအနံ့အသစ်တခုရလိုက်သလိုမျိုး၊

"မော်နီကာလူးဝင်းစကီး" ဟာ
"ကလင်တန်"  ရဲ့ရုံးခန်းထဲ ရေမွှေးအသစ်တမျိုး
ဆွတ်လာသလိုမျိုး၊
ဒေါ်ခင်ဆိုတဲ့အပျိုကြီး
ကျားပျံမကောက်အသစ်တလိပ်မီးညှိ ဖွာပြီး မျက်စေ့လေးမှေးဇိမ်ယူလိုက်သလိုမျိုး၊

အသစ်တွေပေးစမ်းပါကွာ၊
ဆာလောင်နေတာအသစ်တွေပဲ၊

ထောင့်တညပုံပြင်ထဲက "ပါရှန်ဘုရင် ရှာလီယာ" မင်းကြီးကို
သူ့မိဖုရား"ရှာဟာရာဇတ်" ပြောပြတဲ့
"သင်္ဘောသားဆင်းဘတ်" လိုပုံပြင်အသစ်အဆန်းမျိုးမဟုတ်တောင်မှ
အဝေးပြေးဂိတ်ကဖာခေါင်း "အီစွတ်" လို
အကြိမ်ကြိမ်လေ့ကျင့်ထားတဲ့အသံနဲ့
"အစ်ကိုရေဘိမှာအသစ်ကလေးတွေရောက်နေတယ်ဗျ" ဆိုတဲ့ဆွယ်စကားမျိုး
တိုးတိုးလေးလောက်ပဲဖြစ်ဖြစ်ပေါ့ကွာ၊

မေ ၂၀၂၆
_
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar