Breaking News

ကိုသန်းလွင် - ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ


ကိုသန်းလွင် - ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ

မိုးမခ ၊ မေ ၂၆ ၊ ၂၀၂၆ 


(၁)

မကြာခင်က အဝေးမှာနေသော ကျွန်တော့်သားကြီးသည် သူ့အလုပ်ရှိရာမြို့သို့ ပြန်သွားသည်။ သားကို လေဆိပ်သို့ ပို့ပြီးအပြန် အိမ်ထဲသို့ ဝင်ရင်း အိမ်ကို လွမ်းဆွတ်သလို ခံစားရပါသည်။ ကျွန်တော့်သားသာ အဝေးသို့ သွား၍ ခွဲရခြင်း မဟုတ်ပါ။ ကျွန်တော် ချစ်သမျှ၊ ခင်မင်ရင်းနှီးသမျှ ပုဂ္ဂိုလ်အားလုံး အဝေးမှာလိုချည်း ဖြစ်နေသည်။ ကျွန်တော်၏ မိခင်၊ ဖခင်နှင့် ညီအစ်ကိုအားလုံး ကွယ်လွန်သွားကြပါပြီ။

ကျွန်တော်သာ မဟုတ်၊ ပတ်ဝန်းကျင်မှ လူအားလုံးသည် သူတို့ ချစ်ခင်သော မိတ်ဆွေများကို ဆုံးရှုံးနေကြသည်။ အလုပ်ပြုတ်ခြင်း၊ မသိသော ရောဂါပိုး၏ တိုက်ခိုက်ခံရခြင်း၊ တယ်လီဖုန်းကိုသာ အဖော်လုပ်၍ နေရခြင်း၊ လူတိုင်းသည် လုပ်ချင်တာကို မလုပ်ရဘဲ လွမ်းဆွတ်၍သာ နေကြရသည်။ ကျွန်တော်တို့သည် ရပ်တည်နိုင်ရန် နေရာကောင်းကောင်းတစ်ခု လိုအပ်ပါသည်။ ကျွန်တော်သည် ထို ပျောက်နေသော နေရာကို ရှာဖွေနေမိသည်။ သတိမမူ၍ မမြင်ခဲ့သော ကျွန်တော့်ရှေ့မှာ ရှိနေသည့်အရာ၊ ထိုအရာသည် ထင်ရှားစွာရှိနေပါလျက် မမြင်မိခဲ့။ ထိုအရာသည် တခေတ်ဆန်းလာသော ဓလေ့ထုံးစံ ဖြစ်ပါသည်။

(၂)

မိမိဘဝသည် အထီးကျန်ဖြစ်၍ နေသည်။ ဤသို့ ဖြစ်ရသည်မှာ ကျွန်တော်တို့ သက်တမ်းတလျှောက်လုံး ဖြစ်သည်။ မိမိတို့၏ ဘဝများကို စုစည်းနေထိုင်ရန် ကြိုးစားကြရသည်။ အထီးကျန်ဖြစ်ခြင်း၊ အမြင်စောင်းခြင်း၊ ဒီဂျစ်တယ်ဘဝထဲတွင် နစ်မြုပ်ထားရခြင်းတို့ကို ပစ်ပယ်ကာ မိမိတို့၏ ရိုးရာဓလေ့ဘက်ကို လှည့်လာကြပါသည်။ စုပေါင်း၍ ပြုလုပ်ရသောဓလေ့၊ ရွေးချယ်၍ ပြုလုပ်ရသောဓလေ့၊ အထပ်ထပ်ပြုလုပ်ရသော ဓလေ့တို့ ဖြစ်ပါသည်။ စိတ်ဝင်စားသော သူတို့သည် မိမိဘဝကို အမှတ်တရဖြစ်စေရန် အချစ်၊ လူသားတို့၏ မေတ္တာ၊ မိသားစုကျန်းမာရေးတို့ကို မှတ်မှတ်ရရ ရှိစေချင်ကြသည်။

စုပေါင်းအဖြေရှာသော နည်းလမ်းသည် တစစီကွဲပြားနေသော လူ့အဖွဲ့အစည်းကို စုစည်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ကြီးမားသော ကုမ္ပဏီကြီးများ၏ ဟန်ဆောင်ထားသော ရင်းနှီးမှုမျိုး မဟုတ်၊ ဘယ်အခြေခံကပဲလာလာ လူတိုင်း ပါဝင်နိုင်ရန် နည်းလမ်းတစ်ခုကို ရှာပေးဖို့လိုပါသည်။ ဓလေ့ထုံးစံအရ ပြုလုပ်သောနည်းများသည် လူသားတို့ကို စုစည်းပေးမည့် ‘ကော်’ များဖြစ်သည်။ ထိုနည်းသည် လူတို့ကို ပထမဦးဆုံး စုစည်းပေးခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်းကျော်က လူသေလျှင် လူအများစုပေါင်းတွေ့ဆုံရသော ဓလေ့ ရှိခဲ့ပါသည်။ လူ့ယဉ်ကျေးမှုတွင် ဘယ်လူမျိုးမဆို လူတို့သည် မသေချာ မရေရာသောအချိန်၊ ဝမ်းသာရသောအချိန်တို့တွင် အမှတ်ရဖွယ် အရေးအခင်းများကို အောက်မေ့ဖွယ်ရာ ကျင်းပကြသည်။ ထိုဓလေ့ထုံးတမ်းများမှာ လူတို့၏ စိတ်ဖိအားကို လျော့ကျစေသည်။ ရင်ကို အေးစေသည်။ ကြောက်လန့်နေချိန်များတွင် နှလုံးခုန်နှုန်းကို ထိန်းညှိပေးသည်။ လူတို့သည် လွမ်းဆွတ်နေရချိန်၊ ဝမ်းသာစရာများအတွက် ဝမ်းမြောက်နေရချိန်တို့တွင် အချင်းချင်း ညီညွတ်စေသည်။ ၎င်းတို့သည် မိသားစုများကို ခိုင်ခန့်စေပြီး ပတ်ဝန်းကျင်ကို စုစည်းပေးကာ မတူညီသောအချက်များကို မေ့သွားစေပါသည်။

လူတို့သည် တစ်စုနှင့်တစ်စု ရောယှက်နေသည့် လူအုပ်စုကြီးများဖြင့် နေထိုင်ကြသည်။ မိသားစုများ၊ လူအုပ်စု (tribes) များ၊ ကျေးရွာ၊ နိုင်ငံ၊ ယဉ်ကျေးမှု၊ ဘာသာရေးအဖွဲ့အစည်းများ ဖြစ်ပါသည်။ ထိုအုပ်စုများသည် မိမိတို့အုပ်စု တည်မြဲစေရန် သတ်မှတ်ချက်များ (Shared conventions) များထားရသည်။ ဘာသာစကား၊ အစားအစာ၊ ဂီတ၊ ပြဇာတ်၊ ဝတ္ထုများတို့ကို ထိန်းသိမ်းထားသောအရာမှာ ရိုးရာဓလေ့ထုံးတမ်းများ ဖြစ်ပါသည်။

ရိုးရာဓလေ့ဆိုသည်မှာ မိမိအကြောင်းကို အများသိသာအောင် ပြုလုပ်ရခြင်း ဖြစ်ပါသည်။ လူတို့၏ စဦး တီထွင်သော ဆက်သွယ်ရေးနည်းတစ်ခု ဖြစ်ပါသည်။ မိမိတို့တန်ဖိုးထားသည့်အရာကို သိစေသည်။ ထိုအုပ်စုများ ကျေနပ်အားရစရာများကို သိစေသည်။ ၎င်းဓလေ့ထုံးတမ်းများသည် လူအုပ်စုကို တွဲမှီခိုထားသည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

ရှေးဦးစွာ ဓလေ့ထုံးတမ်းများကို လေးမျိုး ခွဲခြားနိုင်ပါသည်။ ပထမတစ်မျိုးမှာ မြို့ပြထုံးစံ ဖြစ်ပြီး နှစ်ပတ်လည်ပွဲများ၊ ဘိသိတ်ခံပွဲများ၊ အမျိုးသားသီချင်း၊ “တရားသူကြီးမင်း ကြွလာပါပြီ၊ မတ်တတ်ရပ်ကြပါ” ဆိုသော ဓလေ့ထုံးစံများ ဖြစ်ပါသည်။ ဒုတိယတစ်မျိုးမှာ ပြက္ခဒိန်ထုံးစံဟုခေါ်ပြီး ချယ်ရီပန်းပွင့်သော ရာသီပွဲများ၊ ကဆုန်ညောင်ရေသွန်းပွဲ စသောပွဲများဖြစ်ပြီး တတိယအမျိုးအစားမှာ နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြသော ဓလေ့ထုံးစံများ ဖြစ်ပါသည်။ ကိုင်းညွှတ်ခြင်း၊ အလေးပြုခြင်း၊ ဦးထုပ်ကို လက်ဖြင့်ထိခြင်း၊ လက်အုပ်ချီခြင်း စသည်တို့ဖြစ်ပါသည်။ နောက် စတုတ္ထတစ်မျိုးမှာ ဘဝ၏ အရေးကြီးသော အပိုင်းအခြားများအတွက် ကျင်းပရသော မွေးနေ့ပွဲများ၊ အရွယ်ရောက်ခြင်း၊ အပျိုဖော်ဝင်ခြင်း၊ ချစ်သူနှင့်ခွဲခွာရခြင်း စသည်တို့ ဖြစ်ပါသည်။

ယခုအခါ ကာလကြာရှည်ခံခဲ့သော ဓလေ့ထုံးစံများမှာ လျော့နည်းလာပါသည်။ ကလေးမွေးဖွားနှုန်းမှာ ကျဆင်းနေပြီး ဘုရားကျောင်းများတွင် ဘာသာတွင်း သွတ်သွင်းပွဲ (Baptism) မှာ လွန်ခဲ့သောနှစ်အတွင်း တဝက်ခန့် ကျဆင်းခဲ့ပါသည်။ ဘုန်းကြီးကျောင်းများတွင် အသစ်ဝင်လာသော ကိုရင်အရေအတွက်မှာ လျော့နည်းလာသည်။ အမေရိကန် အိမ်များတွင် လက်ထပ်ထားသော ဇနီးမောင်နှံ အရေအတွက်မှာ ကျဆင်းနေပြီး လူတို့ သေဆုံးသောအခါ သုံးယောက်လျှင် တစ်ယောက်သည် မမြှုပ်ဘဲ သင်္ဂြိုဟ်နေကြသည်။ အချို့မှာ ဘာအခမ်းအနားမှ လုပ်မနေဘဲ မီးသင်္ဂြိုဟ်စက်ထဲသို့သာ ထည့်လိုက်ကြပြီး လူ့ဘဝတွင် သတိရစရာအားလုံးမှာ မီးထဲပါသွားသည်။

ထိုထုံးတမ်းစဉ်လာများမှာ လျော့ကျသွားသော်လည်း ကျွန်တော်တို့ မထင်မှတ်သည့် ဓလေ့ထုံးစံများမှာ ပိုမိုများပြားလာပါသည်။ တိုက်ကြီး ၆ တိုက်၊ နိုင်ငံ ၁၆ နိုင်ငံတွင် ဓလေ့ထုံးစံပွဲများ ၁၀၀ ကျော် တက်ရောက်ခဲ့သူ တစ်ဦး၏အဆိုအရ လူတို့တွင် ဓလေ့ထုံးစံပွဲများမှာ ကြမ်းတမ်းသော ဘဝအတွေ့အကြုံများကို ချောမောပြေပြစ်သွားစေလိုသည့် သဘောကို တွေ့ရသည်ဟု ဆိုပါသည်။ ထိုဓလေ့ထုံးစံများမှာ မိသားစု အနစ်နာခံခဲ့ရသမျှ ပျောက်ကွယ်နေသည်များကို ရှေ့တန်းသို့ ပို့ဆောင်ပေးခဲ့သည်။

မစ္စဟာလီးဒေး (Miss Holiday) မှာ သူနာပြုဆရာမတစ်ယောက်ဖြစ်ပြီး သူ့ညီမ ဒီးဒီး (Dee Dee) မှာ ကားမတော်တဆမှုနှင့် ကွယ်လွန်ခဲ့သည်။ သူ့ညီမ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို အခြားသူများသို့ ပေးလှူရာတွင် ဆရာဝန်၏ အပြောအဆိုမတတ်မှုကြောင့် စိတ်ထိခိုက်ခဲ့ရပါသည်။ သူက ဂုဏ်ပြုလမ်းလျှောက်ခြင်း (Honor Walk) ခေါ် အစီအစဉ်ကို တီထွင်ခဲ့ပြီး စိတ်ထိခိုက်နေသော မိသားစုကို ဝမ်းနည်းနေသည့်အချိန်တွင် စိတ်အားတက်ကြွစေခဲ့သည်။

ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ပေးလှူမည့်သူ ကွယ်လွန်သွားပါက အလောင်းတင်လှည်းကို ခွဲစိတ်ခန်းသို့အဝင်တွင် အခမ်းအနားဖြင့် မိသားစုကို တွန်းစေပါသည်။ ဆေးရုံလုပ်သားများနှင့် ဆရာဝန်တို့က ဘေးမှ စီတန်းကြိုဆိုကြပြီး အလှူရှင်၏ စေတနာကို ပေါ်လွင်စေခဲ့ပါသည်။ ယနေ့တွင် ထိုကဲ့သို့ ဂုဏ်ပြုလမ်းလျှောက်ခြင်းကို လုပ်ပေးသည့်အဖွဲ့ပေါင်း ၅၀ ကျော် ရှိနေပါပြီ။ သူမက ဤအပြုအမူသည် သေးငယ်သော်ငြားလည်း မိသားစုများ ဂုဏ်ယူဝမ်းမြောက်မှုကို ဖြစ်စေသည်ဟု ဆိုပါသည်။ ယခုအခါတွင် ထိုလုပ်ငန်းသည် ၂ ဘီလီယံမျှ တန်သောလုပ်ငန်းကြီး ဖြစ်နေပါပြီ။

ဂျပန်လူမျိုးတို့၏ သစ်တောထဲမှာ ရေချိုးခြင်း (Forest Bathing) အလေ့အကျင့်သည် တောထဲတွင် ငှက်များ၏အသံကို နားထောင်ခြင်း၊ သစ်ပင်သစ်ရွက်တို့၏ ရနံ့၊ မြေကြီး၏ မြေသင်းနံ့ခံရင်း အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ကြသည်။ လမ်းလျှောက်ကြသည်။ ထိုအကျင့်သည် နိုင်ငံ ၈၀ ခန့်သို့ ပျံ့နှံ့သွားပြီး သောကကို ပြေပျောက်စေပြီး၊ စိတ်ဖိအားကို လျော့နည်းစေသည်။ လူ၏ကိုယ်ခံအားကို မြှင့်တင်ပေးပြီး စွမ်းအင်တို့ကို တိုးတက်ခြင်း ဖြစ်စေပါသည်။ ဟာဝိုင်ရီတွင် တောမီးလောင်အပြီး အုပ်စုလိုက် ဆုတောင်းပွဲများ ကျင်းပကြသည်။ ဖင်လန်နိုင်ငံသားတို့က သစ်တောတွင်းမြှုပ်နှံခြင်း (Forest Funeral) ကို ကျင်းပကြသည်။

၁၉၁၄ ခုနှစ်တွင် ဗြိတိသျှ ဇီဝဗေဒပညာရှင် ဟပ်စလေ (Julian Huxley) က ဘဲငန်းများ လည်ချင်းယှက်ကာ ရေပေါ်တွင် သူတို့ခြေများဖြင့် ရေပြင်ကို ပုတ်ခတ်၍ ကစားကြသည်။ ဟပ်စလေက ဘဲငန်းများ၏ထုံးစံမှာ တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်ရေးအတွက်ဖြစ်ကြောင်း၊ ဖိနှိပ်မှုကို ပြေပျောက်စေရန်နှင့် ချစ်ခင်ရင်းနှီးမှုကို ထင်ဟပ်စေသည့် ဓလေ့ထုံးစံတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုစဉ်ကစ၍ ပျားကောင်များ၊ ဒေါလ်ဖင်များ၊ ဝေဠုငါးနှင့် ဆင်ကြီးများ ငိုယိုကြခြင်းတို့သည်လည်း ဓလေ့ထုံးတမ်းတစ်ခုလို ဖြစ်ကြောင်း တွေ့ရှိလာကြသည်။ ၂၀၁၆ ခုနှစ်ကပင် ချင်ပန်ဇီကောင်များသည် အော်ဟစ်၍ သစ်ပင်တစ်ပင်ကို အကြိမ်ကြိမ် ခဲဖြင့် ပစ်ပေါက်ကာ မိမိတို့၏ ညီညွတ်ခြင်းကို ပြသကြကြောင်း တွေ့ရသည်။

(၃)

ဓလေ့ထုံးတမ်းများက ကမ္ဘာကြီးကို ပုံစံပေါ်လာအောင် ဖန်တီးပေးထားပါသည်။ လူသားတို့၏ လုံခြုံရေး၊ ယုံကြည်စိတ်ချစွာ နေနိုင်ရေးကို ၎င်းတို့က ဆောင်ရွက်ပေးပါလိမ့်မည်။ ထိုဓလေ့ထုံးစံပွဲများတွင် ပါဝင်ဆင်နွှဲခြင်းဖြင့် မင်းနှင့်အတူ ငါတို့ရှိတယ်ဟူ၍ လည်းကောင်း၊ လူအုပ်စုကြီးတစ်ခုလုံးက မိမိကို အကာအကွယ်ပေးနေသည် ဟူ၍ လည်းကောင်း ခံစားရပါလိမ့်မည်။

ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများမှာ အဓိကအားဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ဖြစ်စေခြင်းပင် ဖြစ်ပါသည်။


ကိုသန်းလွင်

Ref: This is the antidote to lonely life of Screens, By Bruce Feiler, NY Times 18 May 2026



t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar