Breaking News

လေးလေး - သောင်းပြောင်းထွေလာ ဦးလှ ရေးခဲ့တာတွေ



လေးလေး - သောင်းပြောင်းထွေလာ ဦးလှ ရေးခဲ့တာတွေ

မိုးမခ ၊ မေ ၂၃ ၊ ၂၀၂၆


ရန်ကုန်မှာ ကြီးပွားရေးမဂ္ဂဇင်းထုတ်တော့ ကြီးပွားရေးဦးလှ၊ ဆံထုံးနောက် ယောင်ပါပြီး မန္တလေးရောက်တော့ လူထုသတင်းစာထုတ်ပြီး လူထုဦးလှရယ်လို့ နာမည်ကြီးပြန်တဲ့ လူထုဦးလှရဲ့ “သောင်းပြောင်းထွေလာ ရေးချင်ရာရာ” စာအုပ်၊ စတုတ္ထတွဲ။ ဦးလှက လူထုသတင်းစာမှာ သတင်းစာထဲပါတဲ့ သတင်းတွေဖတ်ပြီး မွန်းကျပ်နေကြမဲ့ စာဖတ်ပရိသတ်အတွက် ရည်ရွယ်ပြီး သောင်းပြောင်းထွေလာအခန်းကို ရေးခဲ့။ ပေါ့ပေါ့ပါးပါးလေးတွေ ရေးခဲ့တယ်ဆိုပေမဲ့ လေးလေးနက်နက် အကြောင်းအရာတွေလည်း ပါတယ်။

ကျန်းမာရေးအတွက် သတိပေးချက်လည်း ထည့်ရေး၊ ဆရာတော်ကြီးတွေ၊ လူပုဂ္ဂိုလ်အကျော်အမော်တွေရဲ့ အလေ့အထတချို့ကိုလည်း ရေး၊ ဆိုတော့ သောင်းပြောင်းထွေလာ ဆိုတဲ့အတိုင်း အကြောင်းအရာအစုံ ပါတယ်။ ဦးလှက သောင်းပြောင်းထွေလာ ရေးချင်ရာရာတွေကို လူထုသတင်းစာမှာ ရေးသားဖော်ပြခဲ့ပြီး လူထုသတင်းစာနားတော့ မန္တလေးက ဟံသာဝတီသတင်းစာမှာ ဆက်ရေးတယ်။ ၁၉၆၀ ပြည့်နှစ်လောက်ကစပြီး သောင်းပြောင်းထွေလာတွေ ရေးလိုက်တာ ၁၉၇၅ ခုနှစ်အထိပဲ။

သောင်းပြောင်းထွေလာ ရေးချင်ရာရာစာအုပ်တွေကို ဟိုနားတစ်အုပ်၊ ဒီနားတစ်အုပ် တွေ့သလောက် ဝယ်ဖတ်နေရာကနေ ၂၀၂၆ ခုနှစ်ဆန်းမှာ လူထုကြီးပွားရေးစာအုပ်တိုက်က သောင်းပြောင်းထွေလာ အတွဲ ၅ တွဲစလုံး ရပါပြီလို့ ကြေညာပြီး ထုတ်ဝေခဲ့လို့ ဒီတော့မှပဲ စာအုပ် ၅ အုပ်စလုံး ပြည့်ပြည့်စုံစုံ ဖတ်ရတော့တယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေတဲ့ ဦးလှရဲ့ သောင်းပြောင်းထွေလာ ရေးချင်ရာရာ-၄ စာအုပ်မှာ ၁၉၆၉ ခုနှစ်ကနေ ၁၉၇၀ ကျော်ကာလအထိ သောင်းပြောင်းထွေလာ ရေးချင်ရာရာ ဆောင်းပါးတွေ ဖော်ပြထားတယ်။

“နတ်တော်ခရီး”၊ “မင်းတုန်းမင်းလက်ထက် မီးကိစ္စအရေးယူခဲ့ပုံတွေ”၊ “အင်္ဂလိပ်လက်အောက် ရောက်စကြုံတွေ့ခဲ့ရတဲ့ မန္တလေးရေဘေး”၊ “ထောင်ထဲက အတ္ထုပ္ပတ္တိများ”၊ “ဓာတ်ရထားခေတ်က ဘောလုံးပွဲကြော်ငြာ”၊ “ရွှေဥဒေါင်း မော်ကွန်းတိုက်”၊ “ဆင်အကနဲ့ အလှူခံ”၊ “ဘုရားကြီးက ကြေးရုပ်ကြီးတွေ သတိထား”၊ “ရွှေတွေ စိန်တွေ အပြင်ထွက်ကုန်ပြီ” စတဲ့ သောင်းပြောင်းထွေလာ ရေးထားတာ ၅၄ ပုဒ်တိတိ ပါတယ်။ သတင်းစာဆရာ၊ စာရေးဆရာပီပီ ခေတ်ကာလအလိုက် ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကို ကောက်ချက်ချ ရေးထားတာတွေ ပါသလို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေလည်း ပါတယ်။

အစိုးရက လုပ်ပေးသင့်လုပ်ပေးထိုက်တာတွေကိုလည်း တို့ထိရေးသားထားခဲ့သလို အများပြည်သူ သတိပြုစရာ၊ ဆောင်ရန်ရှောင်ရန်တွေကိုလည်း သတိပေးရေးထားခဲ့တာ တွေ့ရတယ်။ “ငလျင်” ဆိုတဲ့ စာစုမှာ ဦးလှက “သိပ္ပံပညာရှင်များက မြေငလျင်များဟာ ကမ္ဘာပတ်ခါးပတ်ကြီး ၂ ခုတစ်လျှောက်မှာ အလှုပ်များတယ်လို့ ဆိုပါတယ်။ ၈၀ ရာခိုင်နှုန်းက ပစိဖိတ်သမုဒ္ဒရာ အစွန်းအဖျားပိုင်း ဒေသတွေမှာလှုပ်ပြီး ၁၅ ရာခိုင်နှုန်းက အာဖရိကမြောက်ပိုင်းက ဥရောပတောင်ပိုင်းကို ဖြတ်ပြီး အယ်လ်ပ်စ်တောင်များ၊ နောက်ပြီး အေးရှားမိုင်းနားက အိန္ဒိယနဲ့ မြန်မာပြည်ကို ရောက်တယ်။ ပြီးတော့မှ ပစိဖိတ်ပတ်လည် ခါးပတ်ကြီးနဲ့ အင်ဒိုနီးရှားမှာ ဆုံတယ်လို့ ဆိုပါတယ်။” လို့ ရေးခဲ့တယ်။

အေအိုင်ကို ဒီရေးသားချက် မှန်နေသေးလားလို့ မေးကြည့်တော့ “ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ ကျောက်ချပ်ကြီးတွေ ရွေ့လျားမှု (Plate Tectonics) က နှစ်သန်းပေါင်းများစွာ ကြာအောင် တရွေ့ရွေ့ ပြောင်းလဲနေတာမျိုးဖြစ်လို့၊ ဒီစာအုပ်ထဲက ပြထားတဲ့ ငလျင်ခါးပတ် တည်နေရာနဲ့ ရာခိုင်နှုန်း တွက်ချက်မှုတွေဟာ ဒီနေ့ခေတ် သိပ္ပံပညာမှာလည်း ပြောင်းလဲမှုမရှိဘဲ မှန်ကန်ဆဲ အချက်အလက်တွေ ဖြစ်ပါတယ်။” လို့ အဖြေပေးတယ်။ အင်တာနက်မရှိတဲ့ခေတ်က ဦးလှရဲ့ ခေတ်မီမီ ရေးသားတင်ပြချက်ဟာ အတုယူစရာပါ။

သောင်းပြောင်းထွေလာ ရေးချင်ရာရာစာအုပ်တွေ ဖတ်ကြည့်လိုက်တော့ သတင်းသမား လုပ်ချင်တဲ့ သူတွေအတွက် သင်ရိုးညွှန်းတမ်း စာအုပ်တွေလို ဖြစ်နေတာ သတိထားမိလိုက်တယ်။ သတင်းလောကကို စိတ်ဝင်စားတဲ့ လူငယ်တွေရော၊ သတင်းသမားဘဝ ဖြတ်သန်းနေသူတွေပါ ဖတ်မှတ်လေ့လာသင့်တဲ့ စာအုပ်တွေပါ။ ၁၉၆၀ ကနေ ၁၉၇၅ ခုနှစ်အတွင်း ခေတ်ကာလကိုလည်း ထင်ဟပ်ဖော်ပြနေသလို ကြားနာစရာ ဩဝါဒတွေလည်း ဖတ်ရတယ်။ ပေါ့ပေါ့ပါးပါး ပြုံးနိုင်တဲ့ ပုံတိုပတ်စတွေလည်း ဖတ်နိုင်ပါတယ်။ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ စာအုပ်တွေကို လက်ဆင့်ကမ်း အမွေထမ်းပြီး ပြန်လည်ထုတ်ဝေပေးနေကြတဲ့ လူထုကြီးပွားရေးစာအုပ်တိုက်ကိုလည်း ကျေးဇူးတင်တယ်။

ဆက်လက်ပြီး လူထု ချစ်သမျှ လူထုဦးလှလို ရှားပါးစာအုပ်တွေကိုလည်း ဆက်လက်ထုတ်ဝေပေးဖို့ တိုက်တွန်းတောင်းဆိုချင်တယ်။ လူထုဦးလှရဲ့ “သောင်းပြောင်းထွေလာ ရေးချင်ရာရာ-၄” စာအုပ်ကို လူထုကြီးပွားရေး စာအုပ်တိုက်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုတိယအကြိမ်အဖြစ် အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၁၃,၀၀၀ တိတိ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar