Breaking News

မောင်လူမွှေး - ချိုင့်ခွက်ထဲမှာ နေကြတယ်

မောင်လူမွှေး - ချိုင့်ခွက်ထဲမှာ နေကြတယ်

မိုးမခ ၊ မေ ၂၃ ၊ ၂၀၂၆


မောင်လူမွှေးတစ်ယောက် ကိုယ့်ဇာတိရွာကို ရောက်တော့ တူမဖြစ်သူ CDM ဆရာမကို စာဖတ်ဖို့၊ အင်္ဂလိပ်စာလေ့လာဖို့ အပါအဝင် ကိုယ့်အရည်အချင်း တိုးတက်အောင် လုပ်ဆောင်တတ်တဲ့ အလေ့အကျင့် မွေးမြူဖို့ ပြောဖြစ်တယ်။ ဒီတော့ မောင်လူမွှေးရဲ့ တူမ CDM ကျောင်းဆရာမက ဒီလိုတုံ့ပြန်ပါတယ်။

"တောင်ပေါ်နဲ့ တောင်အောက်မှာရှိတဲ့ လူနှစ်ယောက် အပြန်အလှန်မကြည့်တဲ့အခါ တောင်ပေါ်က လူက တောင်အောက်ကလူကို သေးသေးလေးပဲ မြင်ရတယ်။ တောင်အောက်က လူကလည်း တောင်ပေါ်ကလူကို သေးသေးလေးပဲ မြင်ရတယ်။ ဒီလိုပေါ့ ဖလေးရယ်" လို့ပြောပြီး ရယ်ပါတယ်။

သူ ပြောချင်တဲ့ အဓိပ္ပာယ်က ကြိုးစားနေရင်လည်း ဘာမှမထူးဘူး။ ပညာတတ်တဲ့သူနဲ့ မတတ်တဲ့သူလည်း သူ့အမြင်နဲ့သူ အဆင်ပြေနေကြတာပဲ ဆိုတဲ့ သဘောပါ။ တူမဖြစ်သူက သူ့စကားနဲ့သူ သဘောကျပြီး ရယ်နေပေမဲ့ မောင်လူမွှေးတစ်ယောက် မပြုံးနိုင် ဖြစ်ခဲ့ရတယ်။

The World is Flat ဆိုတဲ့ စာအုပ်ကို အမေရိကန်စာရေးဆရာ၊ သတင်းစာဆရာ Thomas L. Friedman က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ရေးခဲ့တယ်။ မောင်လူမွှေးတို့လို တောသားတွေဖတ်နိုင်အောင် "ကမ္ဘာပြားပြီ" လို့ ဆရာကျော်ဝင်းက ဘာသာပြန်ပေးခဲ့တယ်။ နည်းပညာနဲ့ အလွယ်တကူ ဆက်သွယ်နိုင်၊ ပညာရပ်တွေကို အလွယ်တကူ ရှာဖွေလေ့လာနိုင်ပြီးနောက် ကမ္ဘာကြီးဟာ ရင်ပြင်ညီဖြစ်သွားပြီ။ တစ်ခုခုကို သင်ယူတတ်မြောက်ဖို့ တောင်တွေကို ကျော်စရာမလို၊ ကမ်းပါးတွေကို တက်စရာမလို၊ အားလုံးတန်းတူနီးပါး လေ့လာနိုင်ပြီ။ အခွင့်အလမ်းကွာဟချက် နည်းသွားပြီ။ အတားအဆီးတွေနည်းသွားတာ ကြာခဲ့ပြီ။ ဒါကြောင့် ကမ္ဘာကြီးဟာ ပြားပြီလို့ဆိုတယ်။

မောင်လူမွှေးတို့ဟာ စစ်အာဏာရှင်တော်လှန်ရေးကြောင့် စစ်ပွဲတွေဖြစ်နေတဲ့တိုင် ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်အောင် Internet ကို ရနိုင်တဲ့ နည်းလမ်းတွေနဲ့ သုံးနေနိုင်ကြတယ်။ မောင်လူမွှေးတူမအပါအဝင် အားလုံးနီးပါးဟာ ဆိုရှယ်မီဒီယာကို အသုံးပြုကြတယ်။ ဒါပေမယ့် မောင်လူမွှေးတို့ နိုင်ငံက လူတွေအများစုဟာ ဖျော်ဖြေရေးနဲ့သာ အချိန်ကုန်နေပြီး လူမှုကွန်ယက်ကြီးထဲကနေ ပညာတွေကို ရှာဖွေယူတတ်တဲ့ အလေ့အကျင့် မရှိကြရှာပါဘူး။

လူငယ်တွေက ဂိမ်းဆော့မယ်။ တစ်တော့ (TikTok) ဆော့မယ်။ လူကြီးတွေက အတင်းအဖျင်းတွေကြည့်မယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဉ်ဆိုတာတွေကို ကြည့်မယ်။ ဆယ်လီတွေကို မလွတ်တမ်းကြည့်မယ်။ ချဲဝါသနာပါတဲ့သူတွေကမှ လိုင်းပေါ်ကနေ ချဲတွက်နည်းကို ရှာရကောင်းမှန်းသိလို့ လေးစားရမလို ဖြစ်နေပါသေးတယ်။

အခြေခံပညာ မတတ်မြောက်ခဲ့တဲ့ သူတွေအဖို့ လူမှုကွန်ရက်ကို အသုံးမချတတ်တာ သဘာဝကျပေမဲ့ မောင်လူမွှေး တူမ အပါအဝင် အခြေခံပညာ အထိုက်အလျောက်တတ်ထားတဲ့ လူငယ်တွေကတော့ အသုံးချပြီး တိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်တယ်။

အရွယ်ရောက်ပြီးသား လူငယ်တွေက ဒီလိုမလုပ်ဆောင်နိုင်ရင် နောက်မျိုးဆက်သစ်တွေအထိ အလေ့အကျင့်ဟာ ကူးသွားမှာသေချာတယ်။ အခုတကယ်လည်း ကူးနေပါပြီ။ Grade 6 တက်နေတဲ့ မောင်လူမွှေး တူတော်မောင် မောင်ဟိန်းတစ်ယောက် တစ်ရက်တည်း တစ်တော့ (TikTok) ဆယ့်ခြောက်ခု ရိုက်ပြီးတင်လို့ အကောင့်ပိတ်ခံရသတဲ့။ ရုတ်တရက် ရယ်စရာဖြစ်ပေမဲ့ စိုးရိမ်စရာကောင်းလှတယ်။

မောင်လူမွှေးတို့ဟာ စစ်အာဏာရှင်ကြောင့် တောထဲ တောင်ထဲ ဆင်းရဲစွာနေကြရတယ်။ အဲ့ဒီထဲမှာမှ နည်းပညာနဲ့ ပြားနေတဲ့ ကမ္ဘာကြီးထဲမှာ ကိုယ့်ကိုကိုယ် ချိုင့်ခွက်တူးပြီး အဲ့ဒီထဲမှာပဲ နေကြသလိုဖြစ်နေတယ်။ တောင်ပေါ်ကလူနဲ့ တောင်အောက်ကလူ အပြန်အလှန် သေးသေးလေးမြင်ကြရတာချင်းတူပေမဲ့ တောင်ပေါ်ကလူဟာ လေကောင်းလေသန့်ပိုရပြီး မြင်ကွင်းတွေအများကြီးကို မြင်နိုင်တယ်ဆိုတာကို သိဖို့ လိုအပ်ပါတယ်ခင်ဗျာ......။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar