Breaking News

နန္ဒအောင် - ပျံသာ ပျံပါ မိုးမခ

ပျံသာ ပျံပါ မိုးမခ
နန္ဒအောင်

(မိုးမခ) မေ ၂၄၊ ၂၀၂၆


စာဖတ်ညွှန်းအရေးအသားတို့၊ စာအုပ်စင်ကဏ္ဍ အရေးအသားတို့က သတင်းစာတွေ ပေါ်ဦးစကာလကတည်းကပါ။ ကျွန်တော်လည်း စာအုပ်စင်ကဏ္ဍလေးတွေ ရေးဖြစ်တယ်။ ပြန်မထွက်တော့တဲ့ ရှားရှားပါးပါး စာအုပ်လေးတွေရယ်၊ ကိုယ်အကြိုက်တွေ့တဲ့ စာအုပ်လေးတွေကို ရည်ညွှန်းရေးသားဖြစ်တယ်။ ဟိုးအရင်ခေတ်က ရှားပါး စာစောင်လေးတွေအကြောင်းလည်း ရေးဖြစ်တယ်။

ရှားပါး စာစောင် / မဂ္ဂဇင်းအဟောင်းတွေကို အွန်လိုင်းစာအုပ်ဈေးကွက်ကနေလည်း ရှာဖွေစုဆောင်းဖြစ်တယ်။ တခါတလေ စာကြည့်တိုက်သွား ငှားလို့ရတာ ငှား၊ ငှားမရတာတွေကို စာကြည့်တိုက်မှာပဲ မှတ်စုထုတ်လေ့ရှိတယ်။ လက်လှမ်းမီသလောက်နဲ့ စာဖတ်ညွှန်းလေးတွေ ရေးဖြစ်တယ်ဆိုပါတော့ဗျာ။ ဒီတခါတော့ ‘ မြန်မာစာပေ ယဉ်ကျေးမှု အနုပညာ လွတ်လပ်တဲ့ လူ့ဘောင်သစ် ’ ရယ်လို့ မဂ္ဂဇင်း မျက်နှာဖုံးမှာ ရေးထိုးထားတဲ့ “ မိုးမခ မဂ္ဂဇင်း ” အကြောင်း ရေးပါ့မယ်။

မိုးမခ မဂ္ဂဇင်းအကြောင်း ရေးသားတယ် ဆိုပေမဲ့၊  မိုးမခမဂ္ဂဇင်း စာအုပ်အရေအတွက် အများကြီးကို ကိုးကားပြီး ရေးသားတဲ့အရေးအသားမျိုးမဟုတ်ပါ။ ၂၀၁၅ ခုနှစ်ထုတ်တွေဖြစ်တဲ့ ဗိုလ်ချုပ်ရာပြည့် အမှတ်တရစာအုပ်ရယ်၊ ဦးခင်မောင်လတ်ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ စာပေမိတ်ဆွေများ အမှတ်တရ စာအုပ် နှစ်အုပ်ကို ကိုးကားပြီး ရေးသွားမှာပါ။

အရင်ဆုံး မိုးမခမဂ္ဂဇင်းမှာပါတဲ့ ကဏ္ဍတွေကို လေ့လာကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။
‘ အယ်ဒီတာ့လက်ရေး၊ သက်ကြီးစကား၊ မျက်မှောက်ရေးရာ၊ လူမှုရှုခင်း၊ ဘာသာပြန် ဝတ္ထုတို၊ စာပဒေသာ၊ ကာတွန်း၊ ကဗျာ၊ အနုပညာပန်းချီ ’ ဆိုပြီး အခန်းကဏ္ဍ စုံစုံလင်လင် တွေ့ရပါတယ်။ ဘဘကြီး ဦးခင်မောင်လတ်နဲ့ မေမေ ဒေါ်ခင်မျိုးချစ်တို့ ရာပြည့် အမှတ်တရ စာအုပ်ထဲမှာတော့ ‘ မိုးမခ စာအုပ်စင် ’ ဆိုတဲ့အခန်းကဏ္ဍပါ တွေ့ရပါတယ်။ မိုးမခ မဂ္ဂဇင်းကို လှန်လိုက်တာနဲ့ ပထမဆုံး စာမျက်နှာမှာ “ ကွယ်လွန်သူ နာယကကြီးများဖြစ်သည့် ( ဦး ) တင်မိုး၊ ကြေးမုံဦးသောင်း ( အောင်ဗလ ) ၊ ဦးဝင်းတင်တို့အား ဦးထိပ်ထားလျက် ’ ဆိုတဲ့ စာသားကို စာဖတ်မိတ်ဆွေတို့ တွေ့မြင်ရမှာပါ။

အယ်ဒီတာ့လက်ရေးဆိုတဲ့ အပိုင်းကို ကိုမောင်ရစ်က ရေးပါတယ်။ ဘဘကြီး ဦးခင်မောင်လတ်နဲ့ မေမေ ဒေါ်ခင်မျိုးချစ်တို့မြေး၊ သင်္ချာပညာရှင် ဒေါက်တာခင်မောင်ဝင်းနဲ့ တက္ကသိုလ် ရွှေရီဝင်းတို့ရဲ့သား၊ ဂျူနီယာဝင်းရဲ့ အမြွှာအစ်ကို မိုးမခ မဂ္ဂဇင်း တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကာတွန်းမောင်ရစ်ပေါ့။

သက်ကြီးစကားဆိုတဲ့ အခန်းကဏ္ဍကိုတော့ ‌ဆရာမောင်စွမ်းရည်နဲ့ အဆိုတော် မာမာအေးတို့က ပင်တိုင် ရေးပါတယ်။ ချစ်စနိုးနဲ့ ဘကြီးမိုးလို့ခေါ်ကြတဲ့ ဆရာမောင်မိုးသူလည်း တခါတလေမှာ
‘ သက်ကြီးစကား ’ ဆိုတဲ့ ကဏ္ဍမှာလည်း ရေးပါတယ်။ စွယ်စုံရ ဘကြီးမိုးက ဘာသာပြန် ဝတ္ထုတို ကဏ္ဍမှာလည်း ရေးပါတယ်။

ဘဘကြီး ဦးခင်မောင်လတ်နဲ့ ‌မေမေဒေါ်ခင်မျိုးချစ်တို့ မြေးတ‌စ်ယောက်ဖြစ်တဲ့ ဂျူနီယာဝင်းရဲ့ ဆောင်းပါးတွေကိုတော့ လူမှုရှုခင်း၊ စာပဒေသာ အခန်းကဏ္ဍတွေမှာ တွေ့ရပါတယ်။ တခါတလေမှာ ကိုဖိုးသံ‌ချောင်းရဲ့ ကလောင်နာမည်ခွဲဖြစ်တဲ့ ‘ ဖိုးသံ ( လူထု ) ’ ရဲ့ ဆောင်းပါးလည်း တွေ့ရပါတယ်။ စာရေးအားကောင်းတဲ့ ဆရာ ဇင်လင်းရဲ့ ဆောင်းပါးတွေကိုလည်း မျက်မှောက်ရေးရာ ကဏ္ဍမှာ ဖတ်ရတတ်ပါတယ်။ ဆရာမကြီး ဒေါက်တာလှကျော်ဇောရဲ့ အမှတ်တရတွေ၊ နိုင်ငံရေး သုံးသပ်ချက်တွေလည်း ဖတ်ရပါတယ်။

ကာတွန်း အခန်းကဏ္ဍမှာတော့ ဝင်းအောင်၊ အောင်မော်၊ မောင်ရစ်၊ ဘီရုမာ၊ မောင်မောင်ဖောင်တိန်၊  လိုင်လုဏ်တို့နဲ့ တခြားကာတွန်းဆရာများစွာတို့ကို တွေ့ရပါတယ်။ ကဗျာ ကဏ္ဍမှာတော့ ကိုအောင်ဝေး၊ လက်ရှိအချိန်မှာ မိုးမခကို ပဲ့ကိုင်နေတဲ့ ကိုခင်လွန်း၊ မောင်ကြူးရင့်၊ ခိုင်မျိုးတို့နဲ့ တခြားကဗျာဆရာများစွာတို့ကို တွေ့ရပါတယ်။  အနုပညာပန်းချီ ကဏ္ဍကိုတော့ အခုချိန်ထိ သရုပ်ဖော်ပုံတွေ ဖန်တီးပေးနဲ့ ပန်းချီ သန်းဌေးမောင်၊ ဒီဇိုင်းကိုမျိုးတို့ကို တွေ့ရပါတယ်။

၂၀၁၅ ခုနှစ်ကာလတွေတုန်းက မိုးမခမဂ္ဂဇင်းရဲ့ နာယကတွေက ဆရာမောင်မိုးသူ၊ ‌ဆရာ မောင်စွမ်း ရည်၊ ဒေါ်မာမာအေးတို့ပါ။ ဇာဂနာ၊ ကိုထွန်းဝင်းငြိမ်း၊ သားကြီးမောင်ဇေယျ၊ ကိုရာဇာတို့ကတော့ မိုးမခမဂ္ဂဇင်းရဲ့ အတိုင်ပင်ခံတွေဖြစ်တယ်။ အယ်ဒီတာက ‘ မြင့်ကျော်နဲ့ အောင်အောင်ဝင်း ’ လို့ သိရတယ်။ ‘ မောင်ရစ်၊ ဆောင်းလူ၊ အိမ့်ခိုင်ဦး ’ တို့က အွန်လိုင်းအယ်ဒီတာတွေပါ။  ‘ စာကြည့်တိုက်၊ စာဖတ်အသင်း၊ ပညာရေး၊ လူမှုရေးနှင့် အရပ်ဘက်အသင်းအဖွဲ့များ အခမဲ့ရယူနိုင်သည် ’ လို့ဖော်ပြထားတာကိုဖတ်ရတော့ မိုးမခမဂ္ဂဇင်း ဝိုင်းတော်သားတို့ရဲ့ စာပေပရဟိတစိတ်ကို ချီးကျူးမိပါတယ်။

ဗိုလ်ချုပ်ရာပြည့် အမှတ်တရထုတ် မိုးမခမဂ္ဂဇင်းကတော့ အတွဲ ၂ ၊ အမှတ် ၂ ၊ ဖေဖော်ဝါရီ ၂၀၁၅ ခုနှစ်ထုတ်လို့ မှတ်သားရပါတယ်။ ဗိုလ်ချုပ်ရာပြည့်ထုတ်က အမှတ်တရဆိုတော့ အထူးထုတ် သဘောမျိုးပါ။ တခြား မိုးမခမဂ္ဂဇင်းတွေထက် စာအုပ်က ပိုထူပါတယ်။ စာမျက်နှာ ( ၁၇၀ ) ထိ ရှိပါတယ်။ မဂ္ဂဇင်းအဖွင့် အယ်ဒီတာ့လက်ရေးကဏ္ဍမှာ မောင်ရစ်က ‘ ငါတို့အားလုံး ဗော်လတဲယား ’ ဆိုပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အကြောင်း၊ ဖိနှိပ်ခံရပေမယ့် ‘ တွန့် ’ မသွားတဲ့အကြောင်းတွေ ရေးသားထားပါတယ်။ တခြား မဂ္ဂဇင်းတွေကတော့ ခေါင်းကြီးရယ်လို့ နာမည်ပတပ်ပေမယ့်၊ မိုးမခကတော့ အယ်ဒီတာ့ လက်ရေးရယ်လို့ နာမည်ပေးထားကတာကလည်း ခပ်ဆန်းဆန်းပါ။

ကာတွန်း မောင်ရစ်က ဗော်လတဲယားရဲ့ အဆိုအမိန့်ကို အခုလို ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

“ မင်းပြောတာကို ငါသဘောမတူဘူး။ ဒါပေမယ့် မင်းပြောရေးဆိုခွင့်အတွက်ကိုတော့ ငါ အသက်နဲ့လဲပြီး ကာကွယ်ပေးမယ်။ ’

သက်ကြီးစကားကဏ္ဍမှာတော့ ဆရာမောင်စွမ်းရည်ရဲ့ ‘ ပန်းမြန်မာတွေလာတုန်းက ’ ဆိုတဲ့ ဆောင်း ပါးလေးကို ဖတ်ရပါတယ်။ ဆရာမောင်စွမ်းရည်ရဲ့ အရေးအသားကို ဖတ်ကြည့်တော့ ဆရာစွမ်းက ‘ ကျွန်တော် ’ လို့ မရေးဘဲ ‘ ကျနော် ’ လို့ပဲ ရေးသားထားတာကို သတိထားမိပါတယ်။ ‘ မြန်မာ ’ လို့ မသုံးဘဲ ‘ ဗမာ ’ လို့ပဲ ရေးသလို၊ ‘ တစ် ’ လို့ မရေးဘဲ  ‘ တ ’ လို့ပဲ ရေးထားတာကို တွေ့ရပါတယ်။

ဆရာ မောင်စွမ်းရည် ဆောင်းပါးဖတ်တော့မှ အိုင်အိုဝါတက္ကသိုလ်က စာပေပွဲကို နှစ်တိုင်း ဗမာစာရေးဆရာ တစ်ယောက် ဖိတ်တယ်ဆိုတာကို သိရပါတယ်။  အဲဒီပွဲကို ဆရာမကြီး ဒေါ်နုနုရည် ( အင်းဝ ) တို့၊ ဆရာမ ခက်မာတို့လည်း ရောက်ဖူးတယ်။ ဆရာချစ်ဦးညိုလည်း အဲဒီမှာ ‘ ဒဿဂီရိ ’ လုပ်ဖူးကြောင်း သိရပါတယ်။ ‘ ‌ဆရာ မောင်သာနိုးကတော့ သူ့ဇနီးပါခေါ်ခွင့်ရှိမှ လာမယ်လို့ ဈေးကိုင်တာနဲ့ ကိုယ့်စရိတ်နဲ့ကိုယ် ခေါ်ဆောင်တော် မူခဲ့ပါလို့ ခွင့်ပြုရပါတယ် ’ လို့ ဆရာ မောင်စွမ်းရည်က အရွှန်းဖောက် ရေးပါတယ်။

ဆရာမောင်စွမ်းရည်က သူ့ဆောင်းပါးထဲမှာ သူတို့ခေတ်က စာပေဝေဖန်ရေးအကြောင်း ရှင်းပြထားပါသေးတယ်။ မဆလအရိပ်ဘက်ရောက်သလိုဖြစ်နေတဲ့ ဆရာသိန်းဖေမြင့်၊ ဆရာတက်တိုး၊တက္ကသိုလ် ဘုန်းနိုင်တို့နဲ့ မူဝါဒအရ ဝေဖန်ရေးသားဖြစ်တာတွေကို ရှင်းပြထားပါတယ်။ ဆရာ သိန်းဖေမြင့်ကို ဆရာ မောင်စွမ်းရည်က “ ဆိုရှယ်လစ်ကိုကြွေးကြော်ရင်း သူ့စာတွေက ကြီးလေ ကျဉ်းလေ ဖြစ်သွားပုံကို လက်ဆုပ်လက်ကိုင်နဲ့ ပြတဲ့အကြောင်း ” ရှင်းပြထားတာပါ။

ဆရာ မောင်စွမ်းရည်တို့ခေတ် လူကြီးလူကောင်းတွေရဲ့ အပြုအမူတွေက “ စံ ” ထားစရာ အပြုအမူတွေပါ။ ဆရာ တက်တိုးက ဆိုရင် ‘ ဌေးမြိုင် ( ဒဂုန်တာရာ ) နဲ့ မောင်စွမ်းရည်တို့ကို ငါယုံတယ်။ သူတို့ စာပေအယူအဆအရ ရေးကြတာလို့ ’ ဆရာစွမ်းတို့ဘက်က ကာကွယ်ပြောလေ့ရှိတယ်။ ဆရာသိန်းဖေမြင့်နဲ့ စာပေဟောပြောပွဲတွေမှာ ဆုံတော့လည်း တရင်းတနှီးပါပဲ။ ဆရာ တက္ကသိုလ်ဘုန်းနိုင် ရှစ်လေးလုံးအရေးတော်ပုံအပြီး အလုပ်ပြုတ်တော့ ဆရာမောင်စွမ်းရည်နဲ့ မောင်သာရက ကြိုမပြောဘဲနဲ့ ထုတ်ဝေသူဆီက ဉာဏ်ပူဇော်ခ ကြိုတောင်းပြီး သွားပို့တော့ တက္ကသိုလ် ဘုန်းနိုင် မှန်းတာထက် အများကြီးပိုရတဲ့ အကြောင်းလည်း ဖတ်ခဲ့ရတယ်။

အဲဒီအကြောင်းအရာတွေ ဖတ်ရတော့ ဆရာ မောင်စွမ်းရည်တို့က အယူဝါဒ ရေးရာမတူလို့ မူကိုသာတိုက်ကြပြီး၊ လူကို တိုက်ကြတာ မဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။   ပုဂ္ဂိုလ်ရေးနဲ့ အယူဝါဒရေးရာ ကွဲတယ်၊ ငါနဲ့မတူ ငါ့ရန်သူ အပြုတ်တိုက်မယ်ဆိုတဲ့ စိတ်ထားတွေ မတွေ့ရတာ ကျွန်တော်တို့ နောင်လာနောင်သားတွေအတွက် အတုယူစရာပါ။ ဆရာမောင်စွမ်းရည်ရဲ့ ဆောင်းပါးက ပေးတဲ့ အတွေးအမြင်ပေါ့ဗျာ။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အမှတ်တရထုတ် မဂ္ဂဇင်းစာမျက်နှာတွေထဲမှာပဲ ( စာမျက်နှာ - ၃၄ ) ကျွန်တော်တို့မကွေးမြို့ မဟာဓမ္မိကာရာမ  ( မြောက်စာသင်တိုက် ) စာသင်တိုက်က  ကျမ်းတတ်ပေတတ် ဆရာတော် ဦးပညာဒီပအကြောင်း ရေးသားထားတာလည်း အမှတ်မထင် ဖတ်လိုက်ရပါတယ်။ ဆောင်းပါးရှင်ရဲ့ ကလောင်နာမည်က ဖိုးစီ ( ရုံးတော ) ပါ။ ဆောင်းပါးနာမည်က ‘ ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား ’ ဆိုတဲ့ နာမည်နဲ့ပါ။ ဆရာတော် ဦးပညာဒီပက မဟာဓမ္မိကာရာမ ( မြောက်စာသင်တိုက် ) စာသင်တိုက်ကနေ ဆားတိုင်ကန် ရေတွင်းကျောင်းကို ပြောင်းသွားတာပါ။ ဒါကြောင့်မလို့  ဖိုးစီ( ရုံးတော ) က မကွေးအရှေ့ဘက် ဆားတိုင်ကန်ရွာက ရေတွင်းကျောင်း ဆရာ တော်ကြီးလို့ ရေးထားပါတယ်။

ကိုဖိုးသံချောင်းခေါ် ဖိုးသံ ( လူထု )ကလည်း ‘ ဘိုလိုတောခ့် ရောဂါ ’ ဆိုတဲ့ ဆောင်းပါးနဲ့  ဗမာစာတွေထဲမှာ အင်္ဂလိပ်စာတွေ အများကြီး ညှပ်သုံးထားတဲ့အကြောင်းကို ရေးသားထားပါတယ်။ ဘကြီးမိုးခေါ် ဆရာမောင်မိုးသူကတော့ ‘ ရှက်ပြီးသေတဲ့ သ‌င်္ဘော ’ ဆိုတဲ့ ဘာသာပြန် ဝတ္ထုတို ရေးသားထားတာ တွေ့ရပါတယ်။

ဗိုလ်ချုပ်ရာပြည့် အမှတ်တရထုတ်မှာ ဘဘကြီး ဦးခင်မောင်လတ်နဲ့ မေမေကြီး ဒေါ်ခင်မျိုးချစ်တို့မြေး၊ သင်္ချာပညာရှင် ဒေါက်တာခင်မောင်ဝင်းနဲ့ တက္ကသိုလ် ရွှေရီဝင်းတို့ရဲ့ သမီး၊ ကာတွန်းမောင်ရစ်ရဲ့ အမွှာ ညီမတော် ‘ ဂျူနီယာဝင်း ’ ကတော့ “ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှင့် အမှတ်တရ ဒေါ်ခင်ကြည် ” ဆိုပြီး အမှတ်တရ ဆောင်းပါး ရေးပါတယ်။ ဆရာမ ဂျူနီယာဝင်း အမှတ်တရ ဆောင်းပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးခင်မောင်လတ်ရဲ့ဆက်ဆံရေး၊ ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်မျိုးချစ်တို့ ဆက်ဆံ ရေးတွေကို တွေ့ရပါတယ်။

ဦးခင်မောင်လတ်က ဗိုလ်ချုပ် ပီအေလုပ်ခဲ့ဖူးတယ်။ အစည်းအဝေးကိစ္စတွေမှာ သဘောထား မတိုက် ဆိုင်တိုင်း ဗိုလ်ချုပ်နဲ့ ဦးခင်မောင်လတ်က မကြာခဏ စကားများ ရန်ဖြစ် အော်ဟစ်ကြတယ်။ ‘ အော်ဟစ်ရန်ဖြစ်သံတွေကို အောက်ထပ်မှာ ဆော့ကစားနေတဲ့  ဒေါက်တာခင်မောင်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ကလေး‌တွေပီပီ ကြားရတယ် ’ လို့ ဂျူနီယာဝင်းက ရေးသားထားတာ တွေ့ရပါတယ်။ ဦးခင်မောင်လတ်နဲ့ ဗိုလ်ချုပ်တို့ဟာလည်း အယူအဆချင်းသာ ကွဲရင်ကွဲမယ်၊ လူချင်းတော့ မကွဲခဲ့ပါဘူး။ အော်ဟစ်ရန်ဖြစ်ပေမယ့် အခန်းထဲက ထွက်လာတော့ တစ်ယောက်နဲ့ တစ်ယောက် ရယ်ရယ်မောမောနဲ့ လည်ပင်းဖက် ထွက်လာတာပါ။

ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကိုတော့ ဂျူနီယာဝင်းက အခုလို ရေးဖွဲ့ထားပါတယ်။

“ မေမေကြီးက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ။ ဒါကို ကျွန်မက ဘာကြောင့်သိခဲ့သလဲဆိုတော့ ဒေါ်ခင်ကြည်က မေမေကြီးနဲ့ ဖုန်းဆက်ပြီး ချိန်းဆိုကြရင် ကျွန်မက ဒိုင်ခံ မေမေကြီးနဲ့ ဒေါ်ခင်ကြည်ဆီ အဖော်လိုက်လိုက်ပေးခဲ့ရဖူးတယ်။ အဲဒီသွားရင် ဗမာဆန်ဆန် ဝတ်ရ စားရတယ်။ ထမီဝတ်ရတယ်။  ကျွန်မက အဲဒါတွေ မဝတ်ချင်ဘူး။ အဘွားကြီး နှစ်ယောက်စကားပြောကြတာ ထိုင်စောင့်ရတာ ပျင်းစရာ။ ” ( စာမျက်နှာ - ၁၂၆ )

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အမှတ်တရထုတ် ပြီးတော့ ၂၀၁၅ ခုနှစ် မေလထဲမှာပဲ ထုတ်ဝေခဲ့တဲ့ “ ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ စာပေမိတ်ဆွေများ အမှတ်တရ ( ၁၉၁၅ - ၂၀၁၅ ) ” မဂ္ဂဇင်းအကြောင်းကို ရေးပါ့မယ်။

ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ စာပေမိတ်ဆွေများအမှတ်တရထုတ်က  အတွဲ ၂ ၊ အမှတ် ၅ ၊ မေလ ၂၀၁၅ ခုနှစ်လို့ မှတ်သားရပါတယ်။ မဂ္ဂဇင်းမျက်နှာဖုံးနဲ့ ကျောဖုံးမှာကော မြန်မာ့နိုင်ငံရေး နယ်ပယ်၊ စာပေနယ်ပယ်က အ‌ကျော်အမော်တွေရဲ့ ပုံတွေကို တစုတစည်းတည်း ဖော်ပြထားတာတွေ့ရပါတယ်။ 

ခေါင်းကြီးပိုင်းကို မိုးမခ မဂ္ဂဇင်း အခေါ် အယ်ဒီတာ့ လက်ရေးကိုတော့ ထုံးစံအတိုင်း မောင်ရစ်က ‘ ဘိုးဘွားများနဲ့ စာပေမိတ်ဆွေများ အမှတ်တရ ’ ဆိုပြီး  ရေးပါတယ်။  မောင်ရစ်က ၂၀၁၅ ခုနှစ်ဟာ သူ့အဘိုးအဘွား ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ကျော်၊ လူထုဒေါ်အမာတို့ ရာပြည့်နှစ်ဖြစ်ကြောင်း ရေးသားထားပါတယ်။

မောင်ရစ်ရဲ့ ဆောင်းပါးထဲမှာ သိမှတ်စရာတွေ ဖတ်ရပါတယ်။ ဘဘကြီး ဦးခင်မောင်လတ်နဲ့ မေမေ ဒေါ်ခင်မျိုးချစ်တို့က သူတို့ စာပေမိတ်ဆွေတွေနဲ့ ၁၉၈၀ ခုနှစ်တွေမှာ နှစ်တိုင်း  ထမနဲထိုး ဧည့်ခံတဲ့ မိတ်ဆုံပွဲတွေ လုပ်ခဲ့ကြတယ်။ ( ဆရာ မင်းသုဝဏ်တို့ မိသားစုလည်း  ထမနဲ မိတ်ဆုံပွဲ အစဉ်အလာမပျက် ကျင်းပကြတယ်။  ) အဲဒီ ထမနဲ မိတ်ဆုံပွဲတွေကနေ စာပေသူရဲကောင်း စာပေအာဇာနည် ဦးဝင်းတင် ( ၁၉၃၀ - ၂၀၁၄ )၊ ‌ဆရာ မောင်သော်က ( ၁၉၂၈ - ၁၉၉၁ ) တို့နဲ့ မောင်ရစ်၊ ဂျူနီယာဝင်းတို့က တွေ့ဆုံ ရင်းနှီးခွင့်ရခဲ့တာပါ။

မောင်ရစ်ကပဲ မိုးမခ စာပေဝိုင်းတော်သားတွေကို လက်တွဲခေါ်ယူခဲ့ကြတဲ့ လူကြီးတွေဟာလည်း သူ့အဘိုးအဘွားတွေရဲ့ မိတ်ဆွေတွေချည်းပါပဲလို့ ရေးဖွဲ့ထားပါတယ်။ ဦးတင်မိုး၊ ကြေးမုံဦးသောင်း၊ မောင်စွမ်းရည်၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ ဒေါ်မာမာအေး၊ ဦးဝင်းဖေ ၊ မောင်သာရတို့ဟာ မိုးမခ စာနယ်ဇင်း ရှင်သန်မြင့်တက်စေဖို့ ကူညီထွေးပွေ့ခဲ့တဲ့ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ရဲ့ စာပေမိတ်ဆွေတွေပါ။

မောင်ရစ်ကပဲ ‘ သည်တော့ ကျနော်ရဲ့ ဘိုးနဲ့ဘွား ရာပြည့်မှာ သူတို့နဲ့အတူ မိတ်ဆွေတွေဖြစ်ခဲ့ ဆုံဆည်း  ရေစက်ဆုံခဲ့ကြတဲ့ ရာပြည့်ကြို ရာပြည့် ရာပြည့်ကျော် စာပေမိတ်ဆွေတွေ အမှတ်တရ လက်လှမ်းမီသလောက် စာရင်းပြုစု ဓာတ်ပုံ ရုပ်ပုံပြပွဲတခုလုပ်မယ်။ သက်ရှိထင်ရှားသေးတဲ့ မိမိတြို စာပေမိတ်ဆွေမျိုးဆက်တွေနဲ့ မိတ်ဆုံပွဲ ပြန်လည်အသက်သွင်းမယ်။ အမှတ်တရ မိတ်ဆွေစကား မေတ္တာစကားတွေပြောကြားကြမယ်။ မိုးမခမိတ်ဆုံပွဲကို အဲသည်လိုလေးလုပ်ချင်မိတယ် ’  လို့ ရေး သားထားပါတယ်။ ( စာလုံးပေါင်းသတ်ပုံကို မူရင်းအတိုင်းပြန်လည်ကူးယူဖော်ပြထားပါတယ်၊ စကားမစပ် ပြောရရင် ‘ ဆုံဆည်း ’ ကို မြန်မာစာအဖွဲ့က ပြုစုထားတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနဲ့ ဆရာကြီး ဦးထွန်းတင့်တို့က ‘ ဆုံစည်း ’ လို့ပဲ “ စ ” နဲ့ ပဲရေးရမယ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော့်ထက် ပညာအရအများကြီးသာတဲ့ ဆောင်းပါးရှင်ရဲ့ အမှားကို ထောက်ပြခြင်းမဟုတ်ရပါ။ )

မောင်ရစ်ကပဲ ‘ သူတို့တတွေ ရာပြည့်ခဲ့ကြချိန်မှာ မိုးမခ စာနယ်ဇင်းဆိုတာ ၁၂ နှစ်သားကလေးပဲ ရှိပါသေးပါကလား ’ လို့ ရေးသားထားပါတယ်။ ဘဘကြီး ဦးခင်မောင်လတ်နဲ့ မေမေ‌ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ရာပြည့်က ၂၀၁၅ ခုနှစ်ဆိုတော့ ၁၂ နှစ်သား မိုးမခဟာ ၂၀၀၃ ခုနှစ်မှာ မွေးဖွားလာတယ်လို့ သိမှတ်ရပါတယ်။ 

ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေဒေါ်ခင်မျိုးချစ်တို့ ရာပြည့်နဲ့ စာပေမိတ်ဆွေများ အမှတ်တရထုတ်ထဲက မျက်မှောက်ရေးရာကဏ္ဍမှာ ဆရာမကြီး ဒေါက်တာလှကျော်ဇောရဲ့ ‘ ၂၀၁၅ ခုနှစ်နဲ့ တရုတ်ပြည် ’ ဆိုတဲ့ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးလေး ဖတ်ရပါတယ်။

ဒေါက်တာလှကျော်ဇောက တရုတ်ပြည်ရဲ့ တံခါးဖွင့်ပေါ်လစီတွေ အကောင်အထည်ဖော်တုန်းက
တိန့်ရှောင်ဖင်ရဲ့ အဆိုအမိန့်တစ်ခုကို ရေးပြထားပါတယ်။ “ ရေချောင်းကို ဖြတ်တဲ့အခါ ရေအောက်က ကျောက်တုံးတွေပေါ် လျှောက်တဲ့အခါ ကျောက်တုံးတတုံးပေါ် ခြေတချောင်းချပြီး ငြိမ်မှ နောက် တချောင်းကိုလှမ်း ” လို့ မှာခဲ့တဲ့ အဆိုအမိန့်လေးပါ။ ‌ငွေမည်းလည်း မဟုတ်၊ ငွေဖြူလည်း မဟုတ်တဲ့ မီးခိုးရောင်ငွေ ( gray money ) စာ‌ရင်းပျောက်ငွေတွေအကြောင်းလည်း ဖတ်ရပါတယ်။

ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ စာပေမိတ်ဆွေများ အမှတ်တရထုတ် မဂ္ဂဇင်းထဲမှာ  ဂျူနီယာဝင်းက  A Memory of my  grandparents'  နာမည်တပ်ပြီး အင်္ဂလိပ်လို စာအုပ်တစ်အုပ်ရေးဖြစ်ပုံကို ရေးသားထားပါတယ်။ ဆောင်းပါးနာမည်က ‘ ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် နှစ်တစ်ရာပြည့် အမှတ်တရသို့ ’ ဆိုတဲ့ နာမည်ပါ။

ဂျူနီယာဝင်းက ‘ ၂၀၁၄ မေလ ၁ရက်နေ့ ( ၉၉ ) နှစ်ပြည့် မွေးနေ့တုန်းက နောက်နှစ် ၂၀၁၅ ဆိုရင် မေမေကြီး နှစ်တစ်ရာ ပြည့်တော့မယ်၊ ဘဘကြီး ဦးခင်မောင်လတ်လည်း နောက်နှစ် ဩဂုတ်လဆို နှစ်တစ်ရာ ပြည့်တော့မယ်။ ဘာများ အမှတ်တရလုပ်ရင် ကောင်းမလဲ စိတ်ကူးရာကနေ စာအုပ်ရေးဖြစ်ပုံကို ’ အသိပေး ရေးပြထားတာပါ။ A Memory of my grandparents' စာအုပ်ရေးဖို့ တစ်နှစ်တိတိ အချိန်ယူပြီး ရေးသားခဲ့တာပါ။

ဂျူနီယာဝင်းက ဒီစာအုပ် ရေးသားဖို့ အချက်အလက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံဟောင်းတွေ၊ စာရွက်စာတမ်း အတိုအစတွေ ရှာဖွေကူညီပေးတဲ့ အဓိကပုဂ္ဂိုလ်ကတော့ သူ့ရဲ့မိခင် တက္ကသိုလ်ရွှေရီဝင်းဖြစ်တယ်လို့ မှတ်တမ်းတင် ရေးသားထားပါတယ်။ ‘ ၂၀၁၄ မေလကနေ စိတ်ကူးရလာကတည်းက အကြမ်းရေးချိန်ကစလို့ ညဘက်တွေ အတော်ကြီး မိုးချုပ်မှ အိပ်ဖြစ်တဲ့အကြောင်း၊ ရေးနေတဲ့ ကာလတလျောက်လုံး ဒေါက်တာ ခင်မောင်ဝင်းကို ပြန်ဖတ်ခိုင်းကာ တည်းဖြတ်လုပ်ခိုင်းနေရကြောင်းတွေ ’ ဂျူနီယာဝင်းက ရေးသားထားပါတယ်။

ဂျူနီယာဝင်းက ‘ ကျွန်မရေးသားနေစဉ်ကာလမှာ အကိုဖြစ်သူ ကာတွန်းမောင်ရစ်ကို လိုအပ်သောပုံများ၊ ဓာတ်ပုံတချို့ ရှာခိုင်း ဆွဲခိုင်းနေရသည် ’ လို့ ရေးသားထားပါတယ်။ ဘဘကြီး ဦးခင်မောင်လတ် နဲ့ မေမေ ဒေါ်ခင်မျိုးချစ်တို့ အမှတ်တရ စာအုပ်အတွက် ဒေါက်တာခင်မောင်ဝင်း၊ တက္ကသိုလ် ရွှေရီဝင်း၊ မောင်ရစ်၊ ဂျူနီယာဝင်းတို့ တစ်မိသားစုလုံး ကိုယ်နိုင်တဲ့တာဝန်ကိုယ်ထမ်းကာ စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီရှိခဲ့ကြတဲ့ ပုံရိပ်တွေဟာ ကြည်နူးစရာတွေပါ။ အဘိုးအဘွားက အစ မြေးတွေအထိ တမျိုးဆက်လုံးဟာလည်း ပညာရေးကို အခြေခံတဲ့ မျိုးရိုးတွေပါ။

ဂျူနီယာဝင်းက ‘ ရေးနေတဲ့ ကာလတလျှောက်လုံး ဘဘကြီး မေမေကြီးတို့ကို ပိုပြီးသတိရ၊ ပိုပြီးလွမ်း၊ မျက်ရည်ကျခဲ့ရတာတွေကို ဘယ်လိုစာဖွဲ့ရပါ့ ’ တဲ့။ ဂျူနီယာဝင်းရဲ့ အမှတ်တရ ဆောင်းပါးထဲမှာ ဒေါ်ခင်မျိုးချစ်ရဲ့ လူသိနည်းတဲ့ အကြောင်းအရာလေးတွေလည်း ပါတယ်။ “  ဒေါ်ခင်မျိုးချစ်က ‘ အနော်ရထာ ’ စာအုပ်ရေးနေတုန်း သထုံမြို့က သစ်ပင်တစ်ပင်အောက်မှာ တရားထိုင်ရင်းနဲ့ ရှေးပုဂံသူရဲကောင်းများက ပေါ်လာပြီး ကူညီလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တရားအားထုတ်ခဲ့တယ် ” ဆိုတဲ့ အကြောင်းအရာဟာ လူသိနည်းတဲ့ မေမေကြီး ဒေါ်ခင်မျိုးချစ်အကြောင်းပါ။

မိုးမခ မဂ္ဂဇင်းကို ရှာဖွေဖတ်ဖြစ်တော့  တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်နဲ့ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ ရာပြည့် အမှတ်တရထုတ်တွေကို ဖတ်ဖြစ်ခဲ့တယ်။ မိုးမခ မဂ္ဂဇင်းရဲ့ သက်ကြီးစကား ကဏ္ဍကတော့ ကျွန်တော်တို့ ငယ်ဘဝ အိပ်မောကျနေတဲ့ အလွမ်းကို လှုပ်နှိုး‌ခဲ့ပါတယ်။ နိုးထလာတဲ့ အလွမ်းက ပြေလား မပြေလားကတော့ တစ်ဦးချင်း တစ်‌ယောက်ချင်းစီရဲ့ ခံစားမှုနဲ့ပဲ ဆိုင်ပါ့မယ်။

မိုးမခမဂ္ဂဇင်းရဲ့ သက်ကြီးစကားကဏ္ဍမှာ အဆိုတော် ဒေါ်မာမာအေးရဲ့  နှုတ်ခွန်းဆက်သံ‌တွေကို ဖော်ပြထားလို့ပါပဲ။  ကျွန်တော်တို့ ငယ်ငယ်တုန်းက ညဘက်ဆိုရင် အဖေက ရေဒီယို နားထောင်လေ့ရှိတယ်။ အဖေ နားထောင်တဲ့ ရေဒီယိုကနေ အဆိုတော် ဒေါ်မာမာအေးရဲ့ ‘ သောတရှင်များ ကျန်းမာ တော်မူကြပါစရှင် ’ ဆိုတဲ့ နှုတ်ခွန်းဆက်သံဟာ လေလှိုင်းတွေကနေတဆင့် ကျွန်တော်တို့ နားထဲကို ဝင်ရောက်လာတတ်ပါတယ်။ ကလေးအရွယ်ဆိုတော့ ကျွန်တော်တို့က ဒါတွေကို ဘယ်အလေး အနက် ‌နားထောင်ပါ့မလဲ။ ဘာပဲပြောပြော ကလေးလူငယ်လူကြီးမရွေး‘ ကျန်းမာတော် မူကြပါစရှင် ’ဆိုတဲ့ဆုမွန်ကောင်းတောင်းသံဟာ နားဝင်ချို စိတ်ချမ်းမြေ့ကြမှာပါ။ ဒါကြောင့်မလို့လည်း ကျွန်တော်တို့ရဲ့ ငယ်ဘဝ ညချမ်းအချိန်အခါမှာ ကြားရတတ်တဲ့ ‘ ကျန်းမာတော် မူကြပါစရှင် ’ ဆုတောင်းမေတ္တာသံကို ပြန်ဖတ်ရတဲ့အခါမှာ ငယ်ဘဝကို ပြန်ပြောင်းတမ်းတမိတာတော့ အမှန်ပါပဲဗျာ။

မိုးမခ မဂ္ဂဇင်းရဲ့ စာမျက်နှာတွေမှာ အဆိုတော် ဒေါ်မာမာအေးရဲ့....
‘ သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ’ ဆိုတဲ့ ဆုတောင်းမေတ္တာသံလေးကို စာသားအဖြစ် ဖော်ပြထားပါတယ်။

မိုးမခမဂ္ဂဇင်းကို စာဖတ်ညွှန်းရေးသားဖို့ မိုးမခ မဂ္ဂဇင်းတွေရှာဖွေဖတ်ရတယ်။ မဂ္ဂဇင်းတစ်စောင်
ရဲ့ခေါင်းကြီးပိုင်းဟာ မဂ္ဂဇင်းရဲ့အာဘော်လို့ သတ်မှတ်ထားကြတယ်။ ခေါင်းကြီးပိုင်းဖြစ်တဲ့ အယ်ဒီတာ့လက်ရေးမှာရေးတဲ့ မောင်ရစ်ရဲ့ စာနယ်ဇင်းတွေအ‌ပေါ်  ဖိနှိပ်ချုပ်ချယ်ခံရမှု၊ လွတ်လပ်စွာ ရေး သားဖော်ထုတ်တင်ပြခွင့်တွေ ဆုံးရှုံးနေရပုံတွေကိုရဲရဲဝံ့ဝံ့တင်ပြနေတဲ့ အရေးအသားတွေဟာ  မိုးမခရဲ့ ‘ မူ ’ ဖြစ်တဲ့“  မြန်မာစာပေယဉ်ကျေးမှု အနုပညာ လွတ်လပ်တဲ့ လူ့ဘောင်သစ် ” ဆိုတဲ့ မူတွေနဲ့အညီပါပဲ။  မဂ္ဂဇင်းဖြစ်တာနဲ့အညီ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး အစုံအလင်ဖော်ပြထားနိုင်ပါတယ်။

၂၀၀၃ ခုနှစ်မှာ မွေးဖွားလာတဲ့ မိုးမခစာနယ်ဇင်းဟာ အခုဆိုရင် ၂၃ နှစ်ပြည့် ကာလကို ရောက်ရှိလာပါပြီ။ မိုးမခစာနယ်ဇင်းဖြတ်သန်းလာတဲ့ ကာလ‌တွေကလည်း ငြိမ့်ငြိမ့်ငြောင်းငြောင်းတော့ ဖြစ်နိုင်မယ် မထင်ဘူး။ တော်ဘုရားကလေး ဦးအောင်ဇေ စာအုပ်မှာ ရေးထားတာလေးကိုတောင် သွားသတိရမိတယ်။ ‘ မင်းသားက နုနု တိုက်ပွဲက ကြမ်းကြမ်း ’ တဲ့။ မိုးမခမဂ္ဂဇင်းလည်း တိုက်ပွဲကြမ်းကြမ်းထဲမှာ သက်တမ်းအရနုသေးပေမဲ့ အရှိန်အဟုန်မပျက် ဆက်လက်ချီတက်နိုင်ပါစေဗျာ။

နန္ဒ‌အောင်
၂၅. ၅. ၂၀၂၆

 

 

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar