တစတစ ပုံပေါ်လာနေတဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်ကို ပိတ်ဆို့ဖြတ်တောက်မယ့် စစ်တပ်ရဲ့ မဟာဗျူဟာ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၆ မြင်ကွင်း
(မိုးမခ) မေ ၁၇ ၊ ၂၀၂၆
တစတစ ပုံပေါ်လာနေတဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်ကို ပိတ်ဆို့ဖြတ်တောက်မယ့် စစ်တပ်ရဲ့ မဟာဗျူဟာ
မကြာသေးတဲ့ သီတင်းပတ်၊ လတွေအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ စစ်ရေး သတင်းတွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ် ဆက်သွယ်ထားတဲ့ ကားလမ်းကို အပြည့်အဝ ထိန်းချုပ်လာနိုင်တာတွေ့ရသလို မြန်မာနိုင်ငံ အလယ်ပိုင်းမှာပဲ အခြေပြုပြီး နိုင်ငံရဲ့အနောက်ဘက်ခြမ်း ဒေသဖြစ်တဲ့ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့ရဲ့ နယ်မြေတွေ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ၊ အရေးပါတဲ့ မြို့တွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ၊ အောင်မြင်မှုတချို့လည်း ရရှိသွားတာတွေ့ကြရမှာ ဖြစ်ပါတယ်။
သာဓက ပြရရင် ချင်းပြည်နယ်မှာ ဟားခါးပြီးရင် ဒုတိယအကြီးဆုံး မြို့ဖြစ်သလို လမ်းဆုံမြို့တမြို့လည်း ဖြစ်တဲ့ ဖလမ်းမြို့ကို မကြာသေးခင်သီတင်းပတ်တွေက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲက ပြန်လည် သိမ်းယူနိုင်ခဲ့တာ တွေ့ကြရပါတယ်။ တဖန် ကလေးမြို့ကနေ ချင်းတောင်ပေါ်တက်တဲ့ ကလေး-တီးတိန်ကားလမ်းပေါ်က ကနေဒီတောင်ကို ပြန်လည် ထိန်းချုပ်ခဲ့တာလည်း တွေ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးလောက် ချင်းတောင်ပေါ်မှာ ကြီးကြီးမားမား ထိုးစစ်ဆင်နိုင်တာ နယ်မြေပြန်လည် သိမ်းယူနိုင်တာတွေ မရှိခဲ့ပေမဲ့ အခုအခါမှာတော့ တချို့သောနယ်မြေတွေကို ပြန်လည်သိမ်းယူ ထိန်းချုပ်တာတွေ လုပ်လာနိုင်တာ ဖြစ်ပါတယ်။ ဒီလို ချင်းတောင်ပေါ် ပြန်လည် စစ်ဆင်ရေး၊ ထိုးစစ်၊ နယ်မြေပြန်လည်သိမ်းယူတာတွေ လုပ်ဆောင်နိုင်ခြင်းအကြောင်းအချက်တွေက တချက်မက ရှိနိုင်ပါတယ်။ တချက်ကတော့ အာဏာသိမ်းစစ်တပ် အနေနဲ့ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းမြောက် စတဲ့ဒေသတွေမှာ အပြင်းအထန် ခံစစ်ဖြစ်နေခဲ့တဲ့ အနေအထားကနေ ကျော်လွန်လာခဲ့ပြီး အချို့ဒေသတွေမှာ ထိုးစစ်နဲ့ လှည့်လည်ပြီး နယ်မြေရှင်းလင်းတဲ့ စစ်ကြောင်းတွေ လှုပ်ရှားလာနိုင်ခဲ့တဲ့ အနေအထားမျိုး ရှိလာခြင်းက မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်ဘက်ကို ပြန်လည် ထိုးစစ်ဆင်နိုင်စေဖို့ အဓိကကျတဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ နယ်မြေတွေ ပြန်လည် မသိမ်းယူနိုင်သေးသည့်တိုင် ထပ်ပြီး လက်လွှတ်ဆုံးရှုံးရတဲ့ အနေအထားမျိုး မဟုတ်တော့တာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က မြို့အချို့ကို ပြန်လည် သိမ်းယူနိုင်တာမျိုးတွေ ရှိလာခြင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ကြားခံဇုန်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်တွေကထက် အသာစီးရလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က အခုလို မန္တလေးတိုင်း၊ စစ်ကိုင်း နဲ့ ကချင်ပြည်နယ် အစပ်၊ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းထဲက ဂန့်ဂေါ၊ ယော၊ ဆောတို့မှာ စတင်လှုပ်ရှားလာနေတာဟာ မကွေးတိုင်းကတဆင့် ချင်းပြည်နယ်တောင်ပိုင်းကို ဖြတ်ပြီး ရိက္ခာ နဲ့အခြားသော ထောက်ပံ့ရေး ဖြတ်သန်းရာလမ်းကြောင်းကို ပိတ်ဆို့ဖို့ ထိန်းချုပ်ထားနိုင်ဖို့ ကြိုးပမ်းမှုဆိုတာ ပိုမိုထင်ရှားလာနေတာ ဖြစ်ပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကတဆင့် မတူပီ၊ ပလက်ဝ ကနေ ရခိုင်ပြည်နယ်ဆီ ရိက္ခာ နဲ့ အခြားလူသုံးကုန်ပစ္စည်းတွေ တင်ပို့နေတဲ့လမ်းကြောင်းပေါ်က အဓိက လမ်းဆုံနေရာတချို့ကို မကြာသေးတဲ့ သီတင်းပတ်တွေက အာဏာသိမ်းစစ်တပ်က ဝင်ရောက်နေရာယူခဲ့တာ တွေ့ရပါတယ်။ ပခုက္ကူမြို့ကနေ မင်းတပ်ကို သွားတဲ့ ကားလမ်းပေါ်က ကံကြီးရွာကို စစ်တပ်က အင်အား ရာဂဏန်းနဲ့ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မင်းတပ်ကတဆင့် ရခိုင်ပြည်နယ်ဘက်ကို သွားတဲ့ ကုန်သည်ကားတွေ အားလုံးရပ်နားထားရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သတင်းတွေမှာ တွေ့ကြရတာပါ။
ကံကြီးရွာဟာ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထိစပ်ရာ ဒေသဖြစ်ပြီး ဒီဒေသမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နိုင်တဲ့အနေအထားမျိုး ရှိမနေတဲ့သဘောလည်း ဖြစ်ပါတယ်။ မင်းတပ်နဲ့ မတူပီ စတဲ့ဒေသတွေမှာ Arakan Army နဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင် CB မဟာမိတ် အဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပြီး အာဏာသိမ်းစစ်တပ် အနေနဲ့ ချင်းတောင်ပိုင်းကို ဆက်လက်ထိုးစစ်ဆင် လာမလားဆိုတာတော့ လတ်တလော ယတိပြတ် မပြောနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ AA တပ်ဖွဲ့တွေနဲ့ မကွေးတိုင်း နတ်ရေကန်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် နဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွေမှာ ရင်ဆိုင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ စစ်တွေမြို့ အနီးနဲ့ ကျောက်ဖြူ၊ မာန်အောင်တို့လို နေရာတွေမှာ ရင်ဆိုင်ထားကြတာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာရှိနေတာပါ။ အဆိုပါ စစ်မျက်နှာတွေမှာ အနိုင်ရနေတာ မရှိဘဲ အပြင်းအထန် ခုခံနေရတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်ကို ပို့ဆောင်နေတဲ့ ရိက္ခာ၊ လူသုံးကုန်ပစ္စည်း၊ လောင်စာ အစရှိတဲ့ ပစ္စည်းတွေ ဖြတ်တောက်ပိတ်ဆို့ဖို့ ကြိုးစားလာတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့ရေး မဟာဗျူဟာကို တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ ဘယ်လို တုံ့ပြန်လုပ်ဆောင်ကြမလဲဆိုတာ လာမယ့် လပိုင်းတွေအတွင်း မြင်တွေ့ကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ တောင်တွေ ထူထပ်ပြီး ကားလမ်းတခုသာ ဆက်သွယ်ထားရှိတဲ့ ချင်းပြည်နယ်၊ လူဦးရေ ထူထပ်မှုမရှိဘဲ သယံဇာတ အခွန်အကောက်လည်း မြန်မာနိုင်ငံ အခြားဒေသတွေလို များများစားစား မရှိတဲ့ ချင်းပြည်နယ် အနေအထားကို အာဏာသိမ်း စစ်တပ်အဖို့ အားလုံး ထိန်းချုပ်ဖို့ ရည်ရွယ်ချက်ရှိလိမ့်မှာ မဟုတ်ပါဘူး။ သို့ပေမဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသ၊ ရခိုင်ပြည်နယ်မှာ အင်အားကောင်းကောင်းနဲ့ နယ်မြေတွေ ထိန်းချုပ်ထားနိုင်တဲ့ AA တပ်ဖွဲ့ကို ပိတ်ဆို့ဖြတ်တောက်ဖို့ ဗျူဟာ အနေနဲ့ ချင်းပြည်နယ် တောင်ပိုင်းကို အတိုင်းအတာတခုထိ ထိုးစစ်ဆင်တာ ထိန်းချုပ်ဖို့ ကြိုးစားတာတွေ လုပ်လာနိုင်တာလည်း ဖြစ်ပါတယ်။
ဒီလို အာဏာသိမ်းစစ်တပ်ရဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်တွေကို လုပ်ဆောင်လာမယ့် ထိုးစစ်တွေ ဖြတ်တောက်မှုတွေ ကို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ NUG လက်အောက်က PDF တပ်ဖွဲ့တွေ ဘယ်လို ပူးပေါင်းတုံ့ပြန်ကြမလဲဆိုတာ စောင့်ကြည့်ကြရမယ့် အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar