နေမင်းသ - ပဋိညာဉ်
*Art- Aung Htet
ပဋိညာဉ်
နေမင်းသ
(မိုးမခ) မေ ၂၈၊ ၂၀၂၆
မနေနိုင်လို့ လမ်းထလျှောက်မိတယ်
ခလုတ်ကအသင့်
ပြောပြန်ရင်လည်း သေ
မပြောပြန်တော့လည်း သေ
ဒီ အသေဇာတ်ဟာ ခေတ်အဆက်ဆက်မဆုံးလေတော့
ကြာလာတော့လည်း ကြောက်တတ်လာကြရဲ့
ငါတို့မှာ
အိမ်ရှေ့တံခါးလည်း ကြောက်ရ
နောက်ဖေးတံခါးလည်း လန့်ရ
လေတိုးသံတောင် ထိတ်နေရ နဲ့
ညတာရှည်တဲ့နေ့တွေ ဘယ်ရေတွက်လို့ရတော့မလဲ
မနေနိုင်လို့ ထ ပြောပြန်တော့
နိုင်ငံရေးက ခေါင်းနဲ့ဝင်တိုက်မိပြန်ရော
ကံသုံးပါးစလုံးမှာဘာတွေဘယ်လိုလုပ်လုပ်
ဘယ်လောက်အမျှင်တန်းတန်း
တကယ်ဆို
ငါတို့မှာ ကိုယ့်လွတ်လပ်မှုအတွက်
အဲသလောက်ပင်ပန်းစရာမှ မလိုတာ
အခုတော့
သက်တောင့်သက်သာရှိမှုဟာ
ဘယ်ဟာကအစ ဘယ်ဟာ အဆုံးထိမဟုတ်တော့ဘူး
အကုန်လုံး အဆုံးထိ ထိလွယ်ရှလွယ်
ခြေလှမ်းတိုင်းမလုံခြုံလိုက်ပုံများ
သတင်းကောင်းတွေမှာတောင် အစွန်းအထင်းလေးတွေနဲ့
ကြေညာချက်တွေမှာလည်းအဖာအထေးတွေနဲ့
လူအဖြစ်မှာ ငါတို့ဟာ
ပွင့်ထွက်နေတဲ့ရင်ဘတ်ကိုလက်နဲ့ဖိရင်း
ခေတ်ထဲတရွတ်ဆွဲနေကြရ
စနစ်ထဲ အဖုံးခံ အဖိခံကြရ
နာကျင်ရ ခွေးကျ ကျရ
မိုးလေဝသဟာ မုန်တိုင်းထဲဆွဲသွင်းခံရနဲ့
အာဏာရှင်အောက်မှာ........
ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့ဟာကြောက်နေလို့မှမရတာ
မကြာခဏ နာကျင်ရလည်း
ငါတို့လိုချင်တဲ့တရား
ငါတို့မှမဆယ်ယူရင်မျောပါသွားရုံရှိတော့မပေါ့
အကျပ်အတည်းမရှိတဲ့ အပြောင်းအလဲဆိုတာ
ဘယ်မှာရှိလို့လဲ
မကျော်ဖြတ်နိုင်ရင် သေ ကျော်ဖြတ်နိုင်ရင် ရှင်
မသေမရှင်ဇာတ်ကို ဒီမှာအဆုံးသတ်မယ်
ငါတို့အလံ ငါတို့ပြန်စိုက်ကြစို့ရဲ့။
၃ မေ ၂၀၂၆
-
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
