Breaking News

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေ

မြန်မာနွေဦးခရိုနီကယ် - မေ ၂၆ မြင်ကွင်း

(မိုးမခ) မေ ၂၇ ၊ ၂၀၂၆


တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေ 

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ SRF တပ်ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်တွေနဲ့ တင်းမာမှု ဖြစ်နေတဲ့သတင်းတွေ၊ SRF တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦးကို မင်းကင်းမြို့နယ် ပကဖ က ဖမ်းဆီးထားတယ်ဆိုတဲ့ အကြောင်းအရာ၊ မေလ ၂၆ ရက်မှာတော့ SRF တပ်ဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ကိုစံတင်ထွန်းကို  မင်းကင်း ပကဖ၊ ပအဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံဖို့အသွား လမ်းခရီးမှာ ပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း မင်းကင်းမြို့နယ်က အဆိုပါ ပဋိပက္ခ သတင်းတွေက သတင်းစာမျက်နှာတွေမှာ နေရာယူထားကြတာတွေ့ နေရတာလည်း ဖြစ်ပါတယ်။ မင်းကင်းမြို့နယ်မှာ လှုပ်ရှားနေတဲ့ SRF တပ်နဲ့ မင်းကင်းမြို့နယ် ပအဖ၊ ပကဖ တပ်ရင်းတွေအကြား မကြေလည်မှုဟာ လအတန်ကြာကတည်းက ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှာ SRF တပ်နဲ့ NUG လက်အောက်က တပ်တွေအကြား အုပ်ချုပ်ရေးဖော်ဆောင်မှုနဲ့ ပတ်သက်လို့ တင်းမာမှုတွေ တကြိမ်ဖြစ်ခဲ့ကြောင်း သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ အဲဒီဖြစ်ရပ် မတိုင်ခင် ၂၀၂၅ ခုနှစ်မှာကတည်းက မင်းကင်းမြို့နယ်ထဲက SRF  တပ်လှုပ်ရှားတဲ့ ကျေးရွာအချို့မှာစစ်သားစုဆောင်းမှုတွေ၊ အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား အပြန်အလှန်စွပ်စွဲမှုတွေ ရှိခဲ့ပြီးနောက် တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။ 

ဒါ့အပြင် အဆိုပါဒေသတွေမှာ ချင်းတွင်းမြစ်ရိုးတကြောမှာရှိတဲ့ ကျေးရွာတွေမှာ ရွှေမျောလုပ်ကိုင်တာတွေဆီက အခွန်အကောက် ကောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ ဒေသခံတွေနဲ့ SRF တပ်ဖွဲ့တွေအကြား မကြေလည်မှုတွေ ရှိခဲ့တယ်လို့ သတင်းဖေါ်ပြမှုတွေမှာ တွေ့ရှိကြရတာပါ။ 

ရွှေမျော လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ SRF နဲ့ ပကဖ၊ ပအဖ၊ လက်နက်ကိုင်တပ်တွေအကြားမှာသာမက ဒေသခံတွေနဲ့ မြို့နယ်ပကဖ၊ ပအဖ တာဝန်ခံတွေအကြားမှာလည်း မကြေနပ်လည်မှုတွေ ရှိနေခဲ့တဲ့အကြောင်း သတင်းတွေထဲမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ မင်းကင်းဒေသဟာ အချို့သော ဒေသတွေလိုပဲ အခွန်အကောက်ရနိုင်တဲ့ ရွှေမျောလုပ်ငန်းတွေ ရှိတာကြောင့် ဒီအခွန်အကောက် ကောက်ခံခွင့်တွေနဲ့ ပတ်သက်ပြီး ပွတ်တိုက်မှု၊ အငြင်းပွားမှု၊ ပဋိပက္ခဖြစ်မှုတွေ ဖြစ်လာတာလားဆိုတဲ့ မေးခွန်းလည်း မေးစရာရှိနေတာပါ။ 

ချင်းတွင်းမြစ်ရိုးက ကမ်းပြည့် ရွှေမျောက အခွန်အကောက်ကို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ NUG လက်အောက်က အုပ်ချုပ်ရေး၊ တပ်ရင်းတွေ၊ SRF လက်နက်ကိုင်အဖွဲ့နဲ့ ဒေသခံလူထုတို့ အချိုးကျ ခွဲဝေယူခဲ့ကြတဲ့ကာလလည်း ရှိခဲ့ကြောင်း သတင်းဖေါ်ပြမှုတချို့မှာတွေ့ကြရပါတယ်။ 

လတ်တလော ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး NUG အစိုးရလက်အောက်က မင်းကင်းပအဖက NUG အစိုးရကို ဂုဏ်သိက္ခာကျဆင်းအောင် ဆန္ဒပြပွဲတွေ SRF ကလုပ်ဆောင်တာ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်တာကြောင့် လက်နက်အင်အားသုံးစီးနင်း ဖမ်းဆီးမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းအချို့မှာ တွေ့ရပါတယ်။ 

ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က SRF တပ်ဖွဲ့ဝင်တချို့ရဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ကို တိုင်ကြားမှုတွေရှိနေတာကြောင့် စီးနင်းဖမ်းဆီးရမှာ ဖြစ်ကြောင်းပြောဆိုမှုတွေလည်း ရှိနေပြီး အခုလို ပြစ်မှုကျူးလွန်မှုတွေကို အကြောင်းပြချက် အဖြစ်နဲ့ လက်နက်ကိုင်တပ်နဲ့ ဝိုင်းတာ၊ တိုက်ခိုက်တဲ့ အဖြစ်အပျက်မျိုးတွေ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ တုန်းကလည်း ရှိခဲ့သလို မကွေးတိုင်းက ဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ထဲက ဝန်ကြီးတာဝန်ယူထားသူ ဗိုလ်လက်ယာကိုလည်း အလားတူ အကြောင်းပြချက်နဲ့ တပ်အင်အားနဲ့ ဝိုင်းခဲ့တဲ့ အဖြစ်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို ကြည့်ရင် မင်းကင်းမှာ၊ စစ်ကိုင်းတိုင်း ပုလဲနဲ့ ယင်းမာပင် မြို့နယ်တွေမှာ နဲ့ မကွေးတိုင်း မြိုင်မြို့နယ်တွေမှာ အခုလို ဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့ဖြစ်ပျက်နေတာမျိုး ဖြစ်ပြီး အချို့သော တော်လှန်ရေး အင်အားစုတွေကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေ အချင်းချင်းအကြား လက်နက်ကိုင် တိုက်ခိုက်တာ၊ စီးနင်းတာ၊ တပ်အင်အားနဲ့ ဖိအားပေး ဝိုင်းတာမျိုးတွေက တော်လှန်ရေးကို အင်အားနည်းစေမယ့် ဖြစ်ရပ်တွေလို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရဟာ လက်နက်ကိုင်တပ် အနေနဲ့ အင်အားကြီးတဲ့ အဖွဲ့လည်း ဖြစ်သလို နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားဒေသ မဟုတ်တဲ့ မြန်မာလူမျိုးတွေနေထိုင်ကြတဲ့ ဒေသတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ ဦးဆောင်ရမယ့် အခန်းကဏ္ဍက ရှိနေတဲ့အဖွဲ့ဖြစ်လို့ လက်နက်ကိုင် တပ်ဖွဲ့ငယ်တွေကို စည်းရုံးရေးနည်းလမ်းနဲ့ မစည်းရုံးနိုင်ဘူးလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင် တပ်အချင်းချင်းအကြားမှာ အခုလို လက်နက်နဲ့ တိုက်ခိုက်တာ၊ အင်အားသုံးဖမ်းဆီးတာတွေက တော်လှန်ရေးရဲ့ စည်းရုံးရေးကို ပျက်စီးစေမယ့် အရေးစိုးရိမ်မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ လက်နက်ကိုင်တပ်ကို တနိုင်ငံလုံ အတိုင်းအတာနဲ့ မိမိဘာသာဖွဲ့စည်းနိုင်တာထက် နယ်မြေဒေသအသီးသီးမှာ တော်လှန်ရေးအင်အားစုတွေ အသီးသီး ဖွဲ့စည်းပေါ်ထွက်လာပြီးနောက်မှ စုစည်းခဲ့တဲ့ အဖြစ်က အခုလို ပြဿနာတွေ ပေါ်ထွက်လာခြင်းရဲ့ အခြေခံအကြောင်းအချက် ဖြစ်ပါတယ်။ 

ဒီအခြေအနေက NUG အနေနဲ့ ဖန်တီးတာထက် ဖြစ်ပေါ်လာတဲ့အခြေအနေ နွေဦးတော်လှန်ရေးရဲ့ သီးခြားအခြေအနေ၊ ဝိသေသလက္ခဏာလို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အမျိုးသားရေးဝါဒကို အခြေခံပြီး တဖွဲ့ထည်းဖြစ်အောင် စုစည်းထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ ရှိသလို တိုင်းရင်းသားလူမျိုးတမျိုးထည်းမှာ လက်နက်ကိုင် တဖွဲ့မက ရှိနေကြတဲ့ အဖြစ်လည်း ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်း၊ ပအို့ဝ်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ စတဲ့ ဒေသတွေမှာ လူမျိုးတမျိုးထည်းမှာပဲ လက်နက်ကိုင် တဖွဲ့မက ရှိနေကြတာဖြစ်ပြီး ဒီအခြေအနေကို နိုင်ငံရေးနည်းအရ ဆွေးနွေးစည်းရုံးပြီး ပေါင်းစည်းကြမလား၊ ရန်ဘက်မဖြစ်ဘဲ ပူးပေါင်းလုပ်ဆောင်နိုင်ကြမလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတာပါ။ 

မြန်မာလူမျိုးတွေ နေထိုင်တဲ့ ဒေသဖြစ်တဲ့ အညာ၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့လို ဒေသတွေက လက်နက်ကိုင် အဖွဲ့တွေကို ဘယ်လိုစုစည်းမလဲ သို့မဟုတ် ရန်ဘက်မဖြစ်အောင် ဘယ်လိုပူးပေါင်းပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တာဝန်ကို လုပ်ဆောင်ကြမလဲဆိုတဲ့ မေးခွန်းက ဒီနေ့ရင်ဆိုင်နေရတဲ့ အဓိက ကျတဲ့ မေးခွန်းဖြစ်သလို သေရေးရှင်ရေး တမျှ အရေးကြီးတဲ့ မေးခွန်းလည်း ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar