Breaking News

ဖလော်ဒါဟန် - အခွင့်ထူးခံလူတန်းစားများက ပေးသည့် အသက်အန္တရာယ်

ဖလော်ဒါဟန် - အခွင့်ထူးခံလူတန်းစားများက ပေးသည့် အသက်အန္တရာယ်

မိုးမခ ၊ မေ ၂၃ ၊ ၂၀၂၆


မျက်စိထဲက ဖျောက်ဖျက်လို့မရတဲ့ ပါရာမော်တာ ဗုံးဆန်မှန် အမျိုးသမီးကြီး၊ ကြည့်နေရင်တော့ သာမန်လက်တစ်ဖက် စတီးဒေါက်မျိုးစုံနဲ့ လူနာတစ်ဦးပေါ့။

တကယ်တော့ ၂၆-၂-၂၀၂၆ မှာ ပခုက္ကူ၊ ရေစကြိုမြို့အနီး ရှင်မတောင်နားက ရွာလေးတစ်ရွာမှ တလရ ကာလ အဖြစ်အပျက်ပါ။

ကျွန်မသည် မိတ်ဆွေတစ်ဦးနဲ့ မြို့ပေါ်သို့ လိုက်သွားသည်။ ဆေးပြရက်ချိန်းသည် နေ့ခင်းမှ ခေါ်သည့်အချိန် ဖြစ်သည်။ ထုံးစံအတိုင်း စာအုပ်လုပ်ရသည်၊ တစ်မေ့တစ်မော ထိုင်နေရတယ်။ အလျိုအလျိုနဲ့ လူနာနဲ့ နံပါတ်တွဲခေါ်သွားသည်။ ကျွန်မမိတ်ဆွေ နာမည်ပျောက်နေသည်။ တစ်အောင့်ကြာမှ သူမနာမည် ခေါ်လာသည်။ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြနိုင်ဖို့ ထပ်စောင့်ရသည်။ မနက်ကတည်းက ကလေးတွေ စာသင်အပြီး ဆက်တိုက်ဆိုသလို မြို့ပေါ်တက်လာရတော့ နေ့ခင်းစာမစားရတဲ့ ကျွန်မအတွက် ဆာပြီပေါ့။

ကျွန်မလည်း လူနာစောင့်ခုံမှာ ထိုင်စောင့်ရင်း ဟိုကြည့်ဒီကြည့်နဲ့ပါ။ ငလျင်အက်ကြောင်း နံရံများကလည်း ယနေ့အချိန်အထိ မြင်နေရဆဲပါ။ ထိုအချိန် ကျွန်မမိတ်ဆွေက ဓာတ်မှန်ရိုက်ရမည်ဆိုသည့်အပြောနဲ့ တပြိုင်နက် ဓာတ်မှန်ခန်းရှိရာနေရာကို ပါးစပ်လမ်းညွှန် ပြောပြသည့် လမ်းအတိုင်း သွားခဲ့ကြပါတယ်။

ဓာတ်မှန်ရိုက်သည့်အခန်းကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပါတယ်။ ကျွန်မမိတ်ဆွေလိုပဲ ဓာတ်မှန်ရိုက်ဖို့ စောင့်နေသည့် အသက်အရွယ်လူကြီးပိုင်း အမျိုးသမီးက ကျွန်မဘေးနားမှာ ထိုင်လာပါတယ်။ လက်တစ်ဖက်က စတီးဒေါက်မျိုးစုံဖြင့် ထောက်ထားပြီး အယ်လ်ဘိုး (Elbow) ပုံသဏ္ဌာန်ပါ။ လက်ကျိုးထားဟန်ဆိုသည်ထက် လက်က သေးသိမ်နေပြီး ဒဏ်ရာရထားဟန်ပါပဲ။

ကျွန်မ အနီးအနားရှိတော့ ဗုံးဆန်မှန်တယ်ဆိုတဲ့စကားကို ကြားရချိန် ကျွန်မ မျက်စိ၊ နားတွေ ပွင့်ထွက်လာပါတယ်။ ဘာဖြစ်တာလဲ၊ ဘယ်လိုကြောင့်လဲဆိုတဲ့ ကျွန်မမေးခွန်းတွေက တရစပ် ထွက်လာပါတယ်။ "ပါရာမော်တာ ဗုံးကြဲလို့ ဗုံးဆန်ထိတာ" ဆိုသည့်စကားသည် ကျွန်မကို အတော်လေး အံ့ဩမှင်သက် မိစေပါတယ်။ တစ်သက်မှာ တစ်ခါ မြို့ပေါ်ရောက်၊ အစိုးရဆေးရုံမှာ လက်တွေ့ တွေ့မြင်ဖူးခြင်းပါ။

ထိုအမျိုးသမီးကြီးကပဲ "အဲဒီနေ့ကပေါ့၊ ကျွန်မ ဘလေး အသက် ၉၁ လည်း ဆုံးခဲ့တယ်။ ၃ ယောက်က ပွဲချင်းပြီး သေခဲ့ရတယ်။ နွားတွေလည်း သေခဲ့ရတယ်။ ကျွန်မက စက်ရက်ကန်း ခတ်နေတာ။ ကြဲချမယ်လို့ မထင်ထားမိဘူး။"

ကျွန်မလည်း ခဏတာဆိုပေမယ့် သူမရဲ့စကားတွေ ကြားရတာ မသက်သာလှပါ။ အခုလို မြို့ပေါ်ရောက်ဖို့ ၅ ရက်တာ ကြာသလို၊ စရိတ်စကကလည်း အလွန်ကြီးသည်ဆိုသည့် သူမရဲ့ညည်းညူသံသည် ကျွန်မအတွက်တော့ စိတ်မကောင်းရုံမှတစ်ပါး ဘာမှ မကူညီနိုင်ခဲ့ပါ။ ခြေထောက် ဗုံးဆန်ထိတဲ့ လူနာလည်း ရှိသည်။

မအလခေတ် ဆေးရုံများသည် ပြည်သူများရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ရုံမျှ မဟုတ်သေးပါ။ ပါရာမော်တာ ဗုံးဆန်ထိ ပြည်သူများကို ဆေးကုပေးလျက်ရှိသည်။ ကျွန်မသည် ဆရာဝန်များအစ အလုပ်သမားများအဆုံး ဘယ်သို့သောစိတ်ဖြင့် ဆေးကုသပေးနေကြတာလဲ ဆိုတာ သိချင်လှသည်။ မအလ စစ်တပ်နဲ့ မအလ သမ္မတသည် ဗုံးကြဲသည့်လုပ်ငန်းကို လုပ်သည်။ မအလ လက်အောက်ခံ ပြည်သူ့ဆေးရုံများသည် ဗုံးဆန်မှန် ပြည်သူများကို ဆေးကုပေးနေကြသည်။

ကျွန်မ နားမလည်ပါ။ ဗုံးကြဲသူ အစိုးရကို အားပေးထောက်ခံကြတယ်၊ ဗုံးကြဲခံ ပြည်သူကို ဆေးကုပေးနေကြသည်။

ကျွန်မ နားမလည်ပါ။ ပညာတတ်သည်၊ စာတတ်ကြသည်၊ သို့သော် ရေငုံနှုတ်ပိတ်၍ နေကြသည်။ အခွင့်ထူးခံလူတန်းစားများအတွက် ခေတ်ဆိုးစနစ်ဆိုးအောက်မှာ အခွင့်အရေး ဆိုသည်ထက် အာဏာရှင်အကြိုက် နေထိုင်ကြသည်။

ဖလော်ဒါဟန်

၂၂.၅.၂၀၂၆



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar