မောင်လူမွှေး - ခလုတ်ကန်သင်း၊ ချိုင့်ခွက်တွေကြားက တကိုယ်ရေလမ်းများ
မောင်လူမွှေး - ခလုတ်ကန်သင်း၊ ချိုင့်ခွက်တွေကြားက တကိုယ်ရေလမ်းများ
မိုးမခ ၊ မေ ၃၁ ၊ ၂၀၂၆
မောင်လူမွှေးတို့ နေထိုင်ရတဲ့ လူ့အဖွဲ့အစည်းဟာ ခလုတ်ကန်သင်း၊ ချိုင့်ခွက်တွေနဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီတော့ အလုပ်လုပ်ကိုင်ရာမှာ သတိကြီးကြီး ထားကြရတယ်။ ခလုတ်ကန်သင်းကို ရှောင်ရ၊ ချိုင့်ခွက်ကို ကျော်ရနဲ့ တခါ တခါမှာ စိတ်ပျက်မိတာ အမှန်ပါ။ အမေစုရဲ့ မိန့်ခွန်းတွေ၊ စကားတွေကို တရားနာသလို မကြာမကြာ နားထောင်ပြီး အလုပ်လုပ်ဖို့ ခွန်အားယူရပါတယ်။ စာတွေ အမြဲဖတ်ပြီး ကိုယ့်နှလုံးသားကြီးအောင် မွေးမြူရပါတယ်။ လူနဲ့မတူအောင် နေထိုင်နေရတဲ့ လူတွေကိုကြည့်ပြီး သတ္တိမွေးရပါတယ်။
ဒီနှစ် ကျောင်းဖွင့်ချိန်၊ အာဏာသိမ်း စစ်တပ်ဘက်က သူတို့ကျောင်းတွေမှာ အသက်အရွယ်အလိုက် ဝင်ခွင့်ဖြေပြီး ကျောင်းနေခွင့် ပြုလိုက်တော့ မောင်လူမွှေးတို့ တော်လှန်နယ်မြေက ကျောင်းသူ၊ ကျောင်းသားအချို့ စစ်တပ်လက်အောက်ခံ ကျောင်းကို ပြောင်းသွားကြတယ်။ ဒီလိုပြောင်းဖို့ မြို့ပေါ်မှာ နေထိုင်စရိတ် တတ်နိုင်ရမယ်။ ဒီတော့ ပြောင်းသွားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘတွေဟာ ငွေကြေးအထိုက်အလျောက် အဆင်ပြေကြသူတွေပါ။
ငွေကြေး အဆင်ပြေကြသူတွေရဲ့ သားသမီးတွေဆိုတော့ ပညာရေးမှာလည်း မဆိုးတဲ့အခြေအနေမှာ ရှိပါတယ်။ ပညာတတ်တယောက် ဖြစ်ဖို့ ထိုက်သင့်သလောက် ဥစ္စာအား လိုတာဟာ တကမ္ဘာလုံးမှာပါ။ ဆင်းရဲပေမဲ့ ပညာကို ကြိုးစားသင်ယူရင် တတ်မြောက်နိုင်တယ်ဆိုတာ တဦးချင်းကို ပြောလို့ကောင်းပေမဲ့ ပညာရေးတခုလုံးကို ခြုံငုံပြောလို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။
ဒီလို စစ်တပ် လက်အောက်ခံ မြို့ပေါ်ကျောင်းကို သွားထားတဲ့ထဲမှာ မောင်လူမွှေးနဲ့ မစ်(စ)မွှေးတို့ရဲ့ တပည့် သုံး လေးယောက် ပါတယ်လို့ သိရပါတယ်။ မောင်လူမွှေးတို့နှစ်ယောက်ကတော့ ကိုယ်တတ်နိုင်တာကို အစွမ်းကုန် သင်ကြားပေးခဲ့ကြသူတွေမို့ သူတို့ ဒီလိုသွားထားကြတဲ့ကိစ္စနဲ့ ပတ်သက်ရင် ကိုယ့်တပည့် ငယ်ငယ်ရွယ်ရွယ်လေးတွေကို စစ်ကျွန်စိတ် ရိုက်သွင်းခံရမှာ စိုးရိမ်တာကလွဲပြီး အခြား ခံစားချက်တွေ မရှိကြပါ။
"စစ်တပ်လက်အောက်ခံ ကျောင်းတွေကို တော်လှန်နယ်မြေကနေပြီး ဘာဖြစ်လို့ ကျောင်းသွားထားကြတာလဲ" လို့ မေးရင် အဖြေတွေ တသီကြီးထွက်လာမှာ သေချာပါတယ်။ တော်လှန်နယ်မြေမှာ လေယာဥ်ဗုံးဒဏ်ကို ကြောက်ရလို့၊ ပညာသင်ကြားရေး မပြည့်စုံလို့၊ ညံ့လို့၊ တရားမဝင်မှာစိုးလို့၊ သာကူးတွေမို့ စသဖြင့် အဖြေများစွာရှိပြီး အကုန်လုံးက သူ့နည်းသူ့ဟန်နဲ့ မှန်နေတာပါ။ ဒါပေမဲ့ မောင်လူမွှေး ထင်းထင်းကြီး မြင်နေရတာကတော့ လူ့အဖွဲ့အစည်း မညီညွတ်မှုနဲ့ တကိုယ်ရေ ကောင်းစားရေး ဓလေ့ကြောင့်ပါပဲ။
ပညာရေးမှာ မောင်လူမွှေး အကူအညီပေးနေတဲ့ စစ်ရှောင်စခန်းတွေထဲက တခုဆို နွေရာသီမှာ နားလည်မှုနဲ့ လုပ်နည်းကိုင်နည်း လွဲမှားမှုကြောင့် ဆရာမလေးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက စခန်းတခုလုံးကို ပေးတဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ပြဿနာတက်တယ်။ ဆရာမလေးကို ဝိုင်းလက်ညှိုးထိုး ပြောဆိုကြတာများ မောင်လူမွှေး သတိပေး ထောက်ပြခဲ့လို့သာ ဆရာမလေးခင်မျာ သက်သာရာရရှာတယ်။
ဒါပေမဲ့ ဆရာမလေး စိတ်ထဲမှာ စိတ်အနာ ကျန်ခဲ့ရှာတယ်။ သူဟာ ဓာတ်ဆီဖိုးသာ ရှိတဲ့ လခနဲ့ သူတို့သားသမီးတွေကို စေတနာ၊ မေတ္တာနဲ့ တနှစ်တာလုံး စာသင်ပေးခဲ့တာပါ။ "ကျနော် လာမဲ့နှစ် လုပ်ရမှာတောင် နည်းနည်း ကြောက်သွားပြီ" လို့ ဒီအဖြစ်အပျက်ကို မြင်ပြီး အဲဒီကျောင်းက ဆရာလေးတယောက်က ရင်လာဖွင့်တော့ "အေး.... ငါလည်း ကြောက်သွားတာ အမှန်ပဲ။ ဒါပေမဲ့ ဆက်မလုပ်ကြရင် ပိုဆိုးမယ်" ဆိုပြီး ပြောရတယ်။
စစ်ရှောင်စခန်းတစ်ခုမှာ၊ ရပ်ရွာတစ်ရွာမှာ တအုပ်စုနဲ့ တအုပ်စု၊ တယောက်နဲ့တယောက် လူရာဝင်ချင်ဇောနဲ့ သြဇာ၊ အာဏာလုတဲ့ အကျင့်တွေ ရှိနေသမျှ ပညာရေးနဲ့ လူမှုအဖွဲ့အစည်းကောင်းအောင် တည်ထောင်ဖို့ အင်မတန် ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ မောင်လူမွှေးတို့ နိုင်ငံကလူတွေဟာ ရပ်ကျေးအဆင့်ကနေ အစိုးရအထိ အဲဒီလို အကျင့်စရိုက်တွေကို ကြုံနေရတာပါ။ ကိုယ်က စိုက်ပျိုးလိုက်၊ ရိုက်ချိုးခံရလိုက်နဲ့ ဆိုတော့ ရပ်ရွာကနေ နိုင်ငံအဆင့်ထိ လူမူထူထောင်ရေးကို တကယ် လေးလေးနက်နက် လုပ်နေသူတွေအဖို့ ခံစားမှုမကောင်းတာ ကြာခဲ့ပါပြီ။
မောင်လူမွှေးတို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ တကိုယ်ရေ လွတ်မြောက်မှုကို ဦးစားပေးတယ်။ သင်ကြားခံခဲ့ရတဲ့ စစ်ကျွန်ပညာရေးကလည်း ဒီလိုဖြစ်အောင် လုပ်ပေးထားတယ်။ တကယ်တော့ ချိုင့်ခွက်တွေကြားမှာ သွားလို့ရရုံ တကိုယ်ရေ လမ်းမဖောက်ဘဲ အားလုံး စုပေါင်းပြီး ချိုင့်ခွက်တွေကို ဖို့မှ၊ ခလုတ်ကန်သင်းကို ဝိုင်းတူးဖယ်ကြမှ သာယာပြီး ပြင်ညီတဲ့ ကွင်းပြင်ကို ရမယ်။ သွားရတာ မြန်ဆန်ပြီး ခရီးရောက်မှာ ဖြစ်တယ်။ ဒီလိုတွေ လုပ်ကြဖို့ လူကိုယ်တိုင် ပါဝင်မှုရော၊ စကားတွေ၊ စာတွေနဲ့ရော နှိုးဆော်ခဲ့တာလည်း အကြိမ်များစွာ ရှိပါပြီ။ တွေ့ကြုံနေရတဲ့ အခြေအနေတွေကြောင့် "မောင်လူမွှေး စိတ်ဓာတ်ကျနေပြီလား" မေးရင်.. "ပိုကြိုးစားဦးမှာ" လို့ ဖြေချင်ပါတယ်။
လူမှုအဖွဲ့အစည်းကို ဘယ်လောက် အသိပညာဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မလဲဆိုတာ မောင်လူမွှေးတို့ နိုင်ငံသားအားလုံးရဲ့ ကံကြမ္မာ ဖြစ်နေပါတယ်။ ခလုတ်ကန်သင်း၊ ချိုင့်ခွက်တွေ များတဲ့ လူ့အဖွဲ့အစည်းမှာ တကိုယ်စာသာ လမ်းဖောက်တတ်တဲ့ အကျင့်ကို ပြင်ပြီး ဝိုင်းဝန်း ရှင်းလင်း၊ ညီညာအောင် ပြုလုပ်ကြဖို့ မဖြစ်မနေ လိုအပ်နေပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar