Breaking News

ပုလဲ ပကဖ ကြေညာချက် စစ်ကောင်စီကျောင်းများတွင် အပ်နှံသည့် မိဘများအား သတိပေးချက်

မြန်မာနွေဦးခရိုနီကယ် - မေ ၂၉ မြင်ကွင်း

(မိုးမခ) မေ ၃၀ ၊ ၂၀၂၆


ပုလဲ ပကဖ ကြေညာချက် စစ်ကောင်စီကျောင်းများတွင် အပ်နှံသည့် မိဘများအား သတိပေးချက် 

မကြာသေးခင်က အာဏာသိမ်းစစ်တပ်ရဲ့ ပညာရေးဝန်ကြီးဌာနက ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းသားတွေ ကျောင်းပြန်လည်အပ်နှံတာကို လက်ခံဖို့ အရည်အချင်းစစ်ဆေးပြီး တက်ရောက်မဲ့ အတန်းသတ်မှတ်ဖို့ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးအရ သားသမီးတွေကို အာဏာသိမ်းစစ်အစိုးရ လက်အောက်က ကျောင်းမှာ မတက်စေဖို့ အချို့သောမိဘတွေက ဆုံးဖြတ်ပြီး သားသမီးတွေကို အစိုးရကျောင်း ပညာရေး မသင်ယူစေဖို့ ဆုံးဖြတ်ခဲ့သလို ပြင်ပ ပုဂ္ဂလိကကျောင်းတွေ အပ်နှံဖို့ လက်လှမ်းမမီတဲ့အနေအထားတွေကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးသူငယ်တွေ အများအပြားရှိခဲ့ပါတယ်။ 

ငွေကြေးတတ်နိုင်တဲ့ သူတွေအဖို့တော့ ရန်ကုန်၊ မန္တလေး နဲ့ အခြားသောမြို့ကြီးတွေမှာ ရှိတဲ့ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ သင်ယူစေနိုင်ပေမဲ့ ဝင်ငွေအားဖြင့် လက်လှမ်းမမီတာ၊ မိမိတို့နေထိုင်ရာ မြို့/ရွာမှာ ပုဂ္ဂလိကကျောင်း မရှိတာတွေကြောင့် ကျောင်းမတက်နိုင်တဲ့ သူတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် သောင်းဂဏန်းကနေ သိန်းဂဏန်းဝန်းကျင်ထိ ရှိနိုင်တာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းခါစ နှစ်တွေမှာ တော်လှန်ရေးကို တက်ကြွစွာထောက်ခံတဲ့ ကျောင်းသားမိဘတွေက နွေဦးတော်လှန်ရေးက နှစ်ရှည်ကြာလိမ့်မယ်လို့ မျှော်လင့်မထားကြတဲ့ အချက်ကြောင့်လည်း အချို့က သားသမီးတွေကို အများဆုံး တနှစ်တန်သည်၊ နှစ်နှစ်တန်သည် ကျောင်းမတက်နိုင်တဲ့အခြေအနေမျိုးသာ ယူဆပြီး ဆုံးဖြတ်ခဲ့ကြတာလည်း တွေ့ရပါတယ်။ 

သို့ပေမဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေးက နှစ်ရှည်ကြာလာချိန် တဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက စီစဥ်ဖွင့်လှစ်တဲ့ အွန်လိုင်းက တဆင့်သင်ယူရတဲ့ နွေဦးပညာရေး စာသင်ကျောင်းတွေရဲ့ အားနည်းချက်၊ အင်တာနက်နဲ့ လျှပ်စစ်မီးအခက်အခဲတွေကြောင့် စစ်အစိုးရလက်အောက်က စာသင်ကျောင်းတွေကို သပိတ်မှောက်ပြီး သားသမီးတွေကို ကျောင်းမတက်စေတဲ့ ရွေးချယ်မှုဟာ လက်တွေ့မကျတဲ့ ရွေးချယ်မှုအဖြစ် ရှုမြင်လာကြတာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အွန်လိုင်းမဟုတ်တဲ့ စာသင်ကျောင်းတွေကို CDM ပညာရေးဝန်ထမ်းတွေနဲ့ လည်ပတ်နေတာတွေလည်း ရှိနေပြီး အဆိုပါစာသင်ကျောင်းတွေ အနေနဲ့ တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်ဖြစ်ခံရတာ စတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကြောင့် တစိုက်မတ်မတ် သင်ကြားနိုင်ဖို့ အခက်အခဲရှိနေတာလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် ဒေသအချို့မှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ၄င်းတို့အုပ်ချုပ်မှုအောက်က စာသင်ကျောင်းတွေ ရှိနှင့်ပြီးဖြစ်လို့ အညာဒေသလို မကွေး၊ မန္တလေ နဲ့ အချို့သောဒေသတွေနဲ့ အခြေအနေချင်း မတူကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

မေလ ၂၆ ရက်နေ့ နေ့စွဲနဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ရာမှာ ခု ၂၀၂၆ စာသင်နှစ်အတွက် စစ်ကောင်စီကျောင်းများတွင် ကျောင်းအပ်နှံသည့် မိဘများနှင့် ကျောင်းအပ်နှံရေး အတွက် လှုံ့ဆော်ကူညီပေးနေသူတွေကို အသိပေး၊ သတိပေး ဆောင်ရွက်ဖို့ အကြောင်းကြားခြင်း ဆိုတဲ့ တော်လှန်ရေးနယ်မြေမှာနေပြီး သားသမီးတွေကို စစ်ကောင်စီ ကျောင်းမှာ အပ်နှံခြင်း လုံးဝမလုပ်ဖို့၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် အပ်နှံထားရင် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ကြားကာလ ပြည်သူ့အခြေပြုကျောင်းတွေမှာ သားသမီးတွေကိုပြန်လည်အပ်နှံဖို့ ဆိုတဲ့ အချက်တွေ ပါဝင်လာတာ တွေ့ရပါတယ်။ 

ဒီထုတ်ပြန်ချက်ဟာ မိမိတို့ သားသမီးတွေ ဘယ်မှာ ပညာသင်ယူနေသလဲဆိုတဲ့ အချက်ကို နိုင်ငံရေး ရပ်တည်ချက်အဖြစ် သတ်မှတ်ယူဆတာ စစ်အစိုးရ လက်အောက်က ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ သားသမီးတွေအတွက် မိဘတွေကိုပါ အပြစ်ပေးမဲ့ သဘောမျိုး သက်ရောက်တဲ့ ခြိမ်းခြောက်မှု အငွေ့အသက်ပါတဲ့ ထုတ်ပြန်ချက်တခုအဖြစ် ရှုမြင်ရပါတယ်။ ရှည်ကြာလာတဲ့ လက်နက်ကိုင်တော်လှန်ရေး၊ ကြားကာလ ဆိုဆို စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေမျိုးအောက်မှာ ဖွင့်လှစ်ထားရတဲ့ စာသင်ကျောင်းတွေရဲ့ လုံခြုံမှု၊ အဆက်အစပ် မပြတ်တောက်ဘဲ စာသင်ယူနိုင်ဖို့ အခြေအနေ အစရှိတဲ့ အခြေအနေ အရပ်ရပ်ကို ကျောင်းသားမိဘတွေ အနေနဲ့ သုံးသပ်ပြီး ရွေးချယ်ကြရတာကို ပုလဲမြို့နယ် ပအဖ အနေနဲ့ နားလည်နိုင်ခြင်း မရှိဘဲ အာဏာကိုသုံးပြီး အာဏာရှင်ဆန်ဆန် ပြုမူတဲ့ ထုတ်ပြန်ချက်လို့ ဆိုနိုင်ပါတယ်။ 

ဒီထုတ်ပြန်ချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒေသအားလုံးအပေါ် မှာ တသမတ်တည်း ချမှတ်ထားတဲ့ မူဝါဒ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုမျိုး ဟုတ်/မဟုတ် မသိရှိပေမဲ့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ အောက်က ပုလဲမြို့နယ်ရဲ့  ဆုံးဖြတ်ချက်ပဲလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။ 

သို့ပေမဲ့ အခုလို စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေက စာသင်ကျောင်းမှာ အပ်နှံဖို့ ဆုံးဖြတ်တဲ့ မိဘတွေနဲ့ ကျောင်းသားတွေကို တားဆီးဖို့ ခြိမ်းခြောက်ဖို့ လုပ်ဆောင်ခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သတင်းကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

ကလေးသူငယ်တွေ အနေနဲ့ ပညာသင်ယူခွင့်ဟာ မွေးရာပါ အခွင့်အရေးတရပ်ဖြစ်ပြီး ဒီအခွင့်အရေးကို ရယူဖို့အတွက် ကျောင်းသားမိဘတွေ အနေနဲ့ ၄င်းတို့ လက်လှမ်းမီတဲ့ နေရာ၊ စာသင်ကျောင်း၊ ရွေးချယ်မှုတွေကို တားဆီးတာ၊ ကန့်သတ်တာ နိုင်ငံရေး ရပ်တည်မှုအဖြစ် သတ်မှတ်ကာ အပြစ်ပေး၊ ပိတ်ဆို့တာ၊ နေရပ်မှ နှင်ထုတ်တာမျိုး စတဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးမှ တရားမျှတတဲ့ လုပ်ဆောင်မှုအဖြစ် သတ်မှတ်လို့မရပါဘူး။ 

ဖက်ဒရယ်ကြားကာလ အစိုးရ ဖြစ်စေ ၊ NUG အစိုးရဖြစ်စေ အခုလို တော်လှန်ရေးကာလ အနေအထားမှာ ပညာရေးကို ဦးစားပေး လုပ်ဆောင်နိုင်တဲ့ အခြေအနေမရှိတာကို ပြည်သူလူထုက နားလည်ပေးနိုင်ပေမဲ့ ပြည်သူလူထု အနေနဲ့ ၄င်းတို့ရဲ့ ရွေးချယ်မှုကို သက်ဆိုင်ရာ အုပ်ချုပ်သူတွေက နားလည်ပေးနိုင်ခြင်း မရှိတဲ့အဖြစ်က စည်းရုံးရေးအမြင်အရ ပြောရရင် လူထုဆန့်ကျင်ရေး လုပ်ဆောင်မှုတရပ်လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar