အခက်အခဲနဲ့ ဒုက္ခရောက်တွေကြားမှာ ကျူးလွန်ခံရတဲ့ ဖြစ်ရပ်တွေ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၅ မြင်ကွင်း
(မိုးမခ) ဇွန် ၁၆ ၊ ၂၀၂၆
အခက်အခဲနဲ့ ဒုက္ခရောက်တွေကြားမှာ ကျူးလွန်ခံရတဲ့ ဖြစ်ရပ်တွေ
မဲဆောက်မြို့အနီး ထိုင်းမြန်မာနယ်စပ် မှာ မြန်မာစစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ဒေါနမြေ Dawna Land စာသင်ကျောင်းက ကျောင်းအုပ်ဖြစ်သူက ကျောင်းသားအချို့ကို လိင်အမြတ်ထုတ်မှု ဖြစ်ပွားတယ် ဆိုတဲ့ သတင်းတပုဒ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။
ကျူးလွန်ခံရတဲ့ ကျောင်းသားအချို့က စတင် အသိပေးတိုင်ကြားခဲ့ရာက ကျောင်းအုပ်ချုပ်မှုအဖွဲ့၊ ကျောင်းတည်ထောင်သူလို့ဆိုရမယ့် ရွှေဝါရောင် အရှင်ထာဝရ တို့က ကိုင်တွယ်ဖြေရှင်းခဲ့ကြပေမဲ့ ဖြေရှင်းပုံနည်းလမ်းနဲ့ ပြောဆိုမှုတွေအပေါ် မကျေလည်မှုတွေလည်း ရှိနေကြတဲ့ အနေအထားမျိုး သတင်းဖော်ပြမှုတွေနဲ့ လူမှုကွန်ရက်မှာ ရေးသားမှုတွေအရ သိရပါတယ်။
မြန်မာနိုင်ငံက စစ်ဘေးရှောင်လာသူနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေကို ပညာသင်ကြားပေးဖို့ ရည်ရွယ်ဖွင့်လှစ်ထားကြတဲ့ စာသင်ကျောင်းနဲ့ သင်ကြားရေးစင်တာအရေအတွက် ၆၀ ကျော် ၇၀ နီးပါးရှိနေပြီး ထိုင်းနိုင်ငံရဲ့ အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ထားဖို့ ဘာသာစကား အခက်အခဲ၊ ကျောင်းလခငွေကြေး အခက်အခဲတွေရှိနေကြတဲ့ သူတွေအဖို့ မြန်မာစာသင်ကျောင်းတွေက တခုထည်းသော အားကိုးရာဖြစ်ပါတယ်။
ဒီအခြေအနေက အခုမှ အသစ်ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်တွင်းက နိုင်ငံရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေထိုင်ကြတဲ့ ကာလတွေကတည်းက ဒီလို စာသင်ကျောင်း/ သင်ကြားရေးစင်တာတွေ ရှိနှင့်နေပြီးဖြစ်ကာ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုံးအရင်းနဲ့ ထပ်မံပြောင်းရွှေ့ နေထိုင်လာကြတဲ့အခါ စာသင်ကျောင်းတွေ ပိုပြီးတိုးပွားလာတာလည်း ဖြစ်ပါတယ်။
မိမိတို့ နေထိုင်ရာမြို့ရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားလို့ နယ်စပ်မျဥ်းဟိုဘက်ကနေ ထိုင်းဘက် တိမ်းရှောင်လာရသူတွေ၊ နိုင်ငံရေးအရ ဖမ်းဆီးခံရမယ့် အရေးကြောင့် မိသားစုအလိုက် တိမ်းရှောင်နေထိုင်ကြရတဲ့ နိုင်ငံရေးသမား နဲ့ တက်ကြွလှုပ်ရှားသူတွေ၊ CDM မိသားစုတွေ အဖို့ ငွေကြေးကျောထောက်နောက်ခံ မရှိတာ၊ တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိတာတွေကြောင့် မိမိတို့ရဲ့ သားသမီးတွေကို အခုလို စာသင်ကျောင်းတွေမှာ အားကိုးကြရတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ စာသင်ကျောင်းတွေကို အခြေပြုတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ မကြာခဏဖြစ်ပွားတဲ့ သတင်းတွေ ကြားသိလာရတာ ဖြစ်ပါတယ်။ အရင်နှစ်ကလည်း မဲဆောက်မြို့ သွေးသစ် စာသင်ကျောင်းက ကျောင်းဆရာ တဦးဖြစ်တဲ့ ဦးဇော်ငြိမ်းလတ် ဆိုသူက သွေးသစ် စာသင်ကျောင်းက ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မဲဆောက်ရဲစခန်းက ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ အဖြစ်အပျက်နဲ့ အလားသဏ္ဌာန်တူတဲ့ ကျောင်းအုပ်ဖြစ်သူက ကျောင်းသားအချို့အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားမှုနောက်တခု ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အခုလို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ကျူးလွန်မှုတွေဟာ စာသင်ကျောင်းလို နေရာမှာ ဖြစ်ပွားခြင်းက အလွန်အကျည်းတန်အရုပ်ဆိုးတဲ့ အဖြစ်လို့ ဆိုရမှာပါ။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း၊ ရွှေ့ပြောင်းလုပ်သားနဲ့ စစ်ဘေးကြောင့် တိမ်းရှောင်လာရသူတွေ အဖို့ မိမိတို့သားသမီးတွေ ပညာရေးအတွက် ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေနဲ့ ပို့ဆောင် သင်ယူစေတဲ့ စာသင်ကျောင်းလို နေရာမျိုးမှာ အခုလို တသက်လုံး စိတ်ဒဏ်ရာတွေ ရရှိသွားစေနိုင်တဲ့ လိင်အမြတ်ထုတ်မှု၊ ကျူးလွန်မှုတွေ ဖြစ်ပွားခြင်းဟာ တန်ဖိုးရှိတဲ့ အရာတွေထဲ သန့်ရှင်းစင်ကြယ်တဲ့ အရာထဲမှာ ညစ်နွမ်းစေတဲ့ ကြီးမားတဲ့ ပြစ်မှုတွေ ပါဝင် ရောယှက်နေတဲ့ သဘောလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုလို ဥပဒေအရ နေထိုင်ပိုင်ခွင့်နဲ့ ငွေကြေးအရ အားနည်းသူ စစ်ဘေးရှောင်နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အဖို့ အခုလို စာသင်ကျောင်းတွေကလွဲလို့ အခြား စာသင်ကျောင်းတွေကို အပ်နှံဖို့ လက်လှမ်းမမီတဲ့ အနေအထားမှာ ဒီစာသင်ကျောင်းတွေမှာ မကြာခဏ အခုလို ကျူးလွန်မှုတွေ ဖြစ်ပွားခြင်းဟာ မြေနိမ့်ရာ လှံစိုက်ခံရတဲ့ အဖြစ်၊ ရေနစ်သူ ဝါးကူထိုးတဲ့ အဖြစ်မျိုးလို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။
အင်အားနည်းသူတွေ၊ အဆက်အသွယ် နောက်ခံအသိုင်းအဝိုင်း မရှိသူတွေရဲ့ သားသမီးတွေအပေါ်ကျူးလွန်တဲ့ အဖြစ်မျိုးဖြစ်တာကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအပြင် အားနည်းသူ၊ ဥပဒေအကာအကွယ်၊ အသိုင်းအဝိုင်း အကာအကွယ် အားနည်းသူတွေအပေါ် ကျူးလွန်ကြတဲ့ အခွင့်အရေးယူ လိင်အမြတ်ထုတ်ကြတဲ့ ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။
နွေဦးတော်လှန်ရေးကာလတွေအတွင်း တရားဥပဒေ စိုးမိုးမှု ပျက်ယွင်းလာချိန်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ အမြတ်ထုတ်မှုတွေ ဟိုနေရာ သည်နေရာမှာ ဖြစ်ပွားနေတာ ကြားသိနေကြရတာလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလမို့လို့၊ ကြားကာလမို့လို့ တော်လှန်ရေး အောင်မြင်ဖို့ စစ်ရေးအရ ကြိုးပမ်းနေကြရတဲ့ အခြေအနေဖြစ်လို့ အထက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ အမြတ်ထုတ်မှုလို ကိစ္စတွေကို အရေးတကြီးထား ဖြေရှင်းတာ၊ ကာကွယ်တာတွေ မလုပ်ဆောင်ကြတဲ့ အခြေအနေက ဝမ်းနည်းဖွယ်ရာ ဖြစ်ပါတယ်။
ကျူးလွန်ခံရသူတွေဟာ လူမှုအသိုင်းအဝိုင်းမှာ အောက်ဆုံးအလွှာ အခက်အခဲ ဒုက္ခတွေကို ခါးစည်းခံနေကြရတဲ့ အလွှာကသူတွေ ဖြစ်နေတာကြောင့် ဒီအဖြစ်အပျက်မျိုး နောက်ထပ် မဖြစ်ပွားအောင် စီမံဆောင်ရွက်ခွင့် ရှိသူ၊ တနည်း အာဏာပါဝါ ရှိသူတွေ အနေနဲ့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံမှာ ရောက်ရှိနေလို့ ဆိုပေမဲ့လို့ မြန်မာ အသိုင်းအဝိုင်းမှာ အခုလို စာသင်ကျောင်း/သင်ကြားရေးစင်တာတွေ ဖြစ်စေ၊ ဒုက္ခသည်စခန်းလိုနေရာတွေမှာ ဖြစ်စေ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု တာဝန်ယူကြတဲ့ သူတွေ၊ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ အမြတ်ထုတ်မှုလို အဖြစ်မျိုး နောက်ထပ် မဖြစ်ပွားအောင် မူဝါဒ၊ စောင့်ကြည့်မှု၊ ဖြစ်လျင်ဖြစ်ချင်း လုံလောက်တဲ့ အရေးယူကိုင်တွယ်မှု၊ မိမိတို့ နိုင်ငံရေးအယူအဆ တူသူမို့၊ လုပ်ဖော်ကိုင်ဖက် ဖြစ်လို့ဆိုတဲ့ အချက်တွေနဲ့ အကာအကွယ်မပေးကြဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။
မိဘတွေ အနေနဲ့ မိမိတို့ သားသမီးတွေရဲ့ အနာဂတ်အတွက် စာသင်ကျောင်းလို နေရာကို ကောင်းမွန်တဲ့ အမြင်၊ မျှော်လင့်မှုတွေနဲ့ ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ အဲလို နေရာတွေမှာ မကြာခဏ အခုလို ပြစ်မှုတွေ ဖြစ်ပွားလာတာကြောင့် စာသင်ကျောင်းတွေကို ပို့ဖို့ ဝန်လေးတွန့်ဆုတ်လာကြမယ် ဆိုရင် ကလေးသူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးခံရတာနဲ့ အလားသဏ္ဌာန်တူနေတာလည်း ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ နောက်ထပ် ဂုဏ်သတင်း ပျက်ယွင်းရတဲ့ အဖြစ်မျိုး ထပ်မဖြစ်ပွားဖို့ သက်ဆိုင်တဲ့သူ၊ စီမံခန့်ခွဲခွင့် ရှိသူတွေအနေနဲ့ တင်းကျပ်စွာ မူဝါဒ ချမှတ်ပြီး တိကျစွာလိုက်နာ ဖော်ဆောင်ကြဖို့ သင့်ပြီလို့ နှိုးဆော်တိုက်တွန်းချင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar