Breaking News

မဂျက် ( Jasmine ) - မငြိမ်းသော အပြာရောင်

Art- Than Htay Maung

မငြိမ်းသော အပြာရောင်
မဂျက် ( Jasmine)
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၆

သံတိုင်တွေ.. အလုံပိတ်တံခါးတွေ .. သော့ခလောက်တွေက 
သူမကိုပိတ် လှောင်ထားနိုင်မယ် ထင်ကြတယ်။

ဟာသတခု မဟုတ်ပေမယ့် ရယ်ရတယ်။
သူမ မဟုတ်ဘဲ သူတို့ရဲ့ကြောက်ရွံ့မှုကို 
ပြန်ပြီးပိတ်လှောင်ထားတာကသာ 

အမှန်တရားဖြစ်နေတယ်။
ညတွေဟာ ပိုနက်လာတယ်။ 
အရိပ်တွေနဲ့အုပ်မိုး 
နည်းအမျိုးမျိုးနဲ့ အလင်းကို မျိုဖို့  ကြိုးစားနေကြတယ်။ 

ဒါပေမယ့် 
တိတ်တဆိတ် တောက်လောင်နေတဲ့ 
အပြာရောင်မီးတောက်တစ်ပွင့်က
ပြည်သူလူထုရင်ထဲ
 ပွင့်မြဲ၊ ​ပွင့်ဆဲ
ရှင်သန်မြဲ၊ ရှင်သန်ဆဲ
အမှောင်ကို ဖြိုခွင်းဆဲ
လောကကို ဆက်လက်အလင်းပေးနေဆဲ။

နာမည်တွေကို ဖျက်ပစ်လိုက်ကြတယ်၊ ရတယ်။
ဓာတ်ပုံတွေကို ဖုံးကွယ်ဖယ်ရှားထားကြတယ်၊ ရတယ်။ 

အသံတွေကို တိတ်ဆိတ်စေဖို့
မတရားဖိနှိပ် ထိန်းချုပ်လိုက်ကြတယ်၊ ရတယ်။
အတိတ်ကိုပြောင်းရေးပြီး သမိုင်းဖျောက်နိုင်ဖို့ 
နည်းမျိုးစုံနဲ့ ကြိုးစားကြတယ် ။

ရတယ်၊ ရတယ်၊ ရသေးတယ်။

ဒါပေမယ့် 
လူထုရင်ထဲက မျှော်လင့်ချက်ကိုတော့ 
ဘယ်နံရံနဲ့မှ မပိတ်ကာနိုင်ဘူး။

ပြည်သူ့ကဏ္ဍတွေထဲ
မုန်တိုင်းများစွာ ဖြတ်သန်းမွှေနှောက် သွားတယ်။

ငလျင်ဘေးလဲ "ပြေးတွေ့ကြရုံပဲ" လို့​ တွေးခဲ့ကြရတယ်။
သဘာဝဘေးထက် စစ်ဘေးက 
ဒီ​နေရာကို ကာလကြာရှည် တိုက်စားခြင်းခံရတယ် ။

နှစ်တွေ တောင်လို စုပုံလာတယ်။ 
အချိန်တွေ ကျောက်သားလို လေးလံလာတယ်။
ဒါပေမယ့် အပြာရောင်မီးတောက်ဟာ မှိန်မသွားဘူး၊ လျော့မသွားဘူး ။
ချစ်ခြင်းမေတ္တာတွေထဲ အားကောင်းတိုးပွားလျက်ပဲ ရှိနေတယ်။

အမှန်တရားဘက်မှာ ပြည့်ပြည့်ဝဝရပ်တည်တဲ့အခါ 
မီးတောက်တစ်ခုဟာ 
နိုင်ငံနယ်နိမိတ်ထက် ပိုကြီးထွားသွားတယ်။

ငြိမ်းချမ်းရေးအတွက်
လွတ်လပ်မှုအတွက်
မဆုံးနိုင်သေးတဲ့ အိပ်မက်တခုအတွက်
ပြည်သူလူထုရဲ့ ရင်ထဲ၊ စိတ်ထဲ ၊ ဘဝထဲမှာ
အပြာရောင်မီးတစ်ပွင့်ဟာ
ဒီနေ့ထိ 
ဆက်လက် လင်းလက်တောက်ပ၊ ရှင်သန်လျက်ရှိမြဲ ရှိဆဲ
အနာဂတ်ဆီသို့လည်း ဆက်လက် လင်းပနေပါဦးမယ်။

၁ ဇွန် ၂၀၂၆
-

t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia 
#WhatsHappeningInMyanmar