Breaking News

နန္ဒအောင် - ရှေးအကြောင်း၊ မန္တလေးအကြောင်း သိချင်ရင် လူထုဒေါ်အမာ စာတွေဖတ်ပါ

Photo- Credit
 ရှေးအကြောင်း၊ မန္တလေးအကြောင်း သိချင်ရင် 

လူထုဒေါ်အမာ စာတွေဖတ်ပါ

နန္ဒအောင်
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၆


ရှေးအကြောင်း၊ မန္တလေးအကြောင်း သိချင်ရင် လူထုဒေါ်အမာ စာတွေဖတ်ပါလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ အမေမာလို့ ခေါ်ကြတဲ့ လူထုဒေါ်အမာရေးတာတွေဟာ တကယ်တော့ သမိုင်းပါ။ လူထုဒေါ်အမာရဲ့ စာတွေဖတ်ကြည့်ရင် သူရေးတာတွေကို သမိုင်းလို့တောင် ခေါင်းစဥ်ပေးပြီး မသတ်မှတ်ထားပေမယ့်၊ တကယ့်သမိုင်းတွေပါ။ ပိုပြီးအသေးစိတ်ပြောရရင် အမေမာရေးသားတဲ့သမိုင်းဟာ အဖိနှိပ်ခံတွေဘက်က ရေးသားခဲ့တာတွေပါ။ မြန်မာနိုင်ငံသမိုင်းကို လက်ဝဲအမြင်ကနေရေးတဲ့ စာရေးဆရာ၊ သမိုင်းဆရာတွေဟာ လက်ချိုးရေလို့ရပါတယ်။ ဒေါက်တာသန်းထွန်းကတော့ သမိုင်းကို ရုပ်ဝါဒအမြင်ကနေ ရေးတယ်လို့ ရေးဖူးတယ်။ ဆရာဗန်းမော်တင်အောင်ဟာလည်း သမိုင်းကို လက်ဝဲအမြင်ကနေ ချည်းကပ်ရေးခဲ့တာပါ။

လူထုဒေါ်အမာကတော့ သူ့စာတွေကို သမိုင်းလို့တောင် ခေါင်းစဥ်မတပ်ဘဲ ရေးပြသွားတာပါ။ အတော်အံသြဖို့ကောင်းပြီး၊ အမေမာရဲ့ နှိမ့်ချတတ်တဲ့ စိတ်နေစိတ်ထားဟာ အလွန်လေးစားရမှာဖြစ်ပြီး အတုယူကြိုးစားရမယ့် စိတ်ထားမျိုးပါ။ ရိုးသားစွာပြောရရင် လူထုဒေါ်အမာတို့၊ လူထုဦးလှတို့ စာတွေစဖတ်တုန်းက မန္တလေးအကြောင်း၊ လူပုဂ္ဂိုလ်တွေအကြောင်း ရေးတဲ့စာတွေပဲဆိုပြီး မန္တလေးနဲ့ပတ်သက်တာလေးတွေ သိရအောင် စဖတ်ဖြစ်တာပါ။ စာဖတ်လာတာ ကြာလာတဲ့ သိမူ့အခြေခံအရ တကယ့်ကို သမိုင်းစာအုပ်တွေပါ့လားလို့ သိမြင်လာတယ်။ နောက်မျိုးဆက်တွေ ကိုးကားရမယ့် စာတွေအဖြစ် ရေးသားခဲ့ရတာ လွယ်တာမှတ်လို့၊ လူထုဒေါ်အမာရေးသားတဲ့ စာတွေရဲ့ အချက်အလက် အားကောင်းခိုင်မာမူ့ကတော့  သမိုင်းဆရာ၊ စာရေးဆရာတွေ သိကြပါတယ်။ လူထုဒေါ်အမာရဲ့ အချက်အလက်ခိုင်မာအားကောင်းမူ့ကို ဆရာမြသန်းတင့်ကတောင် တလေးတစားအသိအမှတ်ပြု ရေးသားထားတာတောင် ဖတ်ဖူးပါတယ်။ ဆရာမြသန်းတင့်က ဆရာဇော်ဂျီရဲ့ ကဗျာနဲ့ပတ်သက်လို့ ဆောင်းပါးရေးဖူးပြီး အဲဒီကဗျာရေးတဲ့နေ့စွဲဟာ မှားနေပါတယ်။ ဆရာမြယူတဲ့ အချက်အလက်ဟာ ကဗျာပေါင်းချူပ်ထဲကဖြစ်ပြီး၊ မန္တလေးဘက် ရောက်သွားတော့ အဲဒီဆောင်းပါးကို ဖတ်ပြီးသားဖြစ်နေတဲ့ အမေမာက ကဗျာရေးတဲ့နေ့စွဲဟာ မှားနေကြောင်းပြောပြီး ပြင်ပေးတဲ့အကြောင်းလေး ဆရာမြက ရေးဖူးပါတယ်။ လူထုဒေါ်အမာတို့က အချက်အလက် ဘယ်လောက်တောင် ခိုင်မာသလဲဆိုရင် ဟောင်းနွမ်းဝါကျင့်နေပြီး မှေးမှိန်နေပြီဖြစ်တဲ့ ဆရာဇော်ဂျီရဲ့လက်ရေးနဲ့ရေးထားတဲ့ မူရင်းကဗျာစာရွက်လေးကိုတောင် ဆရာမြကိုထုတ်ပြတာပါ။

ကျွန်တော်ရဲ့ ဇာတိဟာ မကွေးကဆိုတော့ မကွေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လိုက်ရှာဖွေကြည့်ပါတယ်။ မကွေးမြို့နဲ့ ပက်သက်တဲ့ အကြောင်းအရာ၊ အချက်အလက်အချို့ဟာ ရှာရဖွေရတာ မလွယ်ပါဘူး။ မန္တလေးဆိုရင် တကူးတက လိုက်လံရှာဖွေစရာမလိုပါဘူး၊ ဆရာတော်ရွှေကိုင်းသား၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ လူထုစိန်ဝင်းတို့စာတွေ ဖတ်ရင် မန္တလေးနဲ့ပတ်သက်တဲ့ အကြာင်းအရာတွေ လူပုဂ္ဂိုလ်ကအစ တွေ့ရဖတ်ရ၊ သိကြရမှာပါ။ လူထုစိန်ဝင်းကတောင် သူရန်ကုန်မှာရောက်နေပေမဲ့ မန္တလေးကို အလွမ်းပြေစေဖို့ အမေမာဆီ ဖုန်းဆက်ပြီး မန္တလေးအကြောင်း ပြောရ၊ မေးရတဲ့ မန္တလေးသူကြီး လူထုဒေါ်အမာပါ။ ပျောက်ကွယ်လုနီးပါး မြန်မာစကားများ နန်းစကား၊ မန်းစကားဆိုပြီး ဆရာလူထုစိန်ဝင်းရေးတုန်းကတောင် တချို့ရှေးကျတဲ့ ဝေါဟာရတွေရဲ့ အနက်အဓိပ္ပာယ်ကို လူထုဒေါ်အမာဆီ လှမ်းမေးပြီး အကူအညီယူရတာပါ။ ဒါတွေရေးနေတာတွေဟာ လူထုဒေါ်အမာရဲ့ စာတွေ၊ စကားတွေဆိုတာက အချက်အလက် ခိုင်မာအားကောင်းမူ့ကို သိသာမြင်သာစေချင်ယုံသက်သက်ပါ။

အဲ့ဒါမလို့ ကျွန်တော်က လူထုဒေါ်အမာဟာ သမိုင်းကို ရေးသားခဲ့တာပါလို့ ဆိုလိုတာပါ။ လူထုဒေါ်အမာတို့ ရေးပြသွားတာတွေဟာ မြို့တိုင်းက စာပေစိတ်ဝင်စားသူတွေအတွက် အတုယူစရာ သမိုင်း အမြင်တွေပါ။ ဟုတ်တယ်လေ၊ ကိုယ့်မြို့နယ်အကြောင်း ကိုယ်တွေက ဝိုင်းဝန်းရေးသားကြမှ နောက်လူတွေက သိကြ၊ ဝေဖန်ပိုင်းခြားနိုင်ကြမှာလေဗျာ။ ကျွန်တော်တို့ဆိုရင် မကွေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာပါတယ်။ ခက်တာက ကိုယ်တိုင်က ဘာကောင်မှ မဟုတ်တာ ဖြစ်နေတာ။

လူထုဒေါ်အမာရဲ့ အရေးအသားတွေဟာ အချက်အလက်ပေါ် အခြေခံပေမယ့် ဖတ်ရတာက ပေါ့ပေါ့ပါးပါးနဲ့ ပျင်းစရာကြီး ဖြစ်မနေပါဘူး။ ဒါကလည်း အမေမာရဲ့ ရေးသားခြင်း အတတ်ပညာတွေ‌ပေါ့။ အမေမာရေးတာတွေဟာ ဒိုင်ယာရီရေးနေတာတွေလိုလို၊ အသိမိတ်ဆွေကို ရှင်းပြနေသလိုမျိုးနဲ့ စာဖတ်သူကို ဆွဲခေါ်သွားတာပါ။

လူထုဒေါ်အမာရဲ့ " အမေ့ရှေးစကားများ " စာအုပ်ထဲက ဆောင်းပါးတွေဆိုရင် သမိုင်းဆိုင်ရာ ဆောင်း ပါးတွေပဲ။ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းဟာ သရက်သီးပေါ်ချိန် ရောက်ပြီဆိုရင် သရက်သီးကို ထမင်းနဲ့တောင် စားကြပါတယ်။ တချို့က အချိုတည်းတယ်၊ တချို့ကကြ သရက်သီးကို လက်ဆောင်ပေးကြတယ်။ ဈေးထဲသွားလိုက်ရင်လည်း ‌သရက်သီးတွေချည်းပဲ။ သရက်သီးမျိုးကွဲတွေလည်း အများကြီးပဲ၊ ကျွန်တော်တို့ဟာ သရက်သီးကိုသာ စားနေတာ သရက်သီးမျိုးကွဲတွေ နာမည်ဖြစ်တဲ့ ' အောင်ဒင်၊ စံရ၊ ဂေါင်ချိုး၊ ဟင်္သာ၊ မစောရင်၊ ဦးချစ်ထွန်း၊ ကြည်ဝင်း၊ စိန်တစ်လုံး၊ ဦးမေဒိယ ' ဆိုတဲ့ မျိုးကွဲနာမည်တွေ အကြောင်းအရင်းကို သိဖို့ တခါမှ အားမထုတ်ဖူးဘူး။ အမေမာရဲ့ ' မန္တလေး သရက် ' ဆိုတဲ့ ဆောင်းပါး ဖတ်တော့မှ ' ရှေးတုန်းက ဘုရင်က သူ့လာဆက်ပြီး တကယ်ကောင်းတဲ့သရက်၊ သူကြိုက်တဲ့ သရက်မျိုးတွေကို သူ့ဥယျာဉ်တော်မှာ စိုက်စေတယ်။ နောက်ပြီး ဆက်လာတဲ့ လူရဲ့နာမည်တွေကို သရက်နာမည်အဖြစ် ပေးတတ်တယ် ' လို့ သိရတော့တယ်။ ဒါကြောင့်မလို့ တချို့ သရက်သီးမျိုး နာမည်တွေက လူနာမည်တွေ ဖြစ်တယ်ဆိုတာကို သတိပြုဆင်ခြင်မိတော့တယ်။ လူထုဒေါ်အမာက ဘယ်မျိုးတွေကတော့ မန္တလေးဘက်က မဖြစ်နိုင်ကြောင်းပါ ရေးထားတယ်။ မန္တလေးမျိုးမဟုတ်ဘူးဆိုတဲ့အရေးအသားဟာ ဘုရင်ကိုလာဆက်တဲ့ လူတွေရဲ့ နာမည်တွေကိုသရက်နာမည်ပေးထားတယ်ဆိုတဲ့ အချက်အလက်ကို ပိုပြီးခိုင်မာစေတယ်။ ဒီလိုအရေးအသားမျိုးမှာ လူထုဒေါ်အမာရဲ့ ရေးသားခြင်း အတတ်ပညာကော၊ အတွေးအခေါ်တွေကောပါ တွေ့ရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ စာဖတ်သူကို သုတပေးသွားတယ်။

' နွေထနောင်း ဆောင်းမန်ကျည်း၊ မောင်တစ်ထမ်း မယ်တစ်ရွက် 'ဆိုတာမျိုးတွေ ရေးပြသေးတယ်။မောင်တစ်ထမ်း မယ်တစ်ရွက်ကို လူထုဒေါ်အမာက မောင်ထမ်းသလို မယ်ထမ်းရတဲ့ အခါတွေ ရှိတတ်ကြောင်းကို ' မန္တလေးသူ မန္တလေးသားများ ' ထဲမှာ ရေးပြသေးတယ်။ ဒီခေတ်ရောက်မှ အမျိုး သမီးတွေက အမျိုသားတွေနဲ့ ရင်ဘောင်တန်း လုပ်နေပြီဆိုတာဟာ လူထု‌ဒေါ်အမာရဲ့ ' မန္တလေးသူကြီးတွေ ' ဖတ်ကြည့်ရင် တကယ်တော့ သမိုင်းတကျော့ပြန်လည်တာလားလို့တောင် ထင်ကြပါလိမ့်မယ်။ ' တဘောင်ဆိုတာ ဒါပဲကိုး ' ရေးပြသွားတာကလည်း ဆင်ခြင်သိ၊ သမိုင်းအသိတွေကို လှူပ်နိုးပေးသွားသလိုပါပဲ။ မန်ကျည်းကိုင်းက ကြေးနန်းကြိုးချည်ထားလို့ လှုပ်တာကို၊ လေမတိုက်ဘဲ သူ့အလိုလိုနေရင်း လှုပ်ပါတယ်ဆိုရာကနေ ဟိုးလေးတကြော်ကြော်ဖြစ်။ အဲဒီကနေ အတိတ်နိမိတ် ကြံဖန်ကောက်ရင်း နိုင်ငံရေးတဘောင်တွေ ထွက်လာတာမျိုးတွေပါ ဖတ်ရတယ်။ ကျွန်တော်တို့ဆီမှာ တဘောင်တွေ ဘာလို့ အဲဒီလောက်ပေါများတာလဲဆိုတာရဲ့ သဲလွန်စ ရနိုင်တဲ့ အရေးအသားမျိုးပါ။

သမိုင်းဆိုတာ တဦးတယောက်တည်းနဲ့ အများကြီးလုပ်ဖို့ မလွယ်ဘူး၊ အားလုံးဝိုင်းဝန်း လုပ်ဆောင်ရတာ။ အဲ့ဒါမလို့  အမေမာက သူနဲ့နီးစပ်တဲ့ စာပေအသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေကို စာရေးဖို့အမြဲတိုက်တွန်းတာပါ။

လူထုဒေါ်အမာ ပြောနေကျ စကားလေး တခွန်းရှိတယ် ` စာရေးတဲ့သူဘက်က နိုင်တာပဲ ´တဲ့။ အမေမာဆိုလိုတဲ့ စာရေးတဲ့သူဘက်က ဆိုတာ ဘယ်ဘက်ကလို့ တွေးမိပါသလဲ။ လက်ဝဲတွေရဲ့ စကားနဲ့ပြောရရင် တကယ်ကတော့ လောကကြီးမှာ ဘက်ဆိုတာ နှစ်ဘက်ပဲရှိပါတယ်၊ ဖိနှိပ်တဲ့လူတန်းစားဘက်ကနဲ့ အဖိနှိပ်ခံလူတန်းစားဘက်က နှစ်မျိုးပါ။ အမေမာညွှန်းတဲ့ စာရေးတဲ့သူဘက်ကဆိုတာ အဖိနှိပ်ခံတွေဘက်ကို ညွှန်းတာဖြစ်ပါလိမ့်မယ်။ ဟုတ်တယ်လေ၊ မရေးဘဲထားရင် သမိုင်းအမှန်တွေ ပျောက်ပြက်သွားမှာပေါ့။ အဖိနှိပ်ခံတွေရဲ့ သမိုင်းအမှန်ကို မှတ်တမ်းတင်နိုင်ဖို့ ကလောင်ကိုင်ပြီး စာရေးဖို့ လူထုဒေါ်အမာက တိုက်တွန်းတာလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီခေတ် အဲဒီအခါက ဝေါဟာရကြောက်တတ်တဲ့ လူကြီးမင်းများကို ပါးပါးနပ်နပ်နဲ့ ဘာခေါင်းစဥ်မှမတပ်ဘဲ ကျော်လွှားပြတာမျိုးပါ။ အမောမာဆီလာသမျှ နိုင်ငံရေးသမား၊ စာရေးဆရာတွေဆိုတာကလည်း အကုန်လုံးနီးပါးက ထောင်ကျ၊ ကျွန်းပြန်နဲ့ တကယ့်အဖိနှိပ်ခံတွေလေ။ စာရေးဆရာဖြစ်ပြီး ထောင်မကျဘူးတာဆိုလို့ သော်တာဆွေနဲ့ ဆရာမောင်စွမ်းရည်တို့လောက်သာ ရှိတာကိုးဗျ။ ( တချို့တွေလည်း ရှိကောင်းရှိမှာပါ၊ကိုယ်သိသလောက် ပြောတာပါ။ )

နှောင်းမျိုးဆက်တွေအတွက် ကိုယ်တိုင်လည်းရေးပြီး၊ ကိုယ်နဲ့နီးစပ်တဲ့သူတွေကိုပါ စာအမြဲရေးဖို့တိုက်တွန်းခဲ့တာပါ။ အမေမာရဲ့ နှိမ့်နှိမ့်ချချနေတတ်တဲ့ သဘော၊ သဘာဝကြောင့် နောက်မျိုးဆက်တွေအတွက် စာတွေရေးပါတယ်လို့တော့ ထုတ်ဖော်မပြောခဲ့ပါဘူး။ သမိုင်းဆိုတာ နိုင်တဲ့သူကရေးတာဆိုတဲ့ စကားတွေလည်းရှိတယ်။ ပုဂ္ဂိုလ်တဦးတယောက်တည်းက ရေးသားတဲ့ သမိုင်းအထောက်အထားထက်၊ တဦးချင်းဆီကနေပြီး လူအများကြီးက ရေးသားထားတဲ့ အမြင်ပေါင်းများစွာဖြစ်တဲ့ အထောက်အထားတွေက နောက်မျိုးဆက်အတွက် ပိုပြီးအကျိုးရှိမှာပါ။

ပါးစပ်ပြော သမိုင်းတွေနဲ့ ယဥ်ပါးတတ်တဲ့ လူမျိုးတွေအတွက်လည်း လူထုဒေါ်အမာက ဆင်ခြင်ခြင်းကို အခြေခံပြီး ရေးသားတဲ့ အရေးအသားမျိုးတွေလည်း ရေးပါတယ်။ မန္တလေးတောင်ပေါ် တက်ရာမှာ ရသေ့ကြီးဦးခန္တီဟာ ခရီးသွားတွေရဲ့ နောက်မှ တောင်ပေါ်ကို တက်ပြီး အရင်ရောက်နှင့်နေတဲ့အကြောင်းကို ပုံပြောအမျိုးမျိုးနဲ့ ပြောကြဆိုကြပါတယ်။ ရသေ့ကြီးဦးခန္တီအတွက်ကတော့ တောင်ပေါ်တက်ရာလမ်းဟာ နေ့စဥ်သွားနေကြဖြစ်ပြီး၊ ခရီးသွားတွေက လမ်းမှာခဏနားအပန်းဖြေနေချိန်မျိုးမှာ ကျော်တက်သွားပြီး တောင်ပေါ်အရင်ရောက်နှင့်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆင်ခြင်ခြင်းကို အခြေခံပြီး ရေးသားတာမျိုးကို ` ကျွန်မတို့ မန္တလေးက မန္တလေးတောင် ´ စာထဲမှာလည်း ဖတ်သားဖူးပါတယ်။ သမိုင်းအမြင်ကို အဖိနှိပ်ခံတွေဘက်က မြင်ယုံတင်မက၊ ဆင်ခြင်အသိနဲ့ပါ မြင်တာပါ။

လူထုဒေါ်အမာရဲ့ ပြည်သူလူထုအပေါ် စာပေနဲ့ အကျိုးပြုသွားတာတွေက အများကြီးပါ။ စာရေးအားကလည်း တကယ်ကို အံ့ဩစရာကောင်းတယ်။ လူထုသတင်းစာထုတ်တုန်းကဆိုရင် လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများကဏ္ဍရယ်၊ နောက်ထပ်တပုဒ်ရယ် အမြဲရေးတယ်။ နေ့စဉ်သတင်းတွေ ဘာသာပြန်တာ၊ရေဒီယိုသတင်းတွေ လိုက်ရေးတာတွေ ရှိသေးတယ်။
လူထုစိန်ဝင်းကတောင် ' သူကျန်းမာရေးမကောင်းတဲ့ကြားက တနေ့ နှစ်ပုဒ်ရေးနိုင်တယ်ဆိုတာ လူထုဒေါ်အမာတို့နဲ့ ယှဉ်ရင် ဘာဟုတ်တော့မှာလဲ။ သူတို့က မန္တလေးမှာ ဆွေဝတ်မျိုးဝတ်၊ မိတ်ဝတ်များပြီး အင်မတန် ကျေပွန်တယ်။ သူတို့ရေးတဲ့စာတွေက စာဖြစ်ပြီးရော ရေးတာမဟုတ်ဘူး။ နှောင်းခေတ်လူတွေထိ ဆက်ပြီး ဖတ်ရှူလေ့လာထိုက်အောင် အဆီအနှစ်ပြည့်တဲ့စာတွေ ဖြစ်တယ် ' လို့ ရေးသားဖူးတယ်။

လူထုဒေါ်အမာရဲ့ စာဖတ်အားနဲ့ စာရေးအားဟာ တကယ်ကို လေးစားအားကျစရာပါ။ အချက်အလက်တွေကို ပေါ့ပေါ့‌ပါးပါး ပုံစံမျိုးနဲ့
ရသဆန်ဆန် ရေးပြသွားလို့ လူထုဒေါ်အမာစာအုပ်တွေ ဆိုရင် ကျွန်တော်က တွေ့သမျှ ဝယ်ဖတ်လေ့ရှိတယ်။ လူထုဒေါ်အမာရဲ့ စာတွေဖတ်လို့ ပျင်းပြီး ဆက်မဖတ်ချင်တော့ဘူး ဆိုတာမျိုးက တခါမှမကြုံဖူးပါ။ ကျွန်တော် ဒေသဆိုင်ရာ အကြောင်းအရာလေးတွေ ရေးဖြစ်တာကလည်း လူထုဒေါ်အမာရဲ့ စာတွေဖတ်ပြီး ရေးချင်စိတ်ဖြစ်ရာကနေ အစပြုမိပြီး ရေးဖြစ်တာပါ။ စု၊ တု၊ ပြု ပေါ့ဗျာ၊ လူထုဒေါ်အမာရဲ့ စာအုပ်တွေကို စုဆောင်းပြီး ဖတ်ရတယ်၊ ဖတ်မိတော့ ဒေသဆိုင်ရာလေးတွေ လိုက်တုပြီး ရေးဖြစ်ပြန်ရော။ ပြု အဆင့်ကတော့ ကိုယ်လိုလူအတွက် ဝေးပါသေးတယ်။

ကျွန်တော် လက်လှမ်းမီသလောက် ၊ သိသလောက် စာရေးဆရာ တယောက်တည်းကပဲ အမှာစာတွေရေးသားထားတာကို စုပေါင်းပြီး လုံးချင်းစာအုပ်အနေနဲ့ ထုတ်ထားတာဆိုလို့ လူထုဒေါ်အမာရဲ့ " မိတ်ဆက်အမှာများ " စာအုပ်ပဲ ရှိပါတယ်။လက်လှမ်းမီသလောက်၊ သိသလောက် ဆိုတာကလည်း `အခုချိန်ထိ၊ ဒီစာရေးနေတုန်းအထိ ´လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။ ကျွန်တော့် သိမှုအခြေခံထဲမှာက ဒီလောက်အထိပဲ သိထားသေးတာကိုး၊ စာတွေ ဆက်ဖတ်ပြီးရင်တော့ သိမှုအခြေခံတွေပြောင်းသွားပြီး အတွေးအမြင်တွေပါ ပြောင်းသွားနိုင်တယ်။

အမှာစာတွေကို စုပေါင်းပြီး စာအုပ်တအုပ် ထုတ်ရလောက်တဲ့အထိ စာရေးအားကောင်းတဲ့ လူထုဒေါ်အမာဟာ အံသြဖို့ကောင်းပါတယ်။ ဟုတ်တယ်လေ၊ စာအုပ်ကို ဖတ်ကြည့်တော့ စာအုပ်ပေါင်း ( ၆၀ ) မှာ အမှာစာတွေ ရေးထားတာတွေကို စုပြီး အမေမာလို့ခေါ်ကြတဲ့ လူထုဒေါ်အမာရဲ့ ၁၀၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားတာလို့ သိရတယ်။ ဒါတောင်မှ တချို့စာအုပ်တွေအတွက် ရေးခဲ့တဲ့ အမှာစာတချို့ ကျန်ကောင်းကျန်နိုင်ပါတယ်။ လူထုဒေါ်အမာရဲ့ မိတ်ဆက်အမှာများ စာအုပ်ဟာ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တအုပ်ပါ။ ' မိတ်ဆက်အမှာများ '  စာအုပ်ကို ဖတ်မိတာနဲ့ စာဖတ်မိတ်ဆွေတို့လည်း တခြားစာအုပ်တွေ ဖတ်ချင်စိတ် ဖြစ်မိသွားသလို ခံစားမိပါလိမ့်မယ်။ ဘာလို့လဲဆိုရင်တော့ တိုတိုပြောရရင် လူထုဒေါ်အမာရဲ့အရေးအသားကြောင့်ပဲ။ လူထုဒေါ်အမာဟာ စာအုပ်တအုပ်နဲ့ မိတ်ဆက်ပေးရာမှာဖြစ်ဖြစ်၊ အမှာစာ ရေးပေးရာမှာဖြစ်ဖြစ် စာအုပ်ထဲက အကြောင်းအရာနဲ့နောက်ခံသမိုင်းတင်မကဘဲ၊စာရေးသူရဲ့ အကြောင်းအရာတွေကိုပါ ရေးပြီး မိတ်ဆက်ပေးတာကိုပါ ဖတ်ရတယ်။

အမေမာဟာ အိမ်ထောင်တစုရဲ့ မိခင်ကြီးမလို့ အိမ်ကိစ္စ၊ မိသားစုကိစ္စတွေက ရှိပါသေးတယ်။ လူထုတိုက်ဆိုတာကလည်း အင်မတန် နာမည်ကြီးတာနဲ့အမျှ လာတဲ့ ဧည့်စောင်ဝတ်စောင်နဲ့ လူမူရေးကလေး အနည်းအပါးက ရှိသေးတယ်။ အမေမာရဲ့ တနေ့တာအချိန်ဟာ စာရေး၊ စာဖတ်တင် မဟုတ်ဘဲ၊ တခြားကိစ္စတွေပါ ရှိပါသေးတယ်။ နေ့စဥ်လူနေမူ့ဘဝထဲမှာ လုပ်စရာကိစ္စတွေ အများကြီးအထဲကနေ စာဖတ်အားကောင်းတာဟာ လေးစားအားကျဖို့ ကောင်းပါတယ်။ အမေမာဟာ သူ့အဖေ ဦးထင်ရဲ့ အမျှော်အမျှင်ကြီးမူ့တွေကြောင့်လည်း စာဖတ်ကျင့်က ငယ်ငယ်လေးကတည်းက စွဲမြဲလာခဲ့တာလို့ ထင်ပါတယ်။ အမေမာရဲ့ အဖေ ဦးထင်က သက်သတ်လွတ် ဦးကျော်လှနဲ့ ဗျစ်စက်ရုံက ဦးဘတို့နဲ့ စာအုပ်လဲဖတ်နေကျ။ အဲဒီနှစ်အိမ်ကို ငယ်ငယ်ကတည်းက အမေမာက စာအုပ်အပို့အယူ သွားနေကျပါ။ အဲဒီအခိုက်အတန့်တွေဟာ အမေမာအတွက် စာဖတ်အားကောင်းဖို့ အစပျိုးချိန်လို့ ပြောရမလားပဲ။

စာဖတ်အားကောင်း၊ အမှတ်အသား အစုအဆောင်းကောင်းတဲ့ လူ‌ထုဒေါ်အမာဟာ စာရေးအားလည်း ကောင်းတော့ ရှေးအကြောင်း၊ မန္တလေးအကြောင်းတွေ အများကြီး ရေးဖြစ်လာတာ မဆန်းပါဘူး။
လူထုဒေါ်အမာရေးတဲ့ ရှေးအကြောင်း၊ မန္တလေးအကြောင်းတွေဟာ အရေးအသားကနေ တဆင့် တခြားမြို့တွေ၊ ရွာတွေ အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့သွားတယ်။ စာဖတ်သူကို မန္တလေးနဲ့ ပေါင်းကူးတံတားထိုးပေးတယ်၊ ရှေးသမိုင်းကြောင်းတွေ ပေါင်းကူးတံတားထိုးပေးတယ်။ ဘယ်သူတွေ ဘာပြော ပြော၊ ကျွန်တော့်အမြင်မှာတော့ လူထုဒေါ်အမာဟာ သမိုင်းဆရာမကြီးပါ။

နန္ဒအောင် 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar