Breaking News

နေသွင်ညိဏ်း - ကျောင်းတုန်းက အသေးစားသူပုန်ထမှု၊ သတိရမိတဲ့ တခါက ဘောလုံးပွဲ (သူငယ်ချင်းများသို့ )

ကျောင်းတုန်းက အသေးစားသူပုန်ထမှု၊ 

သတိရမိတဲ့ တခါက ဘောလုံးပွဲ 
(သူငယ်ချင်းများသို့ ) 
နေသွင်ညိဏ်း 
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၆


ဘောလုံးပွဲတွေ မကြည့်ဖြစ်တာ အတော်ကြာခဲ့ပြီ။ ကျောင်းတုန်းကတော့ ကြည့်ခဲ့တာပေါ့။ အခု ကမ္ဘာ့ဖလားပွဲတွေ နည်းနည်း ပြန်ကြည့်ဖြစ်ရင်း ကျောင်းတုန်းက အချိန်တွေ သတိရတယ်။ ဘယ်ကပြောရကောင်းမလဲတွေးတော့ အမေရိကန်တွေ ဘောလုံးကန်တတ်သွားတာက စရမှာပဲ။ ဘာဆိုင်လို့လဲဆိုတာ ပြောမယ်လေ။ 
ဒီနှစ် အမေရိကန် အသင်းက ပွဲထွက်တာနဲ့ အမေးဇင်းပဲ။ ဘောလုံးရသရော၊ ရလဒ်ရော၊ ပရိသတ် ကျေနပ်မှုပါ အပြည့်ပေးနိင်တယ်။ ဥရောပ အသင်းတသင်းကစားနေသလား အောက်မေ့ရတယ်။ 
ဒါပေမယ့် ဒါပေမယ့်ပေါ့ ခင်ဗျာ။ အမေရိကန်အသင်းကြည့်ရတာ အာဖရိက အသင်းလိုလို ဖြစ်နေတယ်။ ဒီလိုမျိုး ခံစားချက်မျိုး ကျနော်တို့ ကျောင်းတုန်းက ပြင်သစ်အသင်းကို ကြည့်ရတဲ့အခါ မြင်ရတဲ့ impression မျိုးပဲ။ ဘာဖြစ်ဖြစ် ဒီနှစ်မှာ စောင့်ကြည့်ရမယ့် အသင်းဖြစ်လိမ့်မယ်ထင်တယ်။ 
ကျနော်တို့ ကျောင်းတုန်းက အဆောင်မှာ လူ ၈ ယောက်အတူနေကြတယ်။ အားပေးတဲ့ အသင်းတွေလည်း မတူကြဘူး။  ဘောလုံးနဲ့ ပတ်သက်တဲ့ expert တွေက အတော်များတယ်။ တချို့ကောင်တွေကို နာမည်တွေ ပေးရင်းနဲ့ တွင်နေပြီ။ အရပ်ပုပုနဲ့ အပြေးသန်တဲ့ ဇေယျာကို မိုက်ကယ်အိုဝင်လိုပေးထားတယ်။ သူက ဘောလုံးစကေးလည်း အတော်မိုက်ပါတယ်။ အလယ်တန်းက အောင်ကို ကိုတော့ ဒေးဗစ်ဘက်ခမ်းလို့ ခေါ်ကြတယ်။ သူကလည်း ဘက်ခမ်းကို အားကျပြီး ဖရီးကစ်တွေ အသေကျင့်နေတတ်တယ်။ ကျနော်တို့ခေတ်က အင်္ဂလန်ခေတ်လို့ ပြောရမှာပေါ့။ 
ကလပ်အသင်းတွေမှာတော့ အာဆင်နယ်၊ မန်ယူ၊ လစ်ဗာပူး၊ ချဲလ်ဆီး အားပေးကြတာများတယ်။ အာဆင်နယ်မှာ အွန်နရီတို့ခေတ်ဆိုတော့ ရွှေခေတ်ပေါ့။ လူတိုင်းက အာဆင်နယ် ဖြစ်နေကြတယ်။ ဒါပေမယ့် မန်ယူ ဖန်တယောက်ကတော့ မြို့ပြက ညီလေး ဥာဏ်မွန်ရယ်။ သူက အာဆင်နယ်ကို ကောင်းလွန်းလို့ ဆိုပြီး ကြည့်မရဘူး။ ‘ ဒီကောင်တွေ ခြေတံရှည်ရှည်တွေနဲ့ တအားမုန်းတယ်’ လို့ ပြောတတ်တယ်။ ကဗျာလည်း ရေး၊ အနုပညာခံစားတတ်တဲ့ ဥာဏ်မွန်က အာဆင်နယ်ကို မကျေနပ်ပုံကရယ်လည်း ရယ်ရတယ်။သူ့ကိုမခံချင်အောင်စရင်း ကျနော်တို့က အပျင်းဖြေရတယ်။ 
ကျနော်တို့ အဖွဲ့ထဲ ဖာဂူဆန်ကို အားကျနေပုံရတဲ့ တယောက်ကတော့ ဝဏ္ဏ ဆိုတဲ့ ဘဲပဲ။ သူက ဘောလုံးပွဲ ဇယားတွေ၊ အမှတ်ပေးပုံတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘယ်ကစားသမားက ဘယ်ပွဲမှာ နာနေလို့ ဘယ်ပွဲ မပါနိုင်ဘူး ဆိုတာ မျိုး သူအကုန်သိတယ်။ ဒါလိုမျိုး သိချင်ရင် သူ့မေးရတယ်။ သူက ကိုယ်အလေးချိန် ၁၆ စတုံလောက် ( တကယ်မရှိပါဘူး) လောက်ရှိတော့ ဘောလုံးမကန်ဘဲ နည်းပြကိစ္စတွေ စိတ်ဝင်စားနေလားတော့ မသိဘူး။ ဒါပေမယ့် သူဟာလည်း နောက်တော့ ကျနော်တို့နဲ့ အတူ ညနေတိုင်း ဘောလုံးကန်ရင်း ကိုယ်ရည်အတော်စစ်သွားခဲ့တယ်။
ကျနော်လား။ ကျနော်ကတော့ ကျော နံပါတ် ၁၇ ဝတ်ပြီး စတီဗင်ဂျာရတ်ကို အားကျနေတဲ့ ကောင်ပေါ့။ ဟဟ။ ဒါပေမယ့်လည်း အဲ့ဒီတုန်းက ပြင်သစ်ကို အနိုင်ကစားတဲ့ ဆီနီဂေါအသင်းက ဒီရောက် ဆိုတာ ခြေစွာတယ်။ အတက်အဆင်း ကစားနိုင်တယ်။ ဒါနဲ့ ကျနော်လည်း သူ့ကို သိပ်ကြိုက်နေတယ်။ ဒါနဲ့ ကျနော်တို့ရဲ့ ဒေးဗစ်က ကျနော့် နာမည်ကို ရက်ရက်ရောရောပဲ ဒီရောက်လို့ ခေါ်တယ်။ သူက ဒီထက်ကောင်းတဲ့ နာမည်ဖြစ်အောင်ဆိုပြီး ရှေ့က first name တလုံး ထည့်ပေးလိုက်တယ်။ ဟိုရောက် တဲ့။ အပြည့်အစုံက ဟိုရောက် ဒီရောက် ပေါ့။ 
ကျနော်တို့ထဲမှာ အကြီးဆုံး ဇင်ဘို ဖြစ်ပြီး အငယ်ဆုံးက ညီလေးချမ်းရွတ်။ ဇင်ဘို အကြောင်းက ကျနော် ပြောချင်တဲ့ ခဏနေပြောရတော့မယ်။ ချမ်းရွတ်ကတော့ ဥာဏ်မွန်နဲ့ အတူ။ အဆောင်ကို နောက်မှ ရောက်လာတယ်။ စရိုက်လည်းမတူ၊ အကြိုက်လည်း မတူကြဘူး။ သူတို့ အားပေးတဲ့ အသင်းလည်း မတူတော့ တခါတလေ ဥာဏ်မွန်ကို မခံချင်အောင် ဆွတဲ့နေရာမှာ ချမ်းရွတ်က အဓိကပဲ။ သူကတော့ မှန်ကြည့်ရင်းနဲ့ သူ့ကိုယ်သူ သားညီနဲ့ တူတယ်လို့ ပြောပြောနေတတ်တယ်။ 
ဒီလိုနဲ့ ကျနော်တို့ အဆောင်မှာ အတူနေကြတယ်။ စရိုက်တွေလည်း အတော်ကွာကြတယ်။ အများစုက ကာရာအိုကေ ဆိုတာရယ်၊ ဘောလုံးပွဲရယ်မှာ သွားတူနေကြတယ်။ ဘောလုံးထက် သီချင်းကို ပိုဝင်စားတဲ့ တယောက်ကတော့ မိုးမင်းပါ။ သူက ဂရေဟမ်သီချင်း အဆိုများပြီး ဘောလုံးကန်တဲ့အခါကျတော့ ခေါင်းတိုက်ဘောတွေ သူရတယ်။ သူကို ကျနော်တို့က ဖာဒီနန် လို့ ခေါ်ကြတယ်။ အဲချိန်က နောက်တန်းသမား စံချိန်တင် အပြောင်းအရွေ့မှာ ဖာဒီနန်ဟာ ကြေးအမြင့်ဆုံး၊ ပေါင်သန်း ၃၀ လား မသိ ရှိတယ်။ ကျနော်တို့ အဆောင်က ဖာဂူဆန်က ပြောပြလို့ သိရတယ်။
 ဒီလိုနဲ့ပဲ။ ဒီလိုနဲ့ပဲ ဆိုတာလည်း ကျနော့် သူငယ်ချင်း ကဗျာဆရာ နေဝိုင်ဝိုင် အာတွေ့နေတဲ့စကားတခွန်းပဲ။ သူ အကြမ်းရေးထားတဲ့ ကဗျာစာမူတထပ်ကြီးကို ကျနော့်ကို ပေးဖတ်တယ်။ ကဗျာတပုဒ်မှာ ‘ဒီလိုနဲ့ပဲ’ ဆိုတာကို တမျက်နှာ အပြည့်ရေးထားတယ်။ 
ကျနော်တို့ခေတ်က သီချင်းတွေမှာ ဒီလိုနဲ့ပဲ တွေလည်း ပါတတ်တယ်လေ။ ဥပမာ 
‘ ဒီလိုနဲ့ပဲ သစ်ရွက်ကလေးတွေ တဖြုတ်ဖြုတ်ကြွေ၊  မိုးဆောင်းနွေ၊ ပြက္ခဒိန်တွေ တမျိုးပြောင်းနေ ….’  ဘာညာ ဘာညာ 
ဒီလို ပြောလို့ ဘောလုံးကန်တဲ့အကြောင်း ပြောရင်း ကိုယ့်အုပ်စုအကြောင်းချည်း ပြောသလို ဖြစ်နေတယ်။ တကယ်က မဟုတ်ပါဘူး။ လက်ခုပ်ပင်မှာ ကျနော်တို့ အုပ်စုက လူညီတော့ လမ်းမီးတွေ လင်းတဲ့ အထိ ကန်ကြတယ်။ တခါတလေ သူများတွေလည်း လာပေါင်းတတ်ကြပါတယ်။ ဒါပေမယ့် ပရိုဆန်ဆန် ကန်တဲ့ အုပ်စုတွေက ပြည်မြို့ပေါ်မှာ နေကြပါတယ်။ မြို့ပြနဲ့ မက္ကနီကယ် အုပ်စုတွေပဲ။ မေဂျာအလိုက် ကျောင်းဖလားကိုလည်း သူတို့ပဲ ကိုင်မြှောက်ခဲ့ကြပါတယ်။ 
ဇာတ်လမ်းက အခုလိုပါ။ တခါမှာတော့ ပြည်ခရိုင်မှာ အနောက်ပိုင်းခရိုင်ကျေးရွာပေါင်းစုံ ဘောလုံးပွဲ လုပ်ကြတယ်ခင်ဗျ။ ကျနော်တို့တွေကလည်း လက်ခုပ်ပင်မှာ အနေကြာနေတော့ ရွာသားတွေနဲ့ ဘော်ဒါတွေ ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဘယ်သူက အိုက်ဒီယာ ထုတ်လိုက်သလဲ မသိပါဘူး။ ဒီနှစ် လက်ခုပ်ပင် အသင်းမှာ ကျောင်းသားများများ၊ ရွာသားနည်းနည်း ထည့်ပြီး ပြိုင်မယ်ဆုံးဖြတ်ကြပါတယ်။ ဘောလုံးသမား ကျောင်းသားတွေကလည်း သဘောတူကြတယ်။ 
ဒီလိုနဲ့ ကျနော်တို့ လက်ခုပ်ပင်ရွာ အသင်းနေ့တွေဆိုရင် ကျနော်တို့ အိုးစည်ဗုံမောင်းနဲ့ ကားတွေနဲ့ သွားကြတယ်။ ကျနော်တို့အဆောင်က ဒေးဗစ်တယောက်နဲ့ မိုက်ကယ်တယောက်လည်း လက်ရွေးစင်ထဲ ပါနေတော့ ကျနော်တို့လည်း အတန်းဖျက်ပြီး အားပေးဖို့ လိုက်သွားလေ့ရှိတယ်။ သွားကန်တဲ့ မြို့က ပေါင်းတလည် ဆိုတဲ့ ခပ်ရွယ်ရွယ်မြို့ခင်ဗျ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတပုဒ်မှာ ပါတဲ့ မြို့ပါ။ နုနုငယ်ပါတဲ့ ဝတ္ထုလား မသိဘူးခင်ဗျ၊ မမှတ်မိတော့ပါဘူး။ 
အတိုချုပ်ရရင်တော့ ကျနော်တို့ရွာအသင်းဟာ တခြား ရွာအသင်းတွေကို အဆင့်ဆင့်နိုင်တယ်။ အနီးက ဇီးကုန်းတို့ ဥသျစ်ကုန်းတို့ စသဖြင့် အဲ့သလို နာမည်တွေပါတဲ့ ရွာတွေ ဆိုပါတော့။ ဆရာမောင်စိန်ဝင်းရဲ့ ပုတီးကုန်းလည်း အဲနားလား မသိဘူးခင်ဗျ။ ရှင်ဥာဏ်နိဿတို့ရဲ့ ဇာတိရွာကလည်း အဲ့နားပါပဲ။ နှောကုန်းဆိုတာက ကျနော်တို့ ကျောင်းတော်ကြီး ရှိတဲ့ လက်ခုပ်ပင်နဲ့ ဆက်နေတဲ့ ရွာပါ။ 
ဒီလိုနဲ့ ကျနော်တို့ အသင်းဟာ ဗိုလ်လုပွဲတက်ခါနီးမှာ ပြဿနာ တခုပေါ်တယ်ခင်ဗျ။ ဖြစ်ပုံကတော့ ဘယ်သူက စလိုက်တယ် မသိဘဲ ကျနော်တို့ ရွာက သူကြီးဟာ အောင်မြင်မှုရနေတဲ့ ဘောလုံးအသင်းကို အပြည့်အဝ မပံ့ပိုးပေးဘူးဆိုတဲ့ ကိစ္စပါပဲ။ ဆားနဲ့ သံပရာသီးတောင် အလောက်အငှ မရဘူးလို့ ကျောင်းသားတချို့က ဆိုကြပါတယ်။ 
ကျနော့်စိတ်ထင် ဒီကိစ္စဟာ ဘောလုံးကန်တဲ့ ကျောင်းသားတွေဆီက စလိုက်တဲ့ ပြဿမဟုတ်ဘဲ  ဘောလုံးမကန်ဘဲ သံပရာသီးစားဖို့ လိုက်သွားတဲ့ အုပ်စုထဲက တယောက်ယောက် စလိုက်တာ ဖြစ်ဖို့များပါတယ်။ သူကြီးနာမည်က နစ်လုံးရှိပြီး ဥာဏ်နဲ့ စပါတယ်။ နောက်လုံးကို ကျနော် မမှတ်မိတော့ပါဘူး။ သူက လူပျိုကြီး၊ တောသူဌေး လူအေးကြီး ဆိုပါတော့။ လမ်းမှာ တွေ့ရင် ကျောင်းသားတွေကို စကားဟဟ မပြောရဲတဲ့လူကြီးပါ။ 
ဒီမှာ ကျနော်တို့ ဇာတ်လိုက်ကြီး ဇင်ဘိုရဲ့ အခန်းပေါ်လာပါတယ်။ သူက RIT လက်ဟောင်းလည်း ဖြစ်၊ လူပေါင်းဆန့်သူ၊ ဂိမ်းတွေကစားရင်း ဘောလုံးအသင်းတွေ ပိုင်ထားသူဆိုတော့ သူကြီးရဲ့ လုပ်ရပ်ကို ကျောင်းသားထုကိုယ်စားသူက တင်ပြဖို့ တာဝန်ယူလိုက်ပါတယ်။ 
သူတင်ပြပုံကတော့ ရွာလည် ကာရာအိုကေဆိုင်မှာ လူရှင်းတဲ့အချိန်၊ ဆိုင်ပိတ်ခါနီးအချိန်မှာ မိုက်နဲ့ သူကြီး ဦးဥာဏ်ရဲ့ တာဝန်မဲ့မှုကို ပယ်ပယ်နှယ်နှယ် ဝေဖန်ပါတယ်။ တရွာလုံးကလည်း တိတ်ဆိတ်နေချိန်မို့ သူပြောတာ အကုန်ကြားကြပါတယ်။ သူဘာတွေ ပြောလဲ လူတွေ အကုန် မမှတ်မိရင်တောင် စကားတလုံးတော့ မှတ်မိသွားကြပါတယ်။ တခုခု ပြောပြီးတိုင်း သူက စကားညှပ်အနေနဲ့ ပြောတဲ့ ‘ ပေါ်တင်ပဲ ပေါ်တင်ပဲ’ ဆိုတာပါပဲ။ ဒီကစလို့ ရွာက လူတွေက သူ့ကို တွေ့ရင် ပေါ်တင် လာပြီဟေ့ လို့ ရယ်ရင်း နုတ်ဆက်ကြပါတယ်။ 
ဒီလိုနဲ့ အဲ့ညက ရွာမှာ သူပုန်ထမှု အသေးစားလေးဖြစ်သွားပါတယ်။ တကယ်သူပုန်ထတာက ဗိုလ်လုပွဲမှာပါ။ 
ဗိုလ်လုပွဲမှာ ကျနော်တို့နဲ့ ပြိုင်ရတဲ့ အသင်းဟာ ချောင်းဂေါင်း ဆိုတဲ့ ရွာ အသင်းပါ။ အဲနားမှာ နဝင်း ဆည်ရှိပြီး ပေါက်ခေါင်း နယ်ထဲ ပါပါတယ်။ ပေါက်ခေါင်းဆိုတာလည်း ဆရာဗန်းမော်တင်အောင်ရဲ့ ဒေါက်တာလွမ်းဝေ ဝတ္ထု ဇာတ်အိမ်တည်တဲ့ နေရာ။ ပေါက်ခေါင်းနယ်ဆိုတာက ဦးနေဝင်းရဲ့ အမျိုးတွေလည်း ရှိတဲ့နယ်လို့ ကျနော်တို့ သိကြပါတယ်။ ချောင်းဂေါင်းရွာဆိုတာ ရွာကြီးတရွာဖြစ်ပြီး ဦးနေဝင်းရဲ့ အမျိုးတွေ ရှိတဲ့ ရွာတရွာလို့ ကျနော်တို့ကြားထဲ ဟိုလူပြော ဒီလူပြောနဲ့ ပြောနေကြပါတယ်။ ဒီတော့ ဒီပွဲဟာ ရိုးရိုးဘောလုံးပွဲထက် ပိုသွားပါတယ်။ 
ကျနော်တို့ထဲမှာ ဇင်ဘိုတို့လို RIT မူလလက်ဟောင်းကို မှီသူတွေရှိပါတယ်။ တချို့ကလည်း ကိုဖုန်းမော်နေ့ အလေးပြုမိလို့ နိုင်ငံတော်ဧည့်သည်ဖြစ်ပြီးမှ နောက်တခေါက်ကျောင်းကို ပြန်ရောက်နေကြတဲ့သူတွေပါ။ သူတို့က ကျနော်တို့ထက်လည်း အသိ၊ အသက်၊ အတွေ့အကြုံ အကုန်သာပါတယ်။ ဒီလိုနဲ့ ကျနော်တို့အားလုံး ဗိုလ်လုပွဲကို လူစုံတက်စုံသွားအားပေးဖို့ စီစဉ်ကြပါတယ်။ သံပရာသီးတွေလည်း အလောက်အငှ ဝယ်သွားဖို့ သူကြီးဦးဥာဏ်က ဘတ်ဂျက်ချပေးလိုက်တယ်ထင်ပါတယ်။ 
ချောင်းဂေါင်း အသင်းဟာ ကျနော်တို့ ထင်တာထက် ပိုကောင်းပါတယ်။ ပိုမာပါတယ်။ ပိုပါးနပ်ပါတယ်။ ဗိုလ်လုပွဲဟာ အတော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ အချိန်ပြည့်သွားတဲ့အခါ သရေကျနေလို့ အချိန်ပိုကစားခဲ့ရပါတယ်။ မောလာတာရော၊ နိုင်လိုစိတ်ရောကြောင့် ပွဲဟာ တဖြည်းဖြည်း ကြမ်းလာခဲ့ပြီး ဒိုင်တွေ အတော်လေးစိတ်ညစ်ရတဲ့ ပွဲဖြစ်လာပါတယ်။ ပွဲပြီးခါနီးလေ ပရိသတ်က အရှိန်တက်လေ ဖြစ်လာပြီး ဘယ်သူက စလိုက်တယ် မသိဘဲ ပွဲထဲကို ရေသန့်ဘူးတွေ ဝဲပျံလာပါတော့တယ်။ ဒိုင်က ပွဲကို ခဏခဏရပ်ရပြီး ပြန်ကစားတဲ့အခါ ပရိသတ်ကို ဘယ်လိုမှ ထိန်းမရပါဘူး။ နောက်ဆုံး ဒိုင်ပွဲရပ်နဲ့ ပင်နတီမကန်ဘဲ ချောင်းဂေါင်းအသင်းဘက်က သူတို့ ဆက်မကန်နိုင်တော့လို့ အရှုံးပေးပါတယ်ဆိုပြီး ပွဲပြီးသွားခဲ့ပါတယ်။ 
တကယ်အူကြောင်ကြောင်နဲ့ ပြီးသွားတဲ့ ဘောလုံးပွဲပါပဲ။ တကယ်က တဖက်အသင်းရွာသားတွေ သူတို့ကန်နေရတဲ့ အသင်းဟာ လက်ခုပ်ပင်ရွာသားတွေရဲ့ အသင်းမဟုတ်ဘဲ ကျောင်းသားတွေအများစု ဖြစ်နေတော့ ပြဿနာမတက်ချင်လို့ အရှုံးပေးလိုက်တာ ဖြစ်ဖို့ များပါတယ်။ ကျနော်တို့တွေ အိုးစည် ဗုံမောင်းတွေ တီးပြီး ညအမှောင်မှာ ကားတွေနဲ့ လက်ခုပ်ပင်ရွာဆီ ပြန်ခဲ့ကြပါတယ်။ ဖလားကြီးကိုင်ပြီး ရွာပတ်သူတွေလည်း ပတ်ကြပါတယ်။တကယ်တော့ အဲဒီနေ့က ကျနော်တို့ ပျော်တာဟာ ဖလားရလို့ ပျော်တာထက်ပိုခဲ့ပါတယ်။  ရှည်ရှည်ဝေးဝေးလည်း မစဉ်းစားခဲ့ကြပါဘူး။  
နေသွင်ညိဏ်း  

 

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar