မောင်တူး - မောင်သော်က လွမ်းရာသီ သုံးဆယ့်ငါး
မောင်တူး - မောင်သော်က လွမ်းရာသီ သုံးဆယ့်ငါး
မိုးမခ ၊ ဇွန် ၁၁ ၊ ၂၀၂၆
နွေဦးထဲမှာ၊ ဆုံးရှုံးတာတွေ
ကမ္ဘာမကြေ။
ရှစ်ဆယ့်ရှစ်က၊ ဆုံးရှုံးခဲ့ရ
မောင်သော်က။
ဂျွန်လဆယ့်တစ်၊ နွံနစ်ခဲ့ရ
သုံးဆယ့်ငါးနှစ် ရှိပါပြီ။ ။
ဆရာ မောင်သော်ကဟာ ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင် တည်ထောင်ခဲ့သူတဦးပါ။ ရေတပ်က ဗိုလ်မှူးလည်းဖြစ်သလို ထင်ရှားတဲ့ စာရေးဆရာ ကဗျာဆရာလည်း ဖြစ်ပါတယ်။ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ဦးဆောင်မှု၊ NLD ကို ခေါင်းဆောင်ခဲ့မှုတွေကြောင့် စစ်တပ်က ဖမ်းဆီးပြီး ထောင်ထဲမှာ ဆေးကုမပေးတာကြောင့် ကျဆုံးခဲ့သူပါ။ ၁၉၉၁ ခု ဇွန် ၁၁ ရက်က သူ ထောင်တွင်းကျဆုံးခဲ့တာပါ။ အခု ၂၀၂၆ ဇွန် ၁၁ မှာ ဆရာမောင်သော်ကကို လွမ်းရတဲ့ ၃၅ နှစ် ပြည့်ပြီပေါ့။ ဒီဆောင်းပါးကို ရေးဖို့ လှုံ့ဆော်တာကတော့ ကျနော်တို့ရဲ့ DVB သတင်းအစီအစဉ်မှာ လက်ဟန်ပြဘာသာနဲ့ သတင်းတင်ဆက်သူ မောင်လူငယ်ပါ။ မောင်လူငယ်ဟာ ဆရာမောင်သော်ကရဲ့ မြေးတော်စပ်ပါတယ်။ သူက သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အခုလို ၃၅ နှစ်ပြည့် အလွမ်းစာကို ရေးတင်ထားပါတယ်။
ဇွန်လ ၁၁ ရက်နေ့ဆို ၃၅ နှစ် ပြည့်ပြီ
မောင်သော်ကကို ရွှေဘိုမှာ မွေးတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးအလံတင် အခမ်းအနားမှာ ပါ၀င်ခဲ့တယ်။ တိုက်ရေယာဉ် ၁၀၃ ရဲ့ စစ်ရေယာဉ်မှူး ဖြစ်ခဲ့သလို ရေယာဉ် မုန်တိုင်းမိ နစ်မြုပ်တာကို မယုံကြည်ဘဲ တောခိုတယ်လို့ ယူဆပြီး စစ်ခုံရုံး တင်ခံရတယ်။ ဗိုလ်ကြီးကျော်စွာမြင့်အမှု၊ ဗိုလ်ကြီးအုန်းကျော်မြင့်အမှုတွေမှာ ပါ၀င်ပတ်သက်နိုင်တယ်လို့ ဦးနေ၀င်းတို့ ထင်မြင်ယူဆပြီး အဖမ်းခံရတယ်။ တပ်ကနေထွက်ပြီး ပြည်သူ့အကျိုးပြု စာပေ ဆောင်းပါးတွေ အတော်များများ ရေးခဲ့တယ်။ ၁၉၈၈ မှာ ပြည်သူလူထု ဒုက္ခရောက်နေတာကို မကြည့်ရက်နိုင်လို့ ၀င်ပါခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းပြီး ၀န်းရံခဲ့တယ်။ အောင်စုတင်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်သူထဲမှာ တဦးအပါအ၀င် ဖြစ်ခဲ့တယ်။ သူချစ်တဲ့တပ်မတော်ကို ပြည်သူက မုန်းတီးသွားမှာကို စိုးရိမ်တဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ပေးစာတစောင်ကနေ အကြောင်းပြုပြီး ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မတွေနဲ့ ထောင်အနှစ် ၂၀ ချမှတ်ခဲ့တယ်။ မကျန်းမာတဲ့ကြားကနေ ၁၉၉၁ ဇွန် ၁၁ ရက်နေ့ ထောင်တွင်း ဒီမိုကရေစီတိုက်ပွဲ ဒဏ်ရာတွေနဲ့ ကျဆုံးသွားခဲ့တယ်။
ဗိုလ်မှူးဘသော် (ခ) စာရေးဆရာမောင်သော်ကဟာ စစ်သားဘဝမှာ နိုင်ငံတော်အပေါ် သစ္စာရှိခဲ့သလို စာရေးဆရာဘဝမှာလည်း စာဖတ်သူကို အသိပညာပေးခဲ့ပါတယ်။ နောက်ဆုံး အချိန်အထိ မိမိယုံကြည်တဲ့ ဒီမိုကရေစီလမ်းစဉ်အတွက် မယိုင်မလဲ ရပ်တည်သွားခဲ့တဲ့အတွက် သမိုင်းက မှတ်တမ်းတင်လိုက်ပါတယ်။
သူဟာ စစ်သားဘ၀မှာ တိုင်းပြည်ရဲ့ ရေပိုင်နက် ကာကွယ်စောင့်ကြည့်ခဲ့တယ်။ စာရေးဆရာဘ၀မှာ ကလောင်စွမ်းနဲ့ လူထုကို အသိပညာ၊ ဗဟုသုတနဲ့ ရသအသစ်တွေ ပေးခဲ့တယ်။ နိုင်ငံရေးသမားဘ၀မှာ အမှန်တရားအတွက် အသက်ကို စွန့်သွားခဲ့တယ်။ သူဟာ စစ်ကိုင်းတိုင်းသား ရွှေဘိုမြေက မြန်မာ့သားကောင်း ဇာနည် အစ္စလာမ်ဘာသာ၀င် ဗမာမွတ်စလင်ပါပဲ။ ခိုဒါအရှင်ထံ ပြန်သွားခဲ့တာ ၃၅ နှစ်တောင် ပြည့်ခဲ့ပြီ။ မြေးတွေကတော့ အခုထိ လေးစား သတိရနေဆဲပါ။ ဒိုအာဆုမွန်လည်း တောင်းပါတယ်။
အနှစ် ၂၀ ဆိုပါလားဟေ့ ...။
ရုပ်မှာ အာဏာနဲ့ ကျည်ဆန်
နာမ်မှာဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့
ခုံရုံးအမိန့်နဲ့လေ...။
(မောင်သော်က)
ပြည်တွင်းက တော်လှန်ဖို့ကိုပဲ လိုလားတဲ့သူပါ
ဆရာမောင်သော်ကကို တပ်ဖြိုခွဲဖို့ ကြံစည်သူဆိုပြီး စစ်တပ်က အငြိုးထား ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ ဆိုရမှာပါ။ ဒါပေမဲ့ သူဟာ ပါတီနိုင်ငံရေးမှာပဲ နိုင်ငံရေးလုပ်သင့်ကြောင်း ခံယူထားသူပါ။ ပြည်တွင်းမှာပဲ ဖမ်းလျှင်လည်းခံမယ်၊ ထောင်ကျလည်းခံမယ်ဆိုတဲ့ သူမျိုးပါ။ ၈၈ တောခိုကျောင်းသားတဦးက တောမခိုခင် သူ့ဆရာ မောင်သော်ကကို တွေ့ဆုံစဉ်က ဆရာက အခုလို ပြောခဲ့တယ်လို့ ဆိုပါတယ်။
"အဖမ်းခံရမှာမကြောက်နဲ့၊ ကိုယ်ဘာမှ မဟုတ်တာလုပ်မထားရင် ဘာမှ စိုးရိမ်စရာမလိုဘူး။ ဖမ်းသူတွေက သိချင်တာ မေးပြီး ပြန်လွှတ်ပေးရမှာပါပဲ။ ပြန်လွှတ်မပေးရင်လည်း NLD အဖွဲ့ချုပ်က လွှတ်ပေးဖို့ တောင်းဆိုပေးသွားမှာဖြစ်သလို မြို့ပေါ်မှာ အင်အားတွေ အများကြီး လိုအပ်ကြောင်း" ဆရာ မောင်သော်က က ပြောခဲ့တယ်လို့ ဆိုပါတယ်။ အခု ဆရာမောင်သော်က ကွယ်လွန်ပြီး ၃၅ နှစ်မှာတော့ လူသားမဆန်တဲ့ စစ်အာဏာရှင်တွေဟာ ပြည်သူ့အတွက် ကာကွယ်ပေးမဲ့ NLD အဖွဲ့ချုပ်ကြီးကိုတောင် ဖျက်ဆီးလိုက်ကြပါပြီ။ ပြည်သူ ၈,၀၀၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့ပြီးပါပြီ။ လူ ၂၀,၀၀၀ ကျော်ကိုလည်း ဖမ်းထားခဲ့ကြပါပြီ။
စစ်သားသာ သတ္တိရှိတာမဟုတ် လယ်သမားလည်း သတ္တိရှိတယ်
ဆရာမောင်သော်ကရဲ့ “ဇွဲသတ္တိနှင့် ဖွဲသတ္တိ” ဆောင်းပါးမှာ ဖတ်ရတာကို ပြန်ဖော်ပြလိုက်ပါရစေ။
“သတ္တိဆိုတာ စစ်မြေပြင်က စစ်သားသာလျှင် ရှိတာမဟုတ်ပါဘူး။ သတ္တိကို အယူအဆ မှားနေမှာစိုးလို့ ပြောရတာပဲ။ တခါတလေတော့ ခံရဲတာ သတ္တိပါ။ မောင်သော်က အပေါစား အမေရိကန် ကောင်းဘွိုင်ကားတကား ကြည့်ဖူးတယ်။ အဲဒီဇာတ်ကားမှာ မက္ကဆီကန်တောင်သူ ဦးကြီးတယောက်ဟာ သူ့လယ်ယာကွက်ကလေးနဲ့ သူ့ရွာပြင်မှာ ဂျုံခင်းစိုက်နေတယ်။ ဂျုံရိတ်သိမ်းချိန်ကျတော့ ဓားပြတွေ ရောက်လာကြပြီး သူအပင်ပန်းခံ နဖူးကချွေး ခြေမကျတဲ့အထိ စိုက်ပျိုးရိတ်သိမ်းထားတဲ့ ဂျုံသီးနှံတွေကို အတင်းအဓမ္မ သိမ်းယူတယ်။ သူ့ဝိုင်အရက်တွေကိုလည်း ပိုက်ဆံမပေးဘဲ သောက်ပစ်တယ်။ သူ့တဲက ကြက်ငှက်တွေကိုလည်း ဆွဲယူသွားတယ်။ သူ့မိန်းမကိုလည်း ဗလက္ကာရပြု၊ သူ့ကိုလည်း နားသယ်နားရင်း ကျင်းသွားသေးတယ်။ နှစ်စဉ်နှစ်စဉ် ဒီလိုပဲ ဂျုံပေါ်ချိန်ကျလာပြီဆိုရင် လာပြီး သောင်းကျန်းကြတယ်။ ကြာတော့ သူ့ကိုသနားတဲ့ ရွာသားတွေက ခင်ဗျား ဘာကြောင့် ဒီလို နှစ်စဉ်နှစ်တိုင်း အနှိပ်စက်ခံနေရတာလဲ။ တခြား သူတို့နဲ့လွတ်ရာကို ပြောင်းပြီး လုပ်ကိုင် စားသောက်ပါလား” လို့ အကြံပေးတယ်။ အဲဒီမှာ လယ်သမားကြီးက ရွာသားတွေကို ပြန်ပြောလိုက်တဲ့ စကားကို မောင်သော်က သိပ်သဘောကျမိတယ်။ လယ်သမားကြီးက “ဟေ့ ဒီမှာ ငါက ဘာလို့ ပြောင်းပြေးရမှာလဲကွ။ ဒါဟာ ငါ့မြေ၊ ငါ့ယာ၊ ငါဒီမှာပဲနေ ဒီမှာပဲသေမယ်။ သူတို့နှိပ်စက်တာကြောင့် ထွက်ပြေးရမယ်ဆိုရင် သူတို့ကိုကြောက်ပါတယ်လို့ ဝန်ခံရာ ကျသွားမှာပေါ့ကွ။ အဲဒီတော့ သူတို့ နှိပ်စက်နိုင်သမျှ နှိပ်စက်ပေ့စေပေါ့ကွာ။ သူတို့က လုပ်ရဲရင် ငါက ခံရဲတယ်ကွ၊ မင်းတို့မှတ်ထား။ လောကမှာ တခါတလေ ခံရဲတာဟာ သတ္တိပဲကွ၊ အဲဒါမှ ဇွဲသတ္တိလို့ ခေါ်တယ်။ သူတို့က ဇွဲသတ္တိ မဟုတ်ဘူး၊ ဖွဲသတ္တိကွ ဖွဲသတ္တိ၊ သိလား” လို့ ဆရာမောင်သော်က က ရေးသားခဲ့တယ်။
အဲဒါ မောင်သော်ကပါပဲ။ စစ်အာဏာရှင်တွေက မလုပ်ရဲတာ မရှိဘူးဆိုပြီး လုပ်ရဲတာကိုမှ သတ္တိလို့ ထင်နေကြတယ်။ ခံရဲတာလည်းသတ္တိပါပဲလို့ ဆရာမောင်သော်က က သူ့ဆောင်းပါးမှာ ရေးခဲ့တာပါ။
မကြောက်တဲ့သူ မရှိပါဘူး။
ကြောက်ရမဲ့ ဟာကို ကြောက်ပါ။
ကြောက်ကြောက်နဲ့
မှန်ရာကို လုပ်ရဲတာကမှ
တကယ် သတ္တိရှိတာပါ။ ။
(ဒေါ်အောင်ဆန်းစုကြည်)
မောင်သော်ကရဲ့ စာပေဟောပြောပွဲ
ဆရာ မောင်သော်ကဟာ ၈၈၈၈ အရေးတော်ပုံကြီး အပြီးမှာ ပြည်တွင်းနိုင်ငံရေးသာ လုပ်ကြဖို့ သူတပည့်တချို့ကို ပြောဖူးပေမဲ့ စစ်အာဏာရှင်တွေကိုတော့ ပမာမထားသူပါ။ သူ့ရဲ့ စာပေဟောပြောပွဲတိုင်းလိုလိုမှာ စစ်သားမှစစ်သား ဆိုတဲ့စိတ်ဓာတ်ကို မပြောခဲ့ပါဘူး။ စစ်တပ်ရဲ့ အားနည်းချက်တွေ ကမောက်ကမ အခြေအနေတွေကိုသာ ပြောဟောခဲ့ပါတယ်။ ရန်ကုန်မြို့လယ်က ဟောပြောပွဲတခုမှာ အခုလို ပြောခဲ့ပါတယ်။
"လွတ်လပ်ရေး မျိုးချစ်စိတ်အကြောင်း ပြောရရင် ကျနော့်ကို တပ်မတော်မှာ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဆိုပြီး မိတ်ဆက်ပေးထားတော့.. ဒီလူ တိုင်းပြည်ကို အရမ်းချစ်လို့ တပ်ထဲဝင်ခဲ့တာပဲလို့ မထင်လိုက်ပါနဲ့။ ကျနော် တပ်ထဲဝင်ဖြစ်တာကတော့၊ ကျနော်ဟာ ငယ်ငယ်က ရုပ်ဖြောင့်တဲ့သူ၊ ဗလကောင်းတဲ့သူ၊ လူပုံချောချောဆိုတော့ ရေတပ်ယူနီဖောင်း အဖြူရောင်နဲ့ဆို မိန်းကလေးတွေ ကြိုက်မှာပဲ ဆိုတဲ့ အတွေးနဲ့ တပ်ထဲဝင်ခဲ့သူပါ” လို့ ပြောခဲ့တာပါ။
“ယူနီဖောင်းကြီး တကားကားနဲ့ ကျုပ်ကတော့ တိုင်းပြည်ကို အရမ်းချစ်လို့ တပ်ထဲဝင်ခဲ့တာပါဆိုပြီး မဟုတ်တာ ပြောတဲ့သူတွေထဲမှာ မောင်သော်က မပါပါဘူးခင်ဗျာ" လို့လည်း ပြောလိုက်ရော ဟောပြောပွဲစီစဉ်သူတွေ ကြောက်လန့်ကုန်ကြပါတယ်။ သူဟာ စာပေဟောပြောပွဲတွေ သူ့ခေတ်နဲ့သူ့အခါ မကြာခဏ ဟောရပြီး ဟောပြောတိုင်းလည်း စစ်တပ်ရဲ့ တလွဲဆံပင်ကောင်း အခြေအနေတွေကို ပြက်လုံးထုတ် သရော်တတ်သူပါ။
မီးပွားကလေးက နေပြီး
မီးတောက်ကြီး ဖြစ်လာတဲ့အခါမှာ
ကမ္ဘာပေါ်မှာ ရှိတဲ့
အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့်ဂျပိုးတေလေတွေကို
လောင်စားသွားလိမ့်မယ် (ဂေါ်ကီ)
နောင်… အနှစ် ၂၀ ကြာသောအခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာမယ်။ ။
(မောင်သော်က) - အင်းစိန်အကျဉ်းထောင်တွင်း ရေးစပ်သည်
မောင်သော်က လွမ်းရာသီ သုံးဆယ့်ငါး
နေမင်းကြီးဟာ အနောက်တောင်စွယ်မှာ ဝင်ရောက်သွားပေမဲ့ နေမင်းကြီးရဲ့ အရောင်အလင်း အရှိန်အဝါတွေကတော့ ကျန်ရှိထွန်းလင်းနေဆဲပေါ့။ အလားတူ စာရေးဆရာကြီး ကဗျာဆရာကြီး ပြည်သူ့ဘက်တော်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်ကြီးတဦး ဗိုလ်မှူးဘသော် (ခေါ်) မောင်သော်က ကျဆုံးခဲ့တာ ၃၅ နှစ် ကြာခဲ့ပေမဲ့လည်း သူ့ရဲ့ ကြိုးပမ်းချက်တွေကတော့ လွှမ်းမိုးသက်ဝင်နေဆဲပေါ့။ ဆရာမောင်သော်ကရဲ့ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းချက်တွေ စာပေကျေးဇူးတွေကတော့ ရေးပြလို့ ကုန်နိုင်မှာ မဟုတ်ပါ။ ဆရာမောင်သော်ကရဲ့ မှန်ရာကို ပြောဆိုရဲတဲ့ သတ္တိတွေ၊ ဆရာမောင်သော်ကရဲ့ မှန်ရာကို ရေးသားရဲတဲ့သတ္တိတွေ၊ ဆရာမောင်သော်ကရဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး အနစ်နာခံရဲတဲ့ စိတ်ဓာတ်တွေကို အတုယူကြပြီး နွေဦးတော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar