ကိုသန်းလွင် - အိပ်စက်အနားယူခြင်း
ကိုသန်းလွင် - အိပ်စက်အနားယူခြင်း
မိုးမခ ၊ ဇွန် ၁၂ ၊ ၂၀၂၆
(၁)
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကြာကတည်းက ဖီလိုဆိုဖာများသည် အိပ်ခြင်းနှင့် အိပ်မက်မက်ခြင်းအကြောင်းကို ရေးသားခဲ့ကြသည်။ သူ၏ ဘီစီ ၄ ရာစုနှစ်က ရေးခဲ့သော "On Sleep and Sleeplessness" စာအုပ်တွင် အရစ္စတိုတယ်က အိပ်ခြင်းသည် လူသားတို့အတွက် လိုအပ်ကြောင်း၊ သဘာဝတရားက အသိဉာဏ်ကို ခေတ္တခဏမျှ ပိတ်ပေးရန် လိုအပ်ပုံ၊ ကိုယ်ခန္ဓာနှင့် ဝိဉာဉ်ကို ပြန်လည်အင်အားပြည့်တင်းလာအောင် အိပ်ခြင်းက ဆောင်ရွက်ပေးပုံတို့ကို ရေးခဲ့သည်။
ထိုအယူအဆမှာ ၁၇ ရာစုနှစ် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာသောအချိန်တွင် ခေတ်မစားတော့ပါ။ ဖီလိုဆိုဖာ ဂျွန်လော့ (John Locke) နှင့် ဒေးဗစ်ဟယူးမ် (David Hume) တို့က အိပ်ခြင်းသည် လူတို့၏ အသိဉာဏ်ကို ပိတ်ပင်ရာရောက်သည်၊ ဗဟုသုတရှာဖွေရာတွင် အဟန့်အတားဖြစ်သည်ဟု ရေးခဲ့သည်။ ဟယူးမ်က အိပ်ခြင်းကို ဖျားနာခြင်း၊ ရူးသွပ်ခြင်းတို့နှင့် အတူတူထားလိုက်ပြီး အမှန်တရားကို ရှာဖွေရာတွင် ဆူးငြောင့်ခလုတ်သဖွယ် ဖြစ်သည်ဟု ရေးသည်။ လော့က အိပ်ခြင်းကို ဝမ်းနည်းစရာ၊ ရှောင်ကွင်း၍မရနိုင်သော အရာ၊ ဘုရားသခင်၏ လူသားများကို အမှန်တရားကို သိစေပြီး တက်တက်ကြွကြွရှိနေခြင်းကို ဟန့်တားပစ်သည်ဟု ရေးခဲ့သည်။ အက်ဆေးရေးသူ ဂျွန်ကရေရီ (John Crary) ကလည်း အိပ်ခြင်းကို ရှုံးသူတို့၏ လုပ်နည်းလုပ်ဟန်ဖြစ်ပြီး ခေတ်သစ်လူ့ဘောင်တွင် အိပ်ခြင်းသည် လူ့တန်ဖိုးကို ယုတ်လျော့စေသည်ဟု ရေးခဲ့ပြန်သည်။
(၂)
ခေတ်သစ်သိပ္ပံက အရစ္စတိုတယ်၏အမြင်ကို မှန်ကန်သည်ဟု အထပ်ထပ်အကြိမ်ကြိမ် ဖော်ပြကြသည်။ အိပ်ခြင်းကြောင့် အရေးကြီးသည့် လုပ်ငန်းများဖြစ်သည့် သိစေတတ်ခြင်း (Cognition)၊ နှလုံးသားခံစားချက်ကို ဖြစ်စေခြင်း၊ လူ၏ကိုယ်တွင်းခုခံအားကို ဖြစ်စေခြင်း၊ အစားအစာမှ စွမ်းအားကိုပြောင်းသောဖြစ်စဉ် (Metabolism) ကို ဖြစ်စေခြင်းနှင့် လူ့အဖွဲ့အစည်းကို ဖြစ်စေခြင်းအထိ ရေးသားကြသည်။ ဦးနှောက်ကို သန့်ရှင်းစေရန် အိပ်ခြင်းက ဖန်တီးပေးသည်။ အစားအစာမှ စွမ်းအင်သို့ ပြောင်းလဲခြင်းမှ ထွက်လာသော အညစ်အကြေးများကို သန့်ရှင်းပေးသည်။ ဦးနှောက်အတွင်းမှ နာဗ်ကြောများကို ဆက်စပ်ပေးသည့် အဆက်အထုံးများ (Synapses) ကို ကျုံ့စေ၍ အသေးဆုံးဖြစ်စေသည်။ အသိဉာဏ်အမြင်များခြင်းကို အားပေးနိုင်ပါသည်။
လူသည် လူအပါအဝင် မျောက်၊ မျောက်ဝံ စသည့်သတ္တဝါများကိုခေါ်သည့် ပရိုင်းမိတ် (Primates) များတွင် အချိန်အနည်းဆုံး အိပ်စက်ကာ နေနိုင်သူများဖြစ်သည်။ လိုအပ်လျှင် အချိန်တိုတိုကလေးသာ အိပ်စက်တတ်သော်လည်း လူသည် အခြားမျောက်များ၊ မျောက်ဝံများနှင့်စာလျှင် ပိုမို၍ အသက်ရှည်သည်။ ပို၍ကျန်းမာသည်။ အသက်ရှင်နေထိုင်ရစဉ်ဝယ် အသိဉာဏ်လည်း ပိုပါသည်။ အိပ်ခြင်းသည် အဓိကကျသည်ဆိုပါလျှင် အဘယ်ကြောင့် အချိန်နည်းနည်းသာ အိပ်စက်ကာ နေနိုင်ကြပါသနည်း။
အဓိကမေးခွန်းမှာ လူသားအဖြစ် လမ်းခရီးတွင် အိပ်ခြင်းက မည်သို့မည်ပုံ ပြောင်းလဲစေခဲ့ပါသနည်း။
လူနှင့်အနီးကပ်ဆုံး သတ္တဝါများကို လေ့လာကြည့်ခြင်းဖြင့် လူသည် တစ်နေ့လျှင် ၉ ဒသမ ၅ နာရီမျှ အိပ်ရသည်ဟု ဆိုပါသည်။ ဤသည်မှာ လူတို့၏ ဘိုင်အိုလိုဂျီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်မှ ယဉ်ကျေးမှုပေါင်းစုံ၊ အခြေအနေပေါင်းစုံကို ခြုံငုံ၍လေ့လာကြည့်သောအခါ လူတို့သည် တစ်နေ့လျှင် ၇ နာရီထက်လျော့နည်း၍ အိပ်နေကြရပါသည်။ ထိုသို့ ကွာဟနေသောနာရီ ၂ ဒသမ ၅ နာရီသည် လူတို့၏ အိပ်ခြင်းဆိုင်ရာ ပဟေဠိ (Human Sleep Paradox) ဖြစ်နေပါသည်။
အီဗော်လူးရှင်းဖြစ်စဉ်အရ သဘာဝက ရွေးချယ်ပေးသောစနစ် (Natural Selection) ဟူ၍ ရှိပါသည်။ ထိုသဘာဝက ရွေးချယ်ပေးထားသောစနစ်က တိုတောင်းသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို အားပေးသည်ဟု ဆိုသည်။ လူသားတို့၏ အဦးအစဖြစ်သော Hominins များသည် သစ်ပင်ပေါ်တွင်အိပ်ရာမှ မြေပြင်ပေါ်သို့ ဆင်းသက်ပြီး အိပ်လာတတ်ခဲ့သည်။ ထိုအခါ ရန်သူနှင့် နီးကပ်လာသဖြင့် တိုတောင်းပြီး နှစ်ခြိုက်စွာအိပ်ရသော အလေ့ ဖြစ်ပေါ်လာခဲ့သည်။ REM (Rapid Eye Movement) ခေါ် အိပ်ခြင်း၌ နှစ်ခြိုက်စွာအိပ်ပျော်ပြီး အားအင်ပြည့်ဖြိုးစေခြင်းကို ခေါ်ပါသည်။ ထို့ကြောင့် အိပ်ရာနိုးနေလျှင် အများနှင့်ရောနှောနေနိုင်လာသည်။ အစားအစာရှာဖွေနေချိန် တိုးလာသည်။ လက်နက်ကိရိယာများကို ကိုင်တွယ်ရန် သင်ကြားနိုင်ခြင်းစသော အကျိုးကျေးဇူးများ ပိုလာခဲ့သည်။ ၎င်းကို Sleep Intensity Hypothesis ခေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခြင်း အယူအဆဟုခေါ်ပြီး၊ အကြာကြီးအိပ်ခြင်း မလိုအပ်တော့ဘဲ ဂျွန်လော့နှင့် ဒေးဗစ်ဟယူးမ်တို့က ဤအယူအဆကို သဘောတူညီနိုင်လိမ့်မည်ဟု ထင်ပါသည်။
၎င်းတို့၏ လက်တွေ့အတွေ့အကြုံကို စမ်းသပ်ရန် တန်ဇန်းနီးယားနှင့် ကွန်ဂိုနိုင်ငံတို့ရှိ Toro-Semliki Wildlife Reserve တွင်ရှိသော ချင်ပန်ဇီများကို လေ့လာခဲ့ကြပါသည်။ ၎င်းတို့က အသိုက် (Nest) များနှင့် အိပ်နိုင်ခြင်း၊ ပို၍တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်းတို့ကို တွေ့ခဲ့ကြရပါသည်။ အသိုက်မှာအိပ်ခြင်းဖြင့် အပူချိန်ကို ထိန်းညှိနိုင်ခြင်း၊ ရန်သူ့ဘေးမှ ကာကွယ်နိုင်ခြင်းတို့ ဖြစ်နိုင်လာပါသည်။ အသိုက်နှင့်အိပ်ခြင်းဓလေ့ကို အခြားအကောင်များဖြစ်သော အိုရန်အူတန် (Orangutans)၊ ဂေါ်ရီလာ (Gorilla) နှင့် ဘိုနိုဘို (Bonobos) ကောင်များတွင်လည်း တွေ့ရသည်။ ထို့ကြောင့် ဤအလေ့အထမှာ သာမန်တိုက်ဆိုင်မှုမျိုးမဟုတ်ဘဲ၊ လူတို့တီထွင်မှုသည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာရောက်ပြီး စိတ်ချလက်ချ အိပ်နိုင်လာသည်။ ၎င်းမှာ ထိုသတ္တဝါများ၏ အီဗော်လူးရှင်း (Primate Evolution) ဖြစ်ပါသည်။
ထိုကဲ့သို့ မြေပြင်ပေါ်ဆင်းပြီး အိပ်ရသောဓလေ့ကို လူတို့သည် လုပ်နိုင်ခဲ့သည်မှာ လူသည် မီးကို ထိန်းချုပ်နိုင်လာသောကြောင့် ဖြစ်သည်။ ဂေါ်ရီလာအမျိုးအနွယ်တို့မှာ ည၏တစ်ဝက်ကိုလည်းကောင်း၊ တစ်ဝက်ထက်ပို၍လည်းကောင်း မြေပြင်ပေါ်တွင်ဆင်း၍ အိပ်လေ့ရှိသည်။ ချင်ပန်ဇီအမျိုးအနွယ်များတွင်မူ ၁၀% မှ ၂၀% မျှသည် တစ်ညလုံး မြေပေါ်ဆင်း၍ အိပ်ကြသည်။
ထိုသတ္တဝါများမှာ မြေကြီးပေါ်တွင် အန္တရာယ်နှင့် ရင်ဆိုင်ရမှာ သေချာပါသည်။ ရန်သူတွေ ပတ်လည်ဝိုင်းနေသည်။ အိပ်နေရသော်လည်း ရန်သူနှင့်တွေ့လျှင် အသင့်ရှိနေရသည်။ သူတို့အိပ်ရပုံမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ တချို့ကလည်း သစ်ပင်ပေါ်မှ မြေပြင်သို့ဆင်း၍ အိပ်ခြင်းမှာ လူ့သမိုင်းအစကတည်းကဖြစ်ပြီး မီးကိုတွေ့ရှိခြင်း၊ မီးကိုထိန်းချုပ်နိုင်ခြင်းတို့နှင့် မဆိုင်ဟူ၍ ဆိုကြသည်။
ညအမှောင်တွင် မီးဖို၍ မီးအရောင်နှင့် အုပ်စုဖွဲ့၍နေသောဓလေ့မှာ စူးစမ်းဖွယ်ရာကောင်းသော ဓလေ့တစ်ခုဖြစ်သည်။ ဖိုထားသော မီးဖိုမှအရောင်သည် လူသားတို့အတွက် ဘိုင်အိုလိုဂျီဆိုင်ရာ လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးသလားဆိုသော မေးခွန်းဖြစ်သည်။ ညမီးရောင်သည် လူသားတို့ကို နိုးကြားစေသော အလေ့ရှိမရှိ လေ့လာသင့်သည်။ အပြာရောင်မီးရောင်ကို တွေ့လျှင် လူ့ဦးနှောက်က မယ်လာတိုနင် (Melatonin) ဟော်မုန်းထုတ်ပေးခြင်းကို ဟန့်တားသည်။ မယ်လာတိုနင်ဟော်မုန်းကို (Hormone of Darkness) ဟုခေါ်ပြီး ၎င်းဟော်မုန်းက လူကို အိပ်ချိန်ရောက်ပြီ၊ မှောင်လာပြီဟု သတိပေးသည်။ မီးဖိုမှ အဝါရောင် (Amber light) က လူ၏အကြောများကို ပြေလျော့စေသည်။ မီးရောင်၏ လူအပေါ် အကျိုးသက်ရောက်မှုမှာ စူးစမ်းစရာများစွာ ရှိသည်။
ထို့အပြင် နေရှိနေစဉ် အပြင်ထွက်ခြင်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းမှာလည်း ဆက်စပ်မှုများရှိသည်။ နေရောင်ခြည်နှင့် ကိုယ်ခန္ဓာထိတွေ့သောအခါ နေရောင်တွင်ရှိသော အနီအောက်ရောင်ခြည် (Infrared) သည် အပူငွေ့အဖြစ် ပါလာသည်။ ထိုရောင်ခြည်ကို လူ့မျက်စိဖြင့် မမြင်နိုင်သော်လည်း အပူငွေ့ဖြင့် သိနိုင်သည်။ ထိုရောင်ခြည်သည် ကိုယ်ခန္ဓာအတွင်းရှိ မိုက်တိုကွန်ဒရီးယား (Mitochondria) ခေါ် ကိုယ်ခန္ဓာ၏ဆဲလ်များမှ ကိုယ်ခန္ဓာတစ်ခုလုံးသို့ စွမ်းအင်ကို ထုတ်ပေးသည့်ပစ္စည်းကို လှုံ့ဆော်သည်။ ထိုစွမ်းအင်က ခန္ဓာကိုယ်အတွက် လိုအပ်သော မီတာဘော်လစ်ဇင် (Metabolism) ကို ဖြစ်စေသည်။ ထို့ကြောင့် နေရောင်ခြည်အောက် နေထိုင်ခြင်းကြောင့် လူသည် စွမ်းအင်ပြည့်ဝပြီး အိပ်ခြင်းကိုလည်း အလားတူ သက်ရောက်မှုမျိုးရှိသည်။
(၃)
ထို့အပြင် မီးဖိုအနီးမှာနေ၍ မီးလှုံခြင်းဖြင့်လည်း နေရောင်ခြည်တွင် နေထိုင်ခြင်းကဲ့သို့ လူကို အကျိုးဖြစ်ထွန်းစေသည်ဟု ယုံကြည်ရပါသည်။ လူသည် ၉ နာရီအထိ အိပ်ရန်မလိုဆိုသော အချက်မှာ ထင်ရှားနေပါပြီ။ အိပ်စက်ခြင်းဖြင့် များစွာသော အကျိုးသက်ရောက်မှုများ အကြောင်းကြောင်းကြောင့် အချိန်တိုတိုလေးအတွင်း အိပ်ရသည့်တိုင် လူ့အဖို့ ပြည့်စုံလုံလောက်နေပေပြီ။
တစ်နေ့လျှင် ၄ နာရီသာ အိပ်စက်သည်ဟု နာမည်ကြီးခဲ့သော ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာသည် အသက် ၇၀ နှစ်အရွယ်တွင် အယ်လ်ဇိုင်းမားရောဂါ ဖိစီးခဲ့သည်ဟု အဆိုရှိရာ အိပ်ခြင်း မအိပ်ခြင်းမှာ ပြဿနာဖြစ်ခဲ့ပါသည်။ အိပ်ခြင်းပဟေဠိက ထိုပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
ကိုသန်းလွင်
Ref: How Human became restless Ape By Nathaniel Dominy, Nature, 14 May 2026
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar