လေးလေး - ပညာရှာ ဆရာသန်းထွန်း
လေးလေး - ပညာရှာ ဆရာသန်းထွန်း
မိုးမခ ၊ ဇွန် ၁၁ ၊ ၂၀၂၆
စာအုပ်စင်ဆိုဆို၊ စာပေမိတ်ဆက်ပြောပြော အခု ကျနော်ရေးနေတဲ့ စာအုပ်အညွှန်း သမိုင်းအစတစ်ချက် ပြောပါရစေ။ ၁၉၃၀ လောက်ကစပြီး သူရိယသတင်းစာမှာ “မောင်” ဆိုတဲ့ ကလောင်နဲ့ “စာအုပ်အသစ်များ” ဆိုပြီး စတင်ခဲ့တာပါတဲ့။ မောင်ဆိုတာကတော့ နောင်တော့ ထွန်းနေ့စဉ် ဦးထွန်းဖေလို့ နာမည်ကြီးခဲ့တဲ့ ဦးထွန်းဖေပါ။ အံမယ်... အဲဒီကတည်းက သူရိယက စာအုပ်အသစ်များအခန်းကို ဖတ်ပြီး ဝေဖန်တဲ့သူ ရှိခဲ့တယ်။ “မောင်တင်” ဆိုတဲ့သူက စာအုပ်အသစ်များအခန်းကို ရေးသူဟာ အစပိုင်းတော့ ဟုတ်သလိုရှိပေမဲ့ နောင်တော့ စာအုပ်နိဒါန်းတွေပဲ ဖတ်ပြီး ပျင်းတင်းတင်း ရေးနေသလိုပဲလို့ ဝေဖန်တယ်။
စာအုပ်အသစ်များ ရေးတဲ့ “မောင်” ကလည်း ဒီလို ပျင်းတင်းတင်း ရေးတယ်လို့ ဝေဖန်တာကို လက်ခံပြီး၊ သူဟာ နိုင်ငံရပ်ခြားက စာအုပ်စင်ရေးသူတွေလို ပြင်ပစာရေးသူမဟုတ်ဘဲ သတင်းစာအလုပ်လုပ်ရင်း ရေးရတာဖြစ်လို့ ဒီလိုဖြစ်ရတာပါလို့ ပြန်ရေးပါတယ်။ “မောင်” ကို ဝေဖန်တဲ့ “မောင်တင်” ဆိုသူက တခြားသူ ဟုတ်ပါရိုးလား။ သိပ္ပံမောင်ဝပါ။ အမှတ်တရပါ။ အခုရေးမယ့် စာအုပ်ကလည်း “သမိုင်းပါမောက္ခ သန်းထွန်း” အမှတ်တရစာအုပ်ပါပဲ။
“သူ့စာတွေက ပြောပြသမျှ သမိုင်းပါမောက္ခ သန်းထွန်း”၊ ရေးသူက သန်းထိုက်အောင်။ ဆရာသန်းထွန်းရဲ့ သမိုင်းဆရာ တပည့်တစ်ယောက်က သူ့ဆရာအကြောင်း အမှတ်တရရေးထားတဲ့ စာအုပ်တွေထဲက ဆရာသန်းထွန်း တစေ့တစောင်း ပြန်ပြောင်းအောက်မေ့ဖွယ်တွေ ရေးထားတာပါ။
“သမိုင်းပညာရှင်၊ ကျောင်းဆရာ၊ စာရေးဆရာ ဘယ်ဟာကို ပိုပြီး နှစ်သက်သလဲမေးရင် သုံးခုစလုံး မဟုတ်ဘူး။ ငါ သမိုင်းပညာရှာဟေ့လို့ ပြောမယ်။ ရှာလို့လည်း မဆုံးနိုင်ပါ။” သူတို့ဆရာသန်းထွန်း ကြွေးကြော်လေ့ရှိတဲ့ စကားတစ်ခွန်းပါ။ စကားကို “ဂွ” ကျကျ ပြောတတ်သူရဲ့ သရော်တော်တော် ပြောစကားလည်း ဖြစ်တယ်။
ပါမောက္ခသန်းထွန်း စကားပြော “ဂွ” ကျတာဟာ မွေးရာပါလို့ လူထုဒေါ်အမာက မှတ်ချက်ပေးတယ်။ ဒါပေမဲ့ အခုစာအုပ်ထဲပါတဲ့ “ရာဇဝင်ဆရာ လူနောက်ကြီး” အခန်းကို ဖတ်ကြည့်တော့ သူတို့က မျိုးနဲ့ရိုးနဲ့ ပြောဆိုတတ်သူတွေ ဖြစ်နေတယ်။
“ဆရာသန်းထွန်းရဲ့ အဖေက ဦးဘိုးတေ (၁၉ မတ် ၁၈၉၁ - ၈ မတ် ၁၉၄၆)။ ဦးဘိုးတေရဲ့ အဖေက ဦးဘိုးကာ။ ဆရာသန်းထွန်းရဲ့ အဘိုး ဦးဘိုးကာက သေခါနီး မစားနိုင်မသောက်နိုင် ဖြစ်လာတော့ မယားက “ကိုကာ ဘာစားမလဲ” လို့ ခဏခဏမေးတယ်။ မေးတိုင်းဖြေရတော့ စိတ်ဆိုးပုံရတယ်။ “ကိန္နရာရင်အုံသားနဲ့ ဇမ္ဗူ့သပြေသီးချဉ်ဟင်း ချက်ပေး...မ” လို့ ဆဲလွှတ်တယ် (သန်းထွန်း၊ ၂၀၀၁၊ ၆)။ စိတ်မကြည်လင် မမာတဲ့ကြားထဲကနေတောင် သူ့မူလို ဆဲရင်းဆိုရင်းနဲ့ ပြောလိုက်တဲ့စကားက ဘယ်သူမှ မတွေးမထင်ထားတဲ့ ဒဏ္ဍာရီလာ ရှားရှားပါးပါး ကိန္နရာရင်အုံသားနဲ့ ဇမ္ဗူ့သပြေသီးချဉ်ဟင်းတဲ့။ တကယ်ဟာသပဲ။ အဲဒါ ဆရာသန်းထွန်းရဲ့ အဘိုး ဦးဘိုးကာ။”
ဦးဘိုးကာက မွေးတဲ့ ဆရာသန်းထွန်းအဖေ ဦးဘိုးတေကျ ဒီလို။ “ဆရာသန်းထွန်းရဲ့ အဖေ ဦးဘိုးတေက အမြဲလိုလို မမာတဲ့ သူ့မယားကို သိပ်ဂရုစိုက်ပြီး ပြုစုရရှာတယ်။ ပါးစပ်ကလည်း မနေနိုင်၊ ပြောလိုက်သေးတယ်။
“သူများတွေ ဘုရားသာသနာ ထမ်းကြတယ်၊ ငါကတော့ မယားသာသနာပဲ”။ ဆရာသန်းထွန်း မြေးကျ “အဘိုး အဘိုး အရေးကြီးတာ ဘာလဲ” လို့ မေးတယ်။ အရေးကြီးတာ ဘာလဲလို့ အဘိုးက ပြောတော့ “အရေးကြီးတာ Important ပေါ့” လို့ အဘိုးကို နောက်တာ အဘိုးမှာ ရယ်တာ မရပ်ဘူး။
ဆရာသန်းထွန်းအကြောင်းတွေ ဖတ်ရင်း သမိုင်းဆရာ ဦးဘညွန့်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ လူထုဦးလှ စတဲ့ စာရေးဆရာ အကျော်အမော်တွေ အကြောင်းပါ ကျွဲကူးရေပါ အမှတ်တရ ဖတ်ရတယ်။
“သူ့စာတွေက ပြောပြသမျှ သမိုင်းပါမောက္ခ သန်းထွန်း” စာအုပ်ကို ရန်ကုန်၊ ဂျူပီတာစာပေတိုက်က ၂၀၂၆ ခုနှစ်၊ မတ်လမှာ ပထမအကြိမ်အဖြစ် အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ်တစ်သောင်းခွဲတိတိ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar