Breaking News

မောင်လူမွှေး - လေးပုတ် တောင်သူတွေ

မောင်လူမွှေး - လေးပုတ် တောင်သူတွေ

မိုးမခ ၊ ဇွန် ၂၃ ၊ ၂၀၂၆


ညနေခင်း မောင်လူမွှေးတစ်ယောက် တောထဲသို့ လမ်းလျှောက်ထွက်ခဲ့သည်။ မိုးတိတ်ခါစမို့ သစ်ပင်များမှာ စိမ်းစိုပြီး မိုးစက်များ တွဲခိုနေသည်။ လမ်းမှာမူ ဗွက်ထသောနေရာက ထလျှက်။ မြစ်ရေမှာမူ နောက်ကျိလျက်။ နှမ်းစိုက်ပျိုးထားသော အခင်းပြင်များအတွင်း ရေအိုင်နေသည့်နေရာအချို့ကို မြင်ရသည်။ နှမ်းပင်ပေါက်လေးများမှာလည်း လေဒဏ်၊ မိုးဒဏ်ကြောင့် မြေပြင်ကပ်လုနီးပါးအထိ လဲနေကြသည်ကို မြင်ရသည်။

မနေ့ကအထိ ဤနှမ်းခင်းပြင်များမှာ နှမ်းပေါင်းထိုးသူများနှင့် စည်ကားလှသည်။ ယခု မိုးရွာသဖြင့် နှမ်းပေါင်းထိုး၍ မရတော့ပါ။

"နေ့လယ်က ပေါင်းထိုးသူ သုံးယောက်ငှားပြီး ထိုးတာ။ ယခု ညနေ မိုးရွာတော့ နေ့လယ်က ထိုးထားသည့်နေရာများ ရေအိုင်သွားပြီ။ မိုးနောက်ထပ် ဆက်ရွာလျှင် သွားပြီ။ အလကား ဖြစ်ပြီ" ဟု တောထဲက တဲသို့ ရောက်ရောက်ချင်း မောင်လူမွှေး၏ အပေါင်လေးက ဆီးကြို၍ ပြောပါသည်။

မိုးဦးရာသီနှင့် မိုးနှောင်းရာသီမှာ မောင်လူမွှေး နေထိုင်သောဒေသရှိ တောင်သူများ စိတ်မော၊ လူမောရသည့် ရာသီ ဖြစ်သည်။ မိုးဦးကာလတွင် နှမ်းစိုက်ပျိုးကြသည်။ နှမ်းသီးနှံကို တောင်သူများက "လောင်းကစားသီးနှံ" ဟုလည်း တင်စားတတ်ကြသည်။ ပြီးခဲ့သည့်နှစ်က လောင်းကစားတွင်မူ တောင်သူများဘက်က တော်တော်များများ ရှုံးကြသည်။ ယခုနှစ်ပါ ဆက်ရှုံးလျှင်မူ မလွယ်ဘူးဟု ရေဝပ်နေသည့် နှမ်းခင်းများကို ကြည့်၍ မောင်လူမွှေး တွေးနေမိသည်။

နှမ်းသီးနှံ ဆိုသည်မှာ အပင်ပေါက်ဘဝမှ ရိတ်သိမ်းချိန်အထိ မိုးရွာလိုက်၊ နေပူလိုက် ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ပါသည်။ အပင်ပေါက်ဘဝတွင် ပေါင်းကို နိုင်နိုင်ထိုးနိုင်မှသာ အပင်က ကြီးထွားပါသည်။ ထို့ကြောင့် အချိန်မီအောင် ထိုးကြရသည့် နှမ်းပေါင်းထိုးချိန်ဆိုလျှင် အငှားသမားခေါ်ယူရန်ပင် ခက်ခဲပါသည်။ ပေါင်းထိုးပြီးပြီ ဆိုလျှင်လည်း မိုးအခြေအနေကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေရတော့သည်သာ ဖြစ်သည်။

နှမ်းသီးနှံမှာ ပေါင်းထိုးချိန်တွင်မှ တောင်သူများ ပင်ပန်းသည် မဟုတ်ပါ။ ရိတ်သိမ်းချိန်တွင်လည်း လူရော၊ စိတ်ရော ပင်ပန်းရပါသည်။ နှမ်းပင်ကို ရိတ်သိမ်းပြီးလျှင် ခြောက်သွေ့စေရန် နေပူထဲတွင် ထောင်လှမ်းထားရသည်။ နှမ်းသီးများ နေပူဒဏ်ကြောင့် ကွဲလာပြီဆိုလျှင် ချက်ချင်း ခါယူကြရသည်။ ရိတ်သိမ်းချိန် နောက်ကျလျှင်၊ နှမ်းခါချိန်တွင် အချိန်မီ မခါနိုင်လျှင် နှမ်းသီးများ ကွဲပြီး ရသင့်သလောက် မရတော့ပါ။ ရှိသမျှ လူငှားရအောင်ရှာဖွေပြီး အမောတကော လုပ်ကြရခြင်း ဖြစ်သည်။ ဤသို့သော အချိန်ဆိုလျှင် မောင်လူမွှေးပင် သူတို့ကိုကြည့်၍ မောနေတတ်ပါသေးသည်။

"မိုးကောင်းလျှင် မိုးရေမတင်နိုင်သည့် အင်ဒိုင်းတောများက ရသည်။ မိုးခေါင်လျှင်မူ မြစ်နားအောက်ကျင်းခင်းများက ရသည်" ဟု တောင်သူတစ်ဦးက နှမ်းသီးနှံနှင့် ပတ်သက်၍ မောင်လူမွှေးကို ရှင်းပြသည်။ ယခုနှစ် စူပါအယ်နီညို တဲ့။ မိုးခေါင်မှာလား၊ မိုးများမှာလား။ အင်ဒိုင်းတောများ ကံကောင်းမှာလား။ အောက်ကျင်းတောများ ကံဆိုးမှာလား။ သေချာသည်မှာမူ နှမ်းသီးနှံ ရရုံမျှဖြင့် ကံမကောင်းသေးဘူး ဆိုသည်ပင်။

မနှစ်က နှမ်းပေါ်ချိန် နှမ်းတစ်တင်းလျှင် ရှစ်သောင်းမျှသာ ဈေးရသည်။ ထွန်ယက်ခ၊ ပေါင်းထိုးခများ နုတ်လိုက်လျှင် တောင်သူအများစု ရှုံးကြသည်။ ကံကောင်းသည့် တောင်သူအချို့ စားစရာ နှမ်းဆီ ကျန်ခဲ့သည်။ နှမ်း ပြည်နှစ်ဆယ် ကြိတ်လျှင် ဆီ ဆယ်ပိသာရသည်။ ယခု နှမ်းဆီ ဆယ်ပိဿာ တစ်ပုံးလျှင် နှစ်သိန်းကျော် ရှိပါသည်။ ဤဈေးဖြင့် ဘယ်တောင်သူမျှ မိမိအခင်းမှထွက်သည့် နှမ်းဆီကို ဝယ်မစားနိုင်ပါ။

မောင်လူမွှေးတို့ ငယ်စဉ်က အဖြစ်အပျက်လေးကို သတိရမိသည်။ မောင်လူမွှေး၏ အစ်ကိုက ဦးလေးကြီးတစ်ယောက်အား နှမ်း မည်မျှရသနည်းဟု မေးသည်။ 

"လေးပုတ်" ဟု ဦးလေးကြီးက ပြန်လည်ဖြေကြားသည်။ ပုတ်နှင့် လေးလုံးပင် ရသည်ဟု ထင်မိသည်။ ဘယ်ဟုတ်မလဲ။ 

"လေးပုတ်" ဆိုသည်မှာ "လုပ်ပေး" ဟု ဆိုလိုသည်။ လုပ်ကိုင်ပြီးသည်နှင့် ဘာမျှမကျန်အောင် သူတစ်ပါးအား ပေးလိုက်ရခြင်း ဖြစ်သည်။ အတိုးဖြင့် ချေးယူထားရသည့် ထွန်ယက်ခ၊ နှမ်းပေါင်းထိုးခ၊ ရိတ်သိမ်းခ၊ ဈေးဖိုးများကို ပေးလိုက်ရခြင်း ဖြစ်သည်။ လေးပုတ်တောင်သူများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် ရာသီဥတု မှန်ကန်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည် ခင်ဗျာ.....။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar