Breaking News

မောင်တူး - ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်သတ်ခံရတဲ့ ၂ နှစ်ပြည့်

မောင်တူး - ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်သတ်ခံရတဲ့ ၂ နှစ်ပြည့်

မိုးမခ ၊ ဇွန်  ၂၃ ၊ ၂၀၂၆


ဝင်းနိမ္မိတာ

ပျံလွန်ရှာခဲ့

သံဃာသတ်သောစစ်တပ်ကြောင့်။

၂ နှစ်ကြာတိုင်

မေ့ပါနိုင်ပဲ

ဖြိုင်ဖြိုင်မျက်ရည်ကျဆဲပါ။ ။

၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်နေ့က သက်တော် ၇၈ နှစ်ရှိ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမြို့မှာ ပြုလုပ်မဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) အစည်းအဝေးတက်ဖို့  လေယာဉ်နဲ့ကြွလာပြီး တံတားဦးလေဆိပ်ကနေ ငါန်းဇွန်မြို့နယ် ပန်းချီကမ္မရွာကို သွားခဲ့ပြီးအပြန် မြို့သာနဲ့ ပန်းချီကမ္မရွာကြားအရောက် ကားမှန်မချဘဲ အရှိန်ပြင်းပြင်း မောင်းလို့ဆိုပြီး စစ်ကောင်စီ စစ်သားကားပေါ်ကနေ သေနတ်တွေနဲ့ ပစ်လို့  နေရာမှာပဲ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့တာပါ။ 

PDF က ပစ်တယ်လို့ လိမ်လည် သတင်းထုတ်ပြန်ခြင်း

ဇွန် ၁၉ ညပိုင်းကျတော့ ဆရာတော်လိုက်ပါလာတဲ့ ကားကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က လိမ်လည် သတင်းထုတ်ပြန်ခဲ့ ပါသေးတယ်။ ဒါပေမဲ့ ဆရာတော်နဲ့အတူ အတူလိုက်ပါခဲ့တဲ့ ကန်သုံးဆင့်ကျောင်း ဆရာ‌တော် ဘဒ္ဒန္တဂုဏိကာဘိဝံသက စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်လို့ သေရကြောင်း ထုတ်ဖော် မိန့်ကြားခဲ့အပြီး အာဏာသိမ်းစစ်တပ်က သူတို့ ပစ်လို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်းကို ဇွန် ၂၁ ရက်မှာ ပြန်လည် ဝန်ခံခဲ့တယ်။ ဒါပေမဲ့ ပစ်သတ်ခဲ့တဲ့ စစ်သားတွေကို ဒီနေ့အထိ အရေးမယူသေးပါ။

ရွှေကျင်ဂိုဏ်း ဗဟိုအလုပ်အမှုဆောင်ဆရာတော်ကို ပစ်သတ်တာ ၂ နှစ်ရှိပြီ

မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာမှာ ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ ရွှေကျင်သံဃဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော်တပါး ဖြစ်တော်မူတဲ့ ဝင်းနိမ္မိတာရုံ ဆရာတော် မုနိန္ဒာဘိဝံသဟာ မင်္ဂလာဒုံက ကန်သုံးဆင့် ဆရာတော်နဲ့အတူ မန္တလေးမြို့မှာ ကျင်းပမဲ့ ရွှေကျင်ဂိုဏ်းအစည်းအဝေးတက်ဖို့အသွား စစ်ကောင်စီတပ်က ပစ်တာကြောင့် ပျံတော်မူခဲ့ရတာ အခု ၂၀၂၆ ခုနှစ်၊ ဇွန် ၁၉ ရက်ဆိုရင် ၂ နှစ်တင်းတင်း ပြည့်ခဲ့ပြီလေ။ စစ်အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း သံဃာ ၁၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက် ဆရာတော် မင်းသုညက မိန့်ပါတယ်။

အသတ်ခံခဲ့ရတဲ့ သံဃာ ၁၀၀ ကျော်မှာ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးဟာ သက်တော် ဝါတော်နဲ့ ပညာအရာမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ ရွှေကျင်သာသနာဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော်ကြီးလည်း ဖြစ်လို့ ဗုဒ္ဓသာသနာတော်မှာ ဆုံးရှုံးမှု အလွန် ကြီးမားပါတယ်။ သတ်ဖြတ်သူတွေဟာလည်း လက်ရှိဘဝမှာရော နောင်သံသရာ တလျှောက်လုံးမှာပါ ပြစ်မှုဟာ ကြီးမားလှတယ်လို့ သံဃာတော်တွေက မိန့်ကြားပါတယ်။ 

အင် - ကြင်း - ခက် - ကြိုင်း ရွှေ - ကျင် - ဂိုဏ်း 

အင်ကြင်းခက်ကြိုင်း

ရွှေကျင်ဂိုဏ်း

နှစ်ပိုင်း တထောင့်နှစ်ရာနှစ်ဆယ့်နှစ်။ ။ 

၁၂၂၂ ခုနှစ် ဝါဆိုလပြည့် ( ၁၈၆၀ ပြည့်နှစ် ဇူလိုင် ၂ ရက် ) တနင်္လာနေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်း မှတ်သားထားကြရမဲ့ နေ့စွဲပါ။ အဲ့သည်နေ့ဟာ ဗုဒ္ဓဘာသာ သာသနာ့သမိုင်းမှာ ရွှေကျင်ဂိုဏ်းကြီး စတင် ပေါ်ထွန်းလာခဲ့တဲ့နေ့ပါ။ မင်းတုန်းမင်း လက်ထက်ကပါ။ ရွှေကျင်ဆိုတာဟာ ရွေကျင်မြို့ကို အစွဲမပြုပါ။ ရွေဘိုမြို့နယ်၊ ရွှေကျင်ရွားသား ဆရာတော်ကြီး ဦးဇာဂရ တည်ထောင်ခဲ့တဲ့ သံဃာ့ဂိုဏ်ကြီးပါ။ရွေကျင်သံဃာ့ဂိုဏ်းဟာ စည်းကမ်းကြီးလှပါတယ်။ ဝိနည်းပဉာတ်ချက်တိုင်းကို တိတိကျကျ ဂိုဏ်းဝင်သံဃာတိုင်းက လိုက်နာကြရတယ်။ ဂိုဏ်းတည်ထောင်သူ ပထမဆုံး ရွှေကျင်ဆရာတော်ကြီးဟာ မင်းတုန်းမင်းပေးတဲ့ ဘွဲ့ကိုတောင် ငြင်းပယ်ခဲ့ပါတယ်။ ဒီလို သာသနာမှာ ထင်ရှားတဲ့ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ် ပစ်သတ်ခဲ့တာ ၂ နှစ်ကြာပါပြီ။ ဒါပေမဲ့ သံဃာသတ် တရားခံတွေကိုတော့ အရေးမယူသေးပါဘူး။

ရွှေကျင်သာသနာပိုင်ဆရာတော်က ရွှေကျင်ဂိုဏ်ထုံးစံ မလိုက်နာ

ပထမဆုံး ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဟာ ဘဒ္ဒန္တ ဇာဂရ ဖြစ်ပြီး လက်ရှိ သာသာနာပိုင်ကတော့ သီတဂူပါ။ ပထမ ရွှေကျင်သာသနာပိုင်က မင်းတုန်းမင်း ပေးတဲ့ဘွဲ့တော်ကို မယူသင့်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ သာနာပိုင်က အစိုးရမင်းကို မဖားခဲ့ပါ။ ၂၀၂၄ ခုနှစ်က ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က ပစ်သတ်တုန်းကတော့ ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်က "စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ကိစ္စကို သည်းခံ ခွင့်လွှတ်ကြဖို့၊ ဒီအမှုကို ပျောက်ပျက်အောင် နှလုံးသွင်းကြဖို့ တိုက်တွန်း ဟောကြား ပြောဆိုခဲ့ပါတယ်။ သည်းမခံနိုင်ရင် သူတပါး သပ်လျှိုတာ ခံရမှာဖြစ်ပြီး သာသနာအတွက် ဝမ်းနည်းစရာဖြစ်လာလိမ့်မယ်"လို့လည်း မိန့်သွားတာပါ။ ရွှေကျင် ဆရာတော်ဘုရားကြီးတွေရဲ့ မမှန်တာကို ငြင်းဆန်လက်မခံတဲ့ ဂိုဏ်းထုံးစံဟာ အခုတော့ ပျက်သွားပြီလို့ ပြောရမှာပါ။

ဒါယိကာမတဦးရဲ့ တုံ့ပြန်ချက် 

သီတဂူဆရာတော်ဟာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်က အထက်ပါ ခွင့်လွှတ်ကြဖို့ စကားကို ပြောခဲ့တာပါ။ စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ကျောင်းတိုက်ကို ဇွန် ၂၂ ရက်မှာ လာရောက်စဉ် သီတဂူဆရာတော်က သည်းခံခွင့်လွှတ်ကြဖို့ ဆိုခဲ့တာပါ။ တနည်းအားဖြင့် ရေငုံနှုတ်ပိတ်နေကြဖို့ တိုက်တွန်း သွားတာပါပဲ။ အခု ၂ နှစ်ပြည့်ကာလမှာ  ဒါယိကာမ တယောက်ကတော့ သူ့ဖေ့စ်ဘွတ်ခ်မှာ အောက်ပါအတိုင်း ရေးထားပါတယ်။  

"စစ်ကောင်စီက ပစ်သတ်ခဲ့လို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူရတာတောင် ကျောင်းဝင်းထဲထိ ကားအကောင်းစားကြီးစီးလာပြီး ဘုန်းကြီးတွေကို လက်ညှိုးထိုးပြီး ပြောပုံက "မင်းတို့  ပါးစပ်တွေပိတ်ထားကြတဲ့" သီတဂူဆရာတော် ပြောတဲ့စကား အမှတ်ရှိကြပါ။"  

—ဆရာမတဦး (ပညာရေး CDM) 21/6/2026

ရဟန်း သံဃာတော်ကို သတ်လျှင် ကမ္ဘာပျက်သော်လည်း အပြစ်မကျေ

သံဃာသတ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အပြစ်ကြီးလွန်းလှတယ်။ သာမာန် တိရိစ္ဆာန် သေးသေးလေးကို သတ်လျှင်ပင် အပြစ်ရှိကြောင်း ဗုဒ္ဓက ဟောခဲ့တယ်။ "နှံပြီစုတ် တလုပ်စာ ငရဲတပိဿာ" လို့ ဆိုကြတယ်။ လူကို သတ်လျှင်တော့ အပြစ်က  တော်တော့်ကို ကြီးပါတယ်။ တရားရုံးတွေက  လူသတ်မှုကို ထောင်နှစ်ရှည်၊ တကျွန်း၊ အသေစားသေစေ အထိတောင် အပစ်ပေးကြတယ်။ သီတဂူဆရာတော်က သရဏဂုံ မတည်သူတွေကို သတ်တာ အပစ်မရှိဘူးလို့ ဟောဘူးတယ်။ ဗုဒ္ဓဘုရားကတော့ လူဖြစ်ဖြစ်၊ ငှက်ဖြစ်ဖြစ် ငါးဖြစ်ဖြစ် သတ်လျှင် အပစ်ရှိတယ်လို့ ဟောခဲ့တယ်။ သံဃာသတ်ရင်တော့ အပြစ်က ကြီးလွန်းပါတယ်။ သံဃာ ၁၀၀ ကျော်ကို ၅ နှစ်အတွင်း သတ်ထားတဲ့ အာဏာသိမ်း စစ်တပ် ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာမှာ သံဃာသတ်တဲ့ အပြစ်ကြီးပုံတွေကို "ပစ္စပ္ပန်သံသရာ ပြေးမလွတ်သည့် အလွန်ကြီးမားတဲ့အပြစ်" ဆိုပြီး အခုလို ဖော်ပြထားတယ်။

သံဃာသတ်တာ ပစ္စပ္ပန် သံသရာ ပြေးမလွတ်သည့် အလွန်ကြီးမားတဲ့အပြစ်

သံဃာကို သတ်ဖြတ်ခြင်း ပြုလုပ်ပါက ပဉ္စာနန္တရိယကံကဲ့သို့ အဆုံးအပိုင်း အခြားမရှိသည့် အကုသိုလ်ကံမျိုးရောက်နိုင်သည်။ ရဟန်းသံဃာများကိုသတ်ဖြတ်ခြင်းသည် မျက်မှောက် သံသရာတွင် အလွန်ကြီးလေးလှသည့်အပြစ်များကို ခံစားကြရသည်။ အကယ်၍ ဤသို့ကျူးလွန်မှုကို ဂရုစိုက်စရာမလိုဟု (ကံ၊ ကံ၏အကျိုးကို မယုံကြည်မှု) ဆိုလျှင် အကုသိုလ် အမျိုးမျိုးတွင် အပြစ်အကြီးလေးဆုံးဖြစ်သည့် မိစ္ဆာဒိဋ္ဌိကံထိုက်မည်ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိကံထိုက်သူမှာ တကမ္ဘာ ပျက်သော် အပြစ်မကုန်ဆုံးသေးဘဲ နောက်တကမ္ဘာအသစ်တွင် အပြစ်ဆက်၍ ခံရကြောင်း ကျမ်းဂန်များ၌ အတိအလင်းမိန့်ဆိုထားသည်။ ထို့ကြောင့် အယူမှန်ရှိသူတို့သည် ကံ ကံ၏ အကျိုးကို မယုံကြည်သော မိစ္ဆာဒိဋ္ဌိအယူရှိသူတို့နှင့် ဝေးစွာရှောင်ကြဉ်မှသာ မိမိတို့၏ ဘဝ သံသရာတွင် အန္တရာယ်ကင်းဝေးမည် ဖြစ်သည်။

ဝင်းနိမ္မိတာဆရာတော်နဲ့ သံဃာ ၁၀၀ ကျော် သတ်ထားတဲ့ စစ်အာဏာရှင်

ထင်ရှားတဲ့ သာသနာထွန်းကားတဲ့ ပဲခူးမြို့ကျောင်းထိုင်၊ ရွှေကျင်ဆရာတော် ဗဟို အလုပ်အမှုဆောင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို ပစ်သတ်ခဲ့တာ ၂ နှစ်ပြည့်ပြီ။ တခြား သံဃာ ၁၀၀ ကျော်လည်း သတ်ခဲ့ပြီ။ လောဘကြီးပြီး အာဏာသိမ်းခဲ့တာကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော် အပါအဝင် သံဃာ ၁၀၀ ကျော် သတ်မိခဲ့ပြီ။ သေနတ်ကိုင်ထားတဲ့ စစ်တပ်မို့ ပြည်သူက အရေးမယူနိုင်ပေမဲ့ အပြစ်ကတော့ ပျောက်မသွားပါ။ နွေဦးတော်လှန်ရေး အောင်မြင်သွားရင် တရားစွဲ အပြစ်ပေးလိမ့်မည်။ ဒါ့အပြင် သံဃာသတ်ခဲ့ သေနတ်ပစ်ခဲ့ အမိန့်ပေးခဲ့ အာဏာသိမ်းခဲ့သူတွေ အားလုံး ဒီပြစ်ဒဏ်ကို တသံသရာလုံးခံရပါဦးမည်။ 

မလုပ်ရဲတာ မရှိခြင်းကြောင့် မြန်မာပြည်မှာ သာသနာက ပျက်နေပြီ

မြန်မာနိုင်ငံမှာ မလုပ်ရဲတာ ဘာမျှမရှိသူတွေကြောင့် နိုင်ငံဂုဏ်သိက္ခာနဲ့ ပုံရိပ်ကျဆင်းနေရပြီ။ ကမ္ဘာပေါ်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံ ဖြစ်ပေမဲ့ ဘာသာ၊ သာသနာအကျိုးနဲ့ ဝေနေယျ သတ္တဝါတွေ ချမ်းသာရေးကို ထမ်းရွက်နေကြတဲ့ ရဟန်းသံဃာတော်တွေကို အာဏာသိမ်း စစ်တပ်ကသတ်ဖြတ်နေတာကို သာသနာပိုင် ဆရာတော်ကြီးတွေက ကာကွယ်ပြောဆိုတာ မရှိပါ။ တချို့ (တချို့) ဆရာတော်တွေက စစ်တပ်ကို ရေလာမြောင်းပေး မြှောက်ပေးနေသလိုလိုတောင် ပြောနေကြတယ်။ ဒါကြောင့် ဗုဒ္ဓတရားတော်တွေကို သက်ဝင်ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သား အပေါင်းတို့က စစ်အာဏာသိမ်း စစ်တပ်ရဲ့ သာသနာဖျက် (သံဃာသတ်) ဘုန်းကြီးကျောင်း မီးရှို့၊ ဘုရားစေတီတွေ သာသနိကအဆောက်အဦတွေကိုဗုံးကြဲတဲ့ လုပ်ရပ်တွေကို ဝိုင်းဝန်းကာကွယ် တားဆီးကြရပါမယ်။ ဒီလိုတားဆီးနိုင်ဖို့က နွေဦးတော်လှန်ရေး အောင်ဖို့လိုပါတယ်။ နွေဦးတော်လှန်ရေးကို ကူညီတာ ထောက်ပို့တာ ဝင်ရောက် ဆင်နွှဲလုပ်ကိုင်ကြမှာ ပိုမို မြန်ဆန် အောင်မြင်မှာပါ။

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်သတ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့်

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးရေးတဲ့

သင်ရိုးညွှန်းတန်းစာအုပ်တွေနဲ့ 

သိန်းချီတဲ့ စာသင်သား ရဟန်းတွေ 

ပညာသင်ကြားနေကြရတာပါ။

ဆရာတော်ကြီး ပစ်သတ်ခံခဲ့ရတာဟာ

သာသနာအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ 

—ဆရာတော် အရှင် မင်းသုည

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်သတ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့် DVB TV သတင်းအတွက် အင်တာဗျူးမှာ နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက် ဦးဆောင်ဆရာတော် အရှင် မင်းသုည ပြောသွားတာပါ။

ဆရာတော် မင်းသုညဟာ ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ တပည့်တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက် ဆရာတော်တပါးဖြစ်တဲ့ အရှင် တေဇာနန္ဒ (တန့်ဆည်)ကလည်း အာဏာသိမ်းစစ်တပ်ဟာ "ဓမ္မအပေါ် မားမားမတ်မတ် ရပ်တည်းပြီး မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဘူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပေး စတဲ့ ရဟန်းကျင့်ဝတ် ၆ ပါးအတိုင်း ကျင့်ကြံတဲ့ သံဃာတွေကို အဓမ္မဝါဒီ စစ်အာဏာရှင်တွေက သတ်ဖြတ်ခဲ့တာ" ၂ နှစ်ရှိပြီလို့ ပြောပါတယ်။ 

သာသနာပြုမင်းအမည်ခံ

မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေဟာ

ဘုရားတည် ကျောင်းဆောက် ဟန်ပြလုပ်နေပေမဲ့

ဘုရားတွေ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲဖျက်ဆီး

သံဃာတော်တွေကို သတ်ဖြတ်နေတာကို ရှုတ်ချပါတယ်။ 

—ဒယ်ဂူးဘုန်းဘုန်း၊ တောင်ကိုရီးယား

ဝင်းနိမ္မိတာရုံ ဆရာတော် မုနိန္ဒာဘိဝံသကို စစ်တပ်က ပစ်သတ်ခဲ့တာ ၂ နှစ်မြောက်မှာ ဆရာတော် သုံးပါးရဲ့ ပြောဆိုချက် သဘောထားတွေ ဖြစ်ပါတယ်။ အာဏာအတွက် သံဃာတော်တွေကို ဖမ်းဆီးနေကြရတဲ့၊ နှိပ်စက်နေကြရတဲ့၊ သတ်ဖြတ်နေရတဲ့ စစ်ခေါင်းဆောင်တွေဟာ လက်ရှိဘဝနဲ့ သံသရာအရေး မကောင်းနိုင်ကြပါဘူး။ ဒါကို လေးလေးနက်နက် စဉ်းစားပြီး ပြင်ဆင်ဆုံးဖြတ်နိုင်ကြရင်တော့ နတ်လူသာဓုခေါ်ကြမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ . . . ။ ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar