Breaking News

ရှင်ရဲထွဋ် - ငါ့ရယ်သံတွေဘယ်သူခိုးသလဲ


‌Art- Aung Htet
ငါ့ရယ်သံတွေဘယ်သူခိုးသလဲ
ရှင်ရဲထွဋ်
(မိုးမခ) ဇွန် ၈၊ ၂၀၂၆

တံတားတစင်းရဲ့အိပ်မက်က
သူ့ကျောပေါ်မှာ 
လမ်းပြောင်းပြန်မမောင်းမိစေဖို့ပဲမဟုတ်လား၊
ဘဝဆိုတာမှန်နန်း ရာဇဝင်ကြီးလောက်မထူဘူးဆိုပေမယ့်
ဟိုဖက်ကမ်းရဲ့ဗျာဒိတ်တော်တွေဟာကျနော်နဲ့
တခုမှမတော်၊
ဝိဓူရလိုလေထီးမပွင့်ခဲ့စဥ်က
တောင်စဥ်ခွန်နစ်ထပ်လုံးယောက်ယက်ခပ်နေ
ပေမယ့်
အချစ်ကို  ရေအကျိုးဆယ်ပါးလို
မော့သောက်ဖူးသေးတာပေါ့၊
ချစ်တယ်ချစ်တယ်ပြောရင်း
လွတ်ကျသွားတဲ့ဒီနေ့ကိုကျစ်ကျစ်ပါအောင်ပြန်ဆုပ်ရင်း
ကျနော့်မနက်ဖြန်တိုင်းဟာမိုးယိုနေ၊
အဖုန်းပြုတ်နေတဲ့ စိတ်နဲ့
ကျနော်နေမကောင်းဘူးအမေ၊
သည်းခံစိတ်တွေဈေးမတက်ပါဘူးဆိုတဲ့ကြားက
ဒီတိုင်းထိုင်ပြီးအငွေ့လစ်ရတော့မှာလား၊
သံသရာကိုဈေးကြီးမိထားတဲ့ကြားက
တောက်ခေါက်ရင်းအရောင်ကျွတ်ရတော့မှာလား၊
အမေရယ်
နို့မပြတ်သေးတဲ့မျှော်လင့်ချက်ကလေးတွေတောင်
ငယ်သွားလဲကုန်ကြပြီပေါ့၊
တရွက်ကြွေလို့လည်းတရာမဝေခဲ့ပါဘူး၊
ကိုယ့်ခဲတံကိုယ်ချွန်ရေးတဲ့ကြားက
လူ့ဘဝကို
ပါးစပ်ဖျားလေးတင် *အစဖော်ဖို့မေ့နေမိတယ်၊

*ကဗျာတပုဒ်တွင်ဆရာအောင်ချိမ့်သုံးစွဲဖူးပါသည်၊ 
-
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar