နန္ဒအောင် - မိုးချင်းတူရင် ဖတ်ကြည့်ကြစို့
မိုးချင်းတူရင် ဖတ်ကြည့်ကြစို့
နန္ဒအောင်
(မိုးမခ) ဇွန် ၈၊ ၂၀၂၆
မနက်ခင်းအစ မိုးကကောင်းကောင်းနဲ့ ဖုန်းထဲကနေ ‘ မိုး မိုး မိုးလား မောင်တို့ ’ ဆိုတဲ့ သံချပ်သီချင်းလေး ကြားနေရတယ်။ ရာသီဥတုကလည်း မိုးလေးတွေ တဖွဲဖွဲနဲ့ ရွာလို့ ကောင်းနေတုန်း။ ရာသီကလည်း မိုးဦးကျ မိုးရာသီ၊ ကျောင်းတွေ စဖွင့်ခါစ ဇွန်လရဲ့ အစထဲကို ရောက်နေပြီ။
မိုး မိုး မိုးလား မောင်တို့ ကြားနေရချိန်၊ မိုးကလည်း ရွာလို့ကောင်းနေတုန်း မလှမ်းမကမ်းက စားပွဲပေါ်မှာ တွေ့နေရတာက ‘ မိုးဂျာနယ် ’ ပါ။ မြင်မြင်သမျှ ပတ်ဝန်းကျင်ကလည်း ‘ မိုး ’ နဲ့ ပတ်သက်တာတွေ ချည်းပါပဲလား။
စားပွဲပေါ်က ‘ မိုး ’ ဂျာနယ်က တိတိကျကျ ပြောရရင် အမှတ် ( ၁၅ ) ၊ ဧပြီ ၂၀၀၈ ထုတ် ဂျာနယ်ပါ။ ဂျာနယ်အဖုံးကတော့ အမျိုးသမီးပျို ပုံလေးပါ။
နာမည်ကျော် ဆရာကြီး ဦးခင်မောင်ရင်ရဲ့ လက်ရာပေါ့။ ၂၀၀၈ ခုနှစ်ထုတ် ဆိုတော့ ကျွန်တော့်ရဲ့ အတွေးတွေက တန်းတန်းမတ်မတ်ကို နောက်ပြန်လှည့်သွားပါတယ်။ ဆရာကြီး ဦးအောင်မွန်က ဆရာတော် ရွှေကိုင်းသားက မိန့်တာကို ပြန်မျှဝေဖူးတယ်။
“ သမိုင်းဆိုတာ နောက်ပြန်သွားလို့တော့
မရပေမယ့် နောက်ပြန်လှည့်ကြည့်လို့တော့ ရတယ် ” ဆိုတဲ့ စကားလေးပါ။
ကျွန်တော်လည်း ဆရာတော် ရွှေကိုင်းသားရဲ့ အဆိုအမိန့်လေးကို သဘောကျ နှစ်သက်မိပါတယ်။ ဆရာတော်ရဲ့ အဆိုအမိန့်လေးအတိုင်း ကျွန်တော့်ရဲ့ အတွေးတွေက ကျွန်တော့် သမိုင်းပုံရိပ်တချို့ကို ပြန်လှည့်ကြည့်မိနေပါတယ်။
၂၀၀၈ ခုနှစ် ဆိုတာ ကျွန်တော် ဆယ်တန်းစာမေးပွဲဖြေပြီးကာစ။ ၂၀၀၈ ဧပြီလဆိုတော့ ကျွန်တော် သင်္ကြန်အပြီး ကိုရင်ဝတ်တဲ့ အချိန်ကာလပေါ့။ ကျွန်တော် ဆယ်တန်း စာမေးပွဲဖြေပြီးကာစ အားလပ်တဲ့ နွေရာသီ။ ၂၀၀၈ မေ ၂ ရက်ဆိုတာ မြန်မာနိုင်ငံကြီးကို နာဂစ်မုန်တိုင်း တိုက်တဲ့ အချိန်ကာလတွေပေါ့။ ပြန်ပြောင်းတွေးရင် ၂၀၀၈ ခုနှစ်မှာ ပြန်ပြောပြစရာ အမှတ်တရတွေ အများကြီးပေါ့။
မိုးဂျာနယ်လို့ ဆိုလိုက်ရင် လူထုဒေါ်အမာရဲ့ “ သခင်အောင်ဖေရေ ” လို့ အစချီ ရေးသားထားတာလေးကို ဖတ်ခဲ့ရတာတွေကို သတိရစေပါတယ်။ သခင်အောင်ဖေက မိုးဂျာနယ်တိုက်ပိုင်ရှင်ပါ။ လူထုဒေါ်အမာက မိုးဂျာနယ်မှာ မိတ်ဆွေတစ်ယောက်ဆီ ပေးစာပုံစံမျိုးနဲ့ “ သခင်အောင်ဖေရေ ” လို့ အစချီရေးလေ့ရှိတယ်။ သခင်အောင်ဖေ ကွယ်လွန်သွားတော့ မိုးဂျာနယ် ထုတ်ဝေရေးကို သခင်လှကွန်းက တာဝန်ယူပြီး ထုတ်ဝေပါတယ်။ သခင်လှကွန်း တာဝန်ယူတော့ လူထုဒေါ်အမာက “ သခင်လှကွန်းရေ ” လို့ ခေါင်းစဉ်တပ် ရေးပါတယ်။
တကယ်တော့ မိုးဂျာနယ်ဆိုတာ ဂျာနယ်လို့ နာမည်ပေးထားပေမဲ့ မဂ္ဂဇင်း အမျိုးအစား စာစောင်ပုံစံပါလို့ ကျွန်တော်ကတော့ ကောက်ချက်ချပါတယ်။ ။ ခုတော့ ၂၀၀၈ ဧပြီလထုတ် မိုးဂျာနယ်အကြောင်း ပြောကြစို့။ မိုးဂျာနယ်က ဆရာကြီး ဦးခင်မောင်ရင် ဖန်တီးထားတဲ့ အမျိုးသမီးပျိုလေးရဲ့ ပုံလေးနဲ့ မျက်နှာဖုံးမှာ တင့်တယ်လို့ နေပါတယ်။
ဧပြီ ၂၀၀၈ ခုနှစ်ထုတ် မိုးဂျာနယ် အမှတ် ( ၁၅ ) စာအုပ်ရဲ့ ‘ မာတိကာ ’ ကို လှန်ကြည့်လိုက်တော့ သုတ၊ ရသ ကဏ္ဍပေါင်းစုံကို တွေ့ရပါတယ်။
၂၀၀၈ ဧပြီလထုတ် မိုးဂျာနယ်ရဲ့ အခန်းကဏ္ဍတွေကတော့ “ အယ်ဒီတာစကား၊ ကဗျာ၊ ကာတွန်း၊ ပေးစာ / ပြန်စာကဏ္ဍ၊ စာပေအနုပညာ၊ စာအုပ်၊ ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်း၊ စာအုပ်ကဏ္ဍ၊ ဆောင်းပါး၊ ပညာရေး၊ အတ္ထုပ္ပတ္တိ၊ ရသစာတမ်း၊ ဟာသစာမျက်နှာ၊ ဘာသာပြန်၊ ဝတ္ထုတို ” လို့ တွေ့ရပါတယ်။
မိုးဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာက
“ ယမုံ ” ပါ။ ၂၀၀၈ ခုနှစ်ဆိုတော့ ဂျာနယ်ရဲ့ တန်ဖိုးက ( ၁၃၀၀ ) ကျပ်တည်းပါ။ စောင်ရေ ( ၁၀၀၀ ) လို့ သိရပါတယ်။ ဧပြီလထုတ်ဆိုတော့ မိုးဂျာနယ်ရဲ့ အယ်ဒီတာစကား ကဏ္ဍမှာ သင်္ကြန်ရနံ့နဲ့ ပိတောက်ပန်းတွေ ဝေဆာလို့နေပါတယ်။ မိုးဂျာနယ် အယ်ဒီတာစကားမှာ ‘ အဟောင်းမှ အသစ်သို့ ကူးပြောင်းချိန် ကာလတစ်ခုဟု ဆိုရမည်ထင်သည်။ ပြောင်းလဲသွားသော အသစ်သည် ကုန်လွန်ခဲ့သော အဟောင်းထက် အစစအရာရာ သာလွန်ကောင်းမွန်ရန် လိုအပ်ပါသည်။ သို့မှသာ ကူးပြောင်းခြင်း၏ အဓိပ္ပာယ် ပြည့်ဝပေလိမ့်မည် ’ ( စာမျက်နှာ - ၅ ) လို့ ဖော်ပြထားပါတယ်။
ကဗျာတွေ ဖတ်ကြည့်တော့ ‘ မြင့်ဦးဦးမြင့် ’ ဆိုတဲ့ ကလောင်နာမည်နဲ့ “ အရက်ဆိုင် ( ၆ ) ” ရယ်လို့ နာမည်ပေးထားတဲ့ ကဗျာလေးကို ဖတ်ကြည့်မိပါတယ်။
“ ငွေနဲ့လုပ်တဲ့ ပျော်ရွှင်မှုမှာ
အားလုံးကောင်းပါသည်ခင်ဗျား ... ပေါ့ ” လို့ အဆုံးသတ်ထားတဲ့ မြင့်ဦးဦးမြင့်ရဲ့ ကဗျာအဆုံးသတ်လေးက ကောင်းတော့ ကောင်းတယ် တမျိုးလေးပဲ။ ကဗျာကဏ္ဍမှာပဲ ‘ ချစ်တိုးနွယ် ’ ရဲ့ ကဗျာခေါင်းစဉ်က ကဗျာဆရာပီပီ ‘ ဇာတ်ပို့ ’ လို့ ခေါင်းစဉ်မပေးဘဲ ‘ ဇာတ်လိုက်ရဲ့ သူငယ်ချင်း ’ တဲ့။ ကဲ၊ ကောင်းရောဗျာ ကဗျာဆရာတွေ ကဗျာဆန်လိုက်ပုံများ။
မဂ္ဂဇင်း၊ ဂျာနယ် စာစောင်တွေမှာ တချို့က ကာတွန်းကို အရင်ဖတ်လေ့ရှိတယ်။ ၂၀၀၈ ဧပြီလထုတ် မိုးဂျာနယ်ရဲ့ ကာတွန်းမှာ အခုလက်ရှိအချိန်ထိ ကာတွန်းတွေ ရေးဆွဲနေတဲ့ ကာတွန်းရွှေမင်းသားရဲ့ ကာတွန်းကို တွေ့ရပါတယ်။
“ အရက်ကြိုက်လို့
သောက်တယ်ထင်မနေနဲ့
ဆေးလိပ်ဖြတ်လိုက်လို့
သောက်နေရတာ ” ဆိုတဲ့ ကာတွန်း ရွှေမင်းသားရဲ့
ကာတွန်းသရုပ်ဖော်ပုံလေးကို ဖတ်ရတော့ ပြုံးမိပါတယ်။
စိုးစံဝင်းရဲ့ ကာတွန်းကတော့ ‘ ကမ္ဘာကြီး ပူလာပြီ၊ အိုဇုန်းလွှာ ပေါက်သွားပြီ၊ ငလျင်တွေ လှုပ်ဦးမယ်တဲ့ ... ’ အရာရာ တွေးပူနေတဲ့ ငနဲကို ဈေးသည် အဒေါ်ကြီးက ‘ အလုပ်မလုပ်ပဲ ကြောင်တောင်တောင်နဲ့ အဲဒါတွေ မသေပဲ ငတ်သေမယ် ’ လို့ သရုပ်ဖော် ရေးဆွဲထားတာ ဖတ်ရပါတယ်။ စိုးစံဝင်းရဲ့ ကာတွန်းကတော့ ရယ်လည်းရယ်ရ၊ ပညာလည်းရပါတယ်။
ကဗျာရယ်၊ ကာတွန်းရယ်ပြီးတော့ ပေးစာ / ပြန်စာကဏ္ဍကို တွေ့ရပါတယ်။ အနယ်နယ်အရပ်ရပ်က မိုးဂျာနယ် ပရိသတ်တွေက မိုးဂျာနယ် ‘ အယ်ဒီတာသို့ ... ’ ဆိုတဲ့ ပေးစာတွေကို အယ်ဒီတာကလည်း မိုးဂျာနယ်ရဲ့ စာမျက်နှာတွေကနေ တဆင့် ပြန်စာတွေ ပြန်ရေးထားတာကို တွေ့ရပါတယ်။ မိုးဂျာနယ်ရဲ့ ပေးစာ / ပြန်စာကဏ္ဍကို ဖတ်ရတော့ ရေစကြို စာချနည်းနဲ့ မန္တလေး စာချနည်းကို သွားပြီး သတိရမိတယ်။ မိုးဂျာနယ် အယ်ဒီတာရဲ့ ပုံစံက မန္တလေးစာချနည်း ပုံစံမျိုးလို့ ပြောချင်ပါတယ်။
ရေစကြို စာချနည်းက အနက်ပေးစုံတယ်။ တခြားအပိုတွေ မပြောတော့ဘူး။ သင်ရိုးအပေါက်မြန်တယ်။ မန္တလေး စာချနည်းကတော့ စာချပုဂ္ဂိုလ်က အဓိပ္ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ပြောနိုင်အောင်၊ အင်မတန် အားထုတ်ပြီးမှ စာချတယ်။ မန္တလေးနည်းက ရှည်တယ်၊ ကြာတယ်။ စာသင်သား တတ်တာ မတတ်တာ အသာထား၊ စာချပုဂ္ဂိုလ်က စာဖတ်များပြီး အရမ်းတော်သွားတယ်။ မိုးဂျာနယ်ရဲ့ အယ်ဒီတာလည်း စာဖတ်ပရိသတ်တွေရဲ့ ပေးစာတွေကို ပြန်စာတွေ ရေးသားနိုင်ဖို့ စာတွေဖတ်ရမယ်။ စာတွေ ဖတ်မှလည်း ပြန်စာတွေ ရေးနိုင်မှာလေ။ ဒါကြောင့်မလို့ ကျွန်တော်က မိုးဂျာနယ်ရဲ့ အယ်ဒီတာ ပုံစံက မန္တလေးစာချနည်းပုံစံမျိုးနဲ့ ခပ်ဆင်ဆင်လို့ ကောက်ချက်ချတာပါ။
၂၀၀၈ ဧပြီလထုတ် မိုးဂျာနယ် အမှတ် ( ၁၅ ) မှာ ဆရာ ဒဂုန်တာရာရဲ့ “ ဂီတကို တွေ့ရှိခြင်း ” ဆောင်းပါးကို ဖတ်ရပါတယ်။ ဆရာ ဒဂုန်တာရာက သူ့ထုံးစံအတိုင်း သူ့ကို တံဆိပ်ကပ်ထားတာကို ပြန်ဖြေရှင်းပြထားတာ တွေ့ရပါတယ်။ စန္ဒယားဆရာ ကိုသိန်းမောင်က ဆရာ ဒဂုန်တာရာဟာ ဂီတနဲ့ ပတ်သက်ရင် ‘ အမျိးသားဝါဒီ ’ ပါလို့ တံဆိပ်ကပ် သတ်မှတ်ထားပါတယ်။ ဆရာ ဒဂုန်တာရာက
‘ ကျွန်တော် တစ်ခါမျှ မစဉ်းစားဘူးသော အယူအဆ ’ လို့ ပြန်ဖြေရှင်းထားပါတယ်။
ဆရာ ဒဂုန်တာရာက “ ကျွန်တော့် အိပ်ရာဘေးတွင် ရေဒီယိုတစ်လုံးတော့ ရှိစမြဲ။ ညဘက်သန်းခေါင်ကျော် သို့မဟုတ် မိုးလင်းခါနီးတွင် ရေဒီယို ခလုတ်ကို နှိပ်တတ်သည်။ ထိုအခါ ဒါကတော့ တရုတ်၊ ဒါကတော့ အရှေ့အလယ်ပိုင်း အာရပ်ဒေသ၊ ဒါကတော့ အိန္ဒိယ၊ ဒါကတော့ ဥရောပ အစရှိသဖြင့် နားထောင်ရုံဖြင့် သံစဉ်ကို နားထောင်ရုံဖြင့်ပင် သိနေသည်။ သူတို့သံစဉ်နှင့် သူတို့၊ ၎င်းတို့၏ အမျိုးသားသံစဉ်ကို စိတ်ဝင်စားခြင်းဖြစ်သည်။ စန္ဒယားကိုသိန်းမောင်ကိုတွေ့တိုင်း ဂီတနဲ့ ပတ်သက်သော ဆောင်းပါးအကြောင်းကို ရေးရန် ပြောဖြစ်သည် ” ( စာမျက်နှာ - ၂၁ ) လို့ ရေးသားဖွဲ့နွဲ့ထားပါတယ်။
ဆရာ ဒဂုန်တာရာက ‘ ကျွန်တော် အမျိုးသားသံစဉ်ကို စိတ်ဝင်စားသည်မှာ ရေဒီယို နားထောင်ရင်း ဂီတသံများ မတူသည်ကို နားထောင်ရာမှ စဉ်းစားမိသော ကိစ္စရပ်ဖြစ်သည်။ ဂီတပညာရှင်များသည် ကြိုးစား၍ မြန်မာ့ဂီတရေးရာ ဆောင်းပါးများ ရေးလျှင် ကောင်းမည်ဟု မျှော်လင့်မိပေသည် ’ လို့ နိဂုံးချုပ် ရေးသားထားတယ်။
၂၀၀၈ ဧပြီလထုတ် မိုးဂျာနယ် အမှတ် ( ၁၅ ) ထဲမှာ ဆရာ မောင်အောင်ပွင့်ရဲ့ ဆောင်းပါးလည်း ပါတယ်။ ဆောင်းပါး နာမည်က ‘ သမီးစဉ်းစားတွေးခေါ်နိုင်တဲ့ အလေ့အထမြင့်မားသထက် မြင့်မားဖို့ ’ တဲ့။ တကယ်တော့ ... ဆရာမောင်အောင်ပွင့်ဟာ ငြိမ်းချမ်းရေး ကဗျာဆရာလို့ လူသိများပါတယ်။ တနည်း ရသစာရေးဆရာရယ်လို့လည်း ကျော်ကြားပါတယ်။ ဆရာ မောင်အောင်ပွင့်ရဲ့ ဆောင်းပါးကို ဖတ်ကြည့်မိတော့ ဆရာနဲ့ ဆရာ့သမီးအကြောင်းတွေကို ရသဆန်ဆန် ဖွဲ့နွဲ့ထားတော့ အတော်ဖတ်လို့ကောင်းပါတယ်။ ဆရာမောင်အောင်ပွင့် လက်ရာဆိုတဲ့အတိုင်း စာဖတ်သူကို ရသခံစားမှုပေးနိုင်ခဲ့တယ်။
မိုးဂျာနယ် အမှတ် ( ၁၅ ) ထဲမှာပဲ ဆရာ မောင်မောင်လှမြင့်ရဲ့ ‘ စောရတောဝါမကင်းရှာသည့် ဆရာကြီးသုံးဦး ’ ဆောင်းပါးကို ဖတ်ရပါတယ်။ ဆရာ မောင်မောင်လှမြင့်ကတော့ “ စောရတောဝါဆိုသည်မှာ လူဆိုးဓားပြတို့၏ ဘေးဖြစ်ကြောင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သိကြပြီး ဖြစ်ပါသည်။ လူဆိုးဓားပြတို့၏ နှိပ်စက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းခံရသူအား စောရတောဝါသင့်သည်ဟု ဆိုပါသည် ” လို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။
ဆရာ မောင်မောင်လှမြင့်က လူဆိုးဓားပြတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ပုပ္ပားဦးကျော်ရင် ( လယ်တီဦးကောဝိဒ ) ၊ သိပ္ပံမောင်ဝ၊ အမျိုးသား ပညာဝန် ဦးဖိုးကျားတို့အကြောင်းတွေကို ရေးသားထားပါတယ်။ ဒီဆောင်းပါးအကြောင်း ပြောရတာက ကျွန်တော်လည်း “ လူဆိုးဓားပြတွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ စာပေပညာရှင်များ ” ဆိုပြီးရေးဖူးတော့ တိုက်ဆိုင်နေလို့ပါပဲ။ ကျွန်တော် ရေးဖြစ်တဲ့ စာပေပညာရှင်တွေကတော့ မြန်မာ့အလင်းက ဦးသင်၊ ပုပ္ပားဦးကျော်ရင် ( လယ်တီဦးကောဝိဒ ) ၊ သိပ္ပံမောင်ဝ၊ ဆရာတော် ရွှေကိုင်းသားတို့ပါ။ ဆရာ မောင်မောင်လှမြင့်က သတ်ဖြတ်ခြင်း ခံရတဲ့အကြောင်းအရာကို ရေးပြီး၊ ကျွန်တော်က တိုက်ခိုက်ခံရတဲ့ အကြောင်းအရာကိုသာ ရေးဖြစ်တာပါ။
မိုးဂျာနယ် အမှတ် ( ၁၅ ) ထဲက စာအုပ်ကဏ္ဍမှာ ‘ ရီနေနိုင် ’ က မောင်ဝံသလက်ရာ ‘ ဝိုင်း ’ ဖတ်ဖို့စာဆိုပြီး “ ဝေါမြို့က မိဝိုင်းသို့ ” စာအုပ်ကို အညွှန်းရေးသားထားပါတယ်။ ဆရာ မောင်ဝံသရဲ့ “ ဝေါမြို့က မိဝိုင်းသို့ ” စာအုပ်ထဲမှာ သိစရာ၊ မှတ်စရာလေးတွေ ပါ,ပါတယ်။ ‘ ဆရာ မောင်ဝံသက စာရေးခြင်းကနေ နားခွင့်ရပြီး ပြန်ရေးတဲ့အခါမှာ လျှောကနဲ့ လျှောကနဲ ရေးထွက်လို့ နားနိုင်ဖို့ စီစဉ်ပေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ရေးသားထားတာတွေ ပါတယ် ’ လို့ ရီနေနိုင်က စာဖတ်ညွှန်းရေးသားထားပါတယ်။ ရီနေနိုင်က “ ဝိုင်းဖတ်ဖို့စာသည် ဝိုင်းတစ်ယောက်တည်းမဟုတ်၊ ကျွန်တော်တို့ရော၊ ခင်ဗျားတို့ရော၊ သူတို့ရော၊ မျိုးဆက်သစ် သားတို့သမီးတို့ရော၊ မျိုးဆက်ဟောင်း ‘ ကြီးကြီး ဘဘ ’ တို့ရော၊ ‘ ဝိုင်း ’ ဖတ်ရမည့်စာ ဖြစ်ပါသည် ” လို့ စာဖတ်မိတ်ဆွေတွေကို စာဖတ်ညွှန်း ရေးသားထားပါတယ်။
မိုးဂျာနယ် အမှတ် ( ၁၅ ) မှာ ဆရာ မောင်သာချိုရဲ့ ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများကို ဖတ်ရပါတယ်။ ဆရာ မောင်သာချို ခဲခြစ်တဲ့ ကောက်ကြောင်းက တခြားသူတော့ မဟုတ်ဘူး
“ လူကြိုက်နည်းတဲ့ ကဗျာဆရာ ( သို့မဟုတ် ) မောင်ချောနွယ် ” ဆိုတဲ့ ဆရာ မောင်ချောနွယ်ပဲ။ ဆရာ မောင်ချောနွယ်ရဲ့ အတွေးအခေါ်တွေ
ကလည်း ခပ်ဆန်းဆန်း မောင်သာချိုရဲ့ အရေးအသားကလည်း ခပ်ကောင်းကောင်းဆိုတော့ စာဖတ်သူတွေအတွက် ဖတ်ရတာလည်း ခပ်မိုက်မိုက်ပေါ့ဗျာ။
ဆရာ မောင်သာချိုရဲ့ ခဲခြစ်ကောက်ကြောင်းထဲကဆရာမောင်ချောနွယ်ရဲ့ အတွေးအခေါ်တချို့ကို ကူးယူဖော်ပြပါ့မယ်။
‘ ပထမ ဘာသာရေးက ဗုဒ္ဓ၊ ဒုတိယ ဘာသာရေးက ကဗျာဟု ဖွင့်ပြောခဲ့သည်အထိ ကဗျာပေါ်၌ ရူးမူးတပ်မက်သူ ကိုချောနွယ်က ကမ္ဘာပေါ်မှာ ကဗျာကလွဲပြီး ဘာကိုမှ ဂရုမစိုက်သူ အမှန်ဖြစ်ပါသည်။ ကဗျာရေးဖွဲ့သော အလုပ်ကလွဲပြီး ဘာကိုမှ သူမလုပ်။ ပြီးတော့ ခရီးသွားဟန်လွှဲ ကဗျာရေးသူ၊ ကဗျာလောက အပြင်ဘက်က စိုက်ခင်းတွေထဲမှာ ထွန်ယက်စိုက်ပျိုးသူတွေကိုလည်း ကိုချောနွယ်က အထင်သေးနေပုံရပါသည် ’ ( စာမျက်နှာ - ၆၈ )
ဆရာ မောင်ချောနွယ်က မောင်သာချိုကို ‘ မင်း ခွေးတိုးပေါက်က ဝင်ဖူးလား၊ မောင်ချောနွယ် ငတ်တယ် ... တကယ်ငတ်တယ်ကွာ ဒါပေမယ့် ခွေးတိုးပေါက်က ဘယ်တော့မှ မဝင်ဘူး မရှိရင် တောင်းသုံးမယ် ’ ဆိုပြီး ၂၇ လမ်းထဲက လက်ဖက်ရည်ဆိုင်ထဲမှာ ပြဇာတ်ဆန်ဆန် စကားဝိုင်းကို သိမ်းတယ်။ ပြီးတော့ “ မောင်သာချို ... မင်းကိုယ့်ကို ငွေ ၂၀၀ လောက် ပေးခဲ့ကွာ ” ဆိုပြီး ဟာသဖောက်လို့ ဝေါခနဲ့ ပွဲကျတဲ့အကြောင်းတွေ ဖတ်ရတယ်။
ဆရာ မောင်သာချိုက ‘ တစ်ခုခုကို စားပြီးတိုင်း ပန်းကန်ကို ဆောင့်၍ ဆောင့်၍ ချကာ “ မသေတော့ဘူးကွ ” ဟု ပြောတတ်သော အကို မောင်ချောနွယ် မရှိတော့ပါပြီ။ခက်ထန်ကြမ်းတမ်းလှသော ကဗျာကန္တာရက သူ့ကို အလဲထိုးချလိုက်ပုံရပါပေသည် ’ ( စာမျက်နှာ - ၇၀ ) လို့ ဆောင်းပါးအဆုံးသတ်မှာ ကောက်ကြောင်းဆွဲထားတယ်။
မိုးဂျာနယ် အမှတ် ( ၁၅ ) ရဲ့ ဆောင်းပါးကဏ္ဍမှာ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးတွေ ဖတ်ရပါတယ်။ ဆရာမ ခင်နှင်းဦးရဲ့ “ စာဖတ်ခြင်းဟူသည့် ရင်းနှီးမြှုပ်နှံမှု ” ဆိုတဲ့ ဆောင်းပါးနဲ့ ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) ရဲ့ “ ဘဝစာမှူး ပန်းချီရိပ်နှင့် လူသားစာကြည့်တိုက် ” ဆိုတဲ့ ဆောင်းပါးတွေပါ။
ဆရာမ ခင်နှင်းဦးက “ ရှေးခေတ်က အကြောင်းအရာများကို စာပေမှတ်တမ်းများမှ တစ်ဆင့် နောင်လာနောက်သားတို့က လေ့လာသိရှိခွင့်ရခြင်းမှာ ‘ ကာလ ’ ကို ကျော်လွှားနိုင်ခြင်းဖြစ်ပြီး ပုံနှိပ်ဖြန့်ချိလိုက်သည့် စာအုပ်များအား ကမ္ဘာနေရာအနှံ့အပြားတွင် တစ်ပြိုင်နက် ဖတ်ရှုနိုင်ခြင်းသည် ‘ ဒေသ ’ ကို ကျော်လွှားနိုင်ခြင်း ဖြစ်ပါသည် ” ( စာမျက်နှာ - ၈၅ ) လို့ ရေးသားထားတယ်။
ဆရာမ ခင်နှင်းဦး ဆောင်းပါးထဲမှာ ၁၉၇၂ ခုနှစ်ကို နိုင်ငံတကာစာအုပ်နှစ်အဖြစ် စသတ်မှတ်တဲ့ အကြောင်းအရာလည်း ဖတ်ရတယ်။ ဆရာမ ခင်နှင်းဦးက ‘ ရသစာပေ အဆင့်အတန်းသည် သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ပြနေခြင်းဖြစ်ပါသည်။ ရသစာပေ အဆင့်အတန်း နိမ့်ကျနေသော လူမျိုးအား မည်သည့်နိုင်ငံကမျှ ယဉ်ကျေးမှု အဆင့် အတန်း တိုးတက်မြင့်မားသည့်လူမျိုးအဖြစ် လက်ခံကြမည်မဟုတ်ပေ ’ ( စာမျက်နှာ - ၈၆ ) လို့ ရေးသားထားတယ်။
ဆရာမ ခင်နှင်းဦးက ဒီဆောင်းပါး ရေးဖြစ်ပုံကို
“ အရင်တုန်းက အမျိုးသားစာကြည့်တိုက် တစ်နှစ်သင်တန်းမှာ လာတက်သူတွေထဲ စာသင်ရတုန်းက စာမဖတ်သူတွေပါပါလာလို့ ရေးမိတဲ့ ဆောင်းပါး ” လို့ ပြန်ပြောပြပါတယ်။ ဆရာမ ခင်နှင်းဦးက ...
“ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ” ရဲ့ အယ်ဒီတာအဖွဲ့ဝင် တစ်ယောက်ပါ။ သုတ၊ ရသ အစုံရေးနိုင်သူဖြစ်ပြီး “ ရှုမဝ ” မှာလည်း ရသစာပေတွေ ရေးခဲ့ပါတယ်။ ဆရာမ ခင်နှင်းဦးနဲ့ ကျွန်တော်ရဲ့ ထိစပ်မှုက အယ်ဒီတာနဲ့ စာရေးသူ ထိစပ်မှုပါပဲ။ ကျွန်တော်က “ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ” ရဲ့ သတင်းလွှာ အမှတ် ( ၄၂ ) နဲ့ ( ၄၃ ) မှာ စာရေးသူအဖြစ် ဆောင်းပါးပို့ပါတယ်။ ဆရာမ ခင်နှင်းဦးက အယ်ဒီတာဖြစ်တော့ အယ်ဒီတာ ထုံးစံအတိုင်း တည်းဖြတ်ပြီး သတင်းလွှာမှာ ဖော်ပြသင့်တယ်လို့ ယူဆရင် ဖော်ပြပေးပါတယ်။
ဆရာမ ခင်နှင်းဦး ဆောင်းပါးပြီးတော့ ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) ရဲ့ “ ဘဝစာမှူးပန်းချီရိပ်နှင့် လူသားစာကြည့်တိုက် ” ဆောင်းပါးကို ဖတ်ရပါတယ်။ ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) က စာကြည့်တိုက်ပညာ အပတ်စဉ် ( ၃ ) သင်တန်းဆင်းပါ။ သင်တန်း တစ်လပြည့်တဲ့နေ့မှာ ဆရာဦးသော်ကောင်းက ‘ စီးပွားရေး တက္ကသိုလ် စာကြည့်တိုက်မှာ နေ့စားအလုပ်,လုပ်ဖို့ တိုက်တွန်းရာကနေ စီးပွားရေး တက္ကသိုလ် စာကြည့်တိုက်မှာ အလုပ်,လုပ်ဖြစ်သွားတာပါ။ ’
ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) ရဲ့ ဆောင်းပါးကလည်း စာကြည့်တိုက် ပညာရပ်ဆိုင်ရာ ဆောင်းပါးပါပဲ။ ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) က ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက စာကြည့်တိုက်လေးအကြောင်းကို အခုလို ရေးထားပါတယ်။
“ စာကြည့်တိုက်ဆိုတာက သူ့ရဲ့ အသည်းနှလုံးလို့ ဆိုလို့ရတဲ့ စာအုပ်တွေအပေါ် မူတည်သည်။ အသည်းနှလုံးတွေကို အကုန်လုံးထုတ်ယူခွင့်ပေးလိုက်ပါက စာကြည့်တိုက်လည်း သေဆုံးသွားပေမည်။ ကျွန်တော်သည် ဤအခြေအနေကို စိတ်ဝင်စားသဖြင့် ဆက်လက်လေ့လာကြည့်သောအခါ စာကြည့်တိုက်ကိုဝန်းရံထားသော ရပ်ကွက်လူထုက သူတို့စာကြည့်တိုက်ရဲ့ နှလုံးသား အသစ်တစ်စုံကို သူတို့လက်တွေနဲ့ ချက်ချင်း တပ်ဆင်ပေးဖို့ အမြဲအဆင်သင့်ဖြစ်နေကြတဲ့သူတွေလို့ နားလည်လိုက်ရတော့သည်။ မိမိရပ်ကွက်ကလူတွေ စာဖတ်ဖို့၊ မည်သူမဆို စာဖတ်ဖို့၊ လူတိုင်းက အနစ်နာခံကာ လည်ပတ်ဆောင်ရွက်ပေးမယ်ဆိုတဲ့ နည်းလမ်းတွေထဲက ဒါဟာနည်းတစ်နည်းဖြစ်သည်ဟု ဆိုရမည် ဖြစ်လေတော့သည်။ ” ( စာမျက်နှာ - ၈၉ )
ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) ဆောင်းပါးထဲမှာပဲ စာကြည့်တိုက် စီမံကိန်းနဲ့ ပတ်သက်လို့ ခေတ်ရှေ့ပြေးတဲ့ အတွေးအမြင်တွေ ဖတ်ရပါတယ်။ ဆရာ့ ဆောင်းပါးထဲမှာ ‘ စာကြည့်တိုက်က အကောင်းဆုံး၊ ဆွဲဆောင်မှုအပေးနိုင်ဆုံး စာအုပ်တွေကို ဈေးထဲ သယ်သွားပြီး ဈေးသည်တွေကို အခမဲ့ ဖတ်ဖို့ ပေးမယ်၊ နောက် ၁၅ ရက်လောက်နေရင် စာအုပ်အသစ်လာလဲပေးမယ်၊ အလကားဖတ်ရကြောင်း ရပ်ကွက်ထဲလည်း ပြောပေးပါလို့ တောင်းဆိုမယ်၊ စာအုပ်တွေ ပြန်မရနိုင်တာတွေလည်း ရှိမယ် ’ ဆိုတဲ့ စာကြည့်တိုက် စီမံကိန်းနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေ ဖတ်ရပါတယ်။ ဒီအတွေးအမြင်တွေကို ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) က ရထားပေါ်မှာ စာကြည့်တိုက် ပညာဌာနက ဆရာလေးက ပြောပြတာလို့ ဆိုပါတယ်။
အခုခေတ်မှာ ရွေ့လျားစာကြည့်တိုက်တို့၊ ရပ်ကွက်ထဲကို လာ,လာငှားပေးတဲ့ စာကြည့်တိုက်တွေ ပေါ်ပေါက်လာပါပြီ။ ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) ရဲ့ ဆောင်းပါးက ၂၀၀၈ ခုနှစ်တုန်းကပါ။ ဒါကြောင့်မလို့ ဆရာ နိုင်မြင့် ( လူထုစာကြည့်တိုက် ) နဲ့ စာကြည့်တိုက် ပညာရပ်ဌာနက ဆရာလေးတို့ရဲ့ စာကြည့်တိုက် စီမံကိန်း အတွေးအမြင်က ခေတ်ရှေ့ပြေးတယ်လို့ ကျွန်တော်က မှတ်ချက်ပြုထားတာပါ။
မိုးဂျာနယ် အမှတ် ( ၁၅ ) မှာ ကိုဘုန်းသက်ပိုင်ရဲ့ ‘Faith upon the earth ’ ကို ‘ မြေကမ္ဘာကို ယုံ ကြည်ခြင်း ’ လို့ ဘာသာပြန်ထားတဲ့ ဆောင်းပါးလေးကို ဖတ်ရပါတယ်။ သက်ဝင်ယုံကြည်မှုကို အခြေခံတဲ့ ဘာသာရေးအုပ်စုတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီတွေဟာ လိုလားမှုမရှိကြပေမဲ့ မကြာခဏ ဘက်တစ်ဘက်တည်းမှာ ရှိနေကြတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရပါတယ်။ ကိုဘုန်းသက်ပိုင်ရဲ့ ဆောင်းပါးကို ဖတ်မိတော့မှ ဆရာမောင်ချောနွယ်ရဲ့ “ ကျနော်တို့ လမ်းချင်းတူရင် လူချင်းတွေ့မှာပါ ” ဆိုတဲ့ စာသားလေးကို သွားသတိရမိတယ်။
လောလောဆယ်တော့ ... ကျွန်တော်လည်း မိုး မိုး မိုး လား မောင်တို့ ကြားရချိန် မိုးရာသီ မိုးလေးကလည်း ရွာ၊ မိုးရေစက်တွေ တပေါက်ပေါက် နဲ့ မိုးဂျာနယ်ကိုဖတ်ရင်း “ မိုးဂျာနယ် ” အကြောင်းကို ရေးမိပြန်ရော။ မိုး မိုး မိုးလား မောင်တို့ ၊ ကျွန်တော်ကတော့ “ မိုး ” ချင်းတူလို့ မိုးဂျာနယ်အကြောင်းတွေ ရွာသွန်း ရေးသားလိုက်ပြီဗျာ။
နန္ဒအောင်
၇. ၆. ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
