Breaking News

လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း ဆုံးရှုံးပျက်စီးမှုများနဲ့ မြန်မာနိုင်ငံအနာဂတ်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂ မြင်ကွင်း

(မိုးမခ) ဇွန် ၃ ၊ ၂၀၂၆


လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း ဆုံးရှုံးပျက်စီးမှုများနဲ့ မြန်မာနိုင်ငံအနာဂတ်

လွန်ခဲ့တဲ့ ၅ နှစ်တာကာလ အတွင်း ပျက်စီးဆုံးရှုံးမှုတွေ အနက် ထင်သာမြင်သာဆုံး ဖြစ်ရပ်နဲ့ အရေအတွက်တွေက လူတွေရဲ့ အသက်၊ ထိခိုက်ဒဏ်ရာရမှု၊ ခန္ဓာကိုယ်လက်အင်္ဂါဆုံးရှုံးမှုနဲ့ နေအိမ်မြို့ရွာတွေ ပျက်စီးဆုံးရှုံးတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

တော်လှန်ရေး အင်အားစုတွေဘက်က ထိခိုက်သေဆုံးမှု၊ နေအိမ်၊ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှုတွေကို သတင်းတွေ၊ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွေမှာ စောင့်ကြည့်ကာ ကိန်းဂဏန်းတွေ အဖြစ်နဲ့ မှတ်တမ်းတင်တာ၊ ထုတ်ပြန်တာတွေ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်နေကြသလို နှစ်ဖက် ထိခိုက်သေဆုံးမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်ထားကြတာတွေလည်း တွေ့မြင်ကြားသိရပါတယ်။ 

တဦးချင်း ဆုံးရှုံးမှု၊ မြို့ရွာ အလိုက်ဆုံးရှုံးပျက်စီးမှုတွေ၊ လူမျိုးအလိုက်၊ ဒေသအလိုက်ပျက်စီးဆုံးရှုံးမှုတွေ စသဖြင့် အမျိုးအစားခွဲခြားကာ ဆန်းစစ်မှတ်တမ်းတင် နေကြတဲ့ အနေအထားမျိုးလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ 

ဒီအဖြစ်အပျက်တွေ ထိခိုက်ပျက်စီးမှုတွေက နေ့စဥ်သတင်းတွေ၊ လူမှုကွန်ရက်တွေမှာ မြင်တွေ့နေကြရတာကြောင့် အဲဒီ အကြောင်းအရာတွေထက် လူအများ သတိမမူမိကြတဲ့ ထိခိုက်ဆုံးရှုံးမှုတချို့ကို ဒီနေ့ မီးမောင်းထိုး တင်ပြချင်တာလည်း ဖြစ်ပါတယ်။ 

အဲဒီ ထိခိုက်ဆုံးရှုံးမှုတွေက ဘာတွေလဲလို့ဆိုရင် မြစ်တွေ အဆိပ်သင့် ပျက်စီးတာ၊ သစ်တောတွေ ထိခိုက်ပျက်စီးတာ၊ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးတဲ့ အဖြစ်တွေနဲ့ အနာဂတ် လူငယ်မျိုးဆက်တွေရဲ့ ပညာရေး ထိခိုက်ပျက်စီးတာတွေကို မီးမောင်းထိုး တင်ပြချင်တာလည်း ဖြစ်ပါတယ်။ 

မြစ်တွေ အဆိပ်သင့်ပျက်စီးနေတဲ့ အကြောင်းလို့ဆိုရင် သံလွင်မြစ် အဆိပ်သင့်တာနဲ့ ပတ်သက်လို့ ခုနှစ်ပိုင်းနဲ့ လပိုင်းတွေအတွင်း သတင်းအချို့မှာ တွေ့မြင်နေကြရပါတယ်။ သံလွင်မြစ်ရဲ့ အချို့နေရာမှာ ထိုင်းနိုင်ငံဘက်နဲ့ ဆက်စပ်ပြီး သံလွင်မြစ်ရဲ့ အဆိပ်သင့်မှုတွေက အိမ်နီးချင်းနိုင်ငံက နေထိုင်သူတွေ အပေါ်ပါ သက်ရောက်မှုတွေ ရှိနေပြီး သတင်းတွေထဲ အန္တရာယ် သတိပေးမှုတွေ တွေ့မြင်ကြရပေမယ့် မြန်မာနိုင်ငံဘက်မှာ ထိခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ အသေးစိတ် လေ့လာတာ သတိပေးတာတွေ နည်းပါးနေဆဲလည်း တွေ့ရပါတယ်။ 

စစ်ပွဲတွေရဲ့ လက်နက်တွေထိခိုက်မယ့် အန္တရာယ်က ထင်သာမြင်သာရှိတာ မှန်ပေမဲ့ အဆိပ်သင့်နေတဲ့ ရေ၊ ရေသတ္တဝါတွေကို ဖမ်းယူစားသောက်မှုတွေကနေ ရရှိလာတဲ့ ရောဂါတွေနဲ့ အသက်ဆုံးရှုံးနေကြရတဲ့ အဖြစ်ကိုတော့ သိပ်ပြီး အာရုံမစိုက်နိုင်ကြ မစိုက်မိကြတဲ့ အခြေအနေမျိုး တွေ့ကြရပါတယ်။ မြစ်ရေအဆိပ်သင့်ခြင်းဟာ သံလွင်မြစ် တခုတည်းမဟုတ်ဘဲ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်နဲ့ အဆိုပါမြစ်တွေထဲ စီးဝင်တဲ့ အချို့သောချောင်းတွေမှာလည်း ဖြစ်ပွားနေတာ တွေ့ရပါတယ်။ ဥရုချောင်းလို၊ ချင်းတွင်းမြစ်အထက်ပိုင်းက ရွှေမျောတွေကြောင့် ထိခိုက်ပျက်စီးမှုတွေကို လက်နက်ကိုင် ပဋိပက္ခသတင်းတွေက လွှမ်းမိုးသွားလေ့ရှိတာလည်း ဖြစ်ပါတယ်။ 

မြစ်တွေ အဆိပ်သင့်တာ၊ မြစ်ကြောင်းတွေ ပျက်စီးတာတွေက ရွှေတူးဖေါ်မှု၊ သတ္တုတူးဖေါ်မှုတွေကြောင့် ဖြစ်ပွားရတာ ဖြစ်ပြီး ဒီထိခိုက်ပျက်စီးမှုတွေကို အခုနေ ရပ်တန့်ခဲ့ရင်တောင် နကို အနေအထားပြန်ရောက်ဖို့ နှစ်ပေါင်းများစွာကြာမြင့်မှာဖြစ်သလို လတ်တလော အခုလို သယံဇာတ ထုတ်ယူမှုတွေကနေ ရရှိတဲ့ငွေကြေးတွေကိုလည်း ရပ်ရွာလူမှုအသိုင်းအဝိုင်း အကျိုးတွက် အသုံးပြုကြတာထက် လက်နက်ကိုင် တိုက်ပွဲတွေမှာ စစ်ပွဲစရိတ် အဖြစ်အသုံးပြုနေကြတဲ့ အနေအထားမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ 

အချို့ဒေသတွေမှာ ရွှေတူးဖော်တာကြောင့် မဟုတ်ဘဲ၊ မီးသွေးဖုတ်တာ၊ သစ်ထုတ်လုပ်တာတွေကြောင့် သစ်တောတွေ လျင်လျင်မြန်မြန် ပျက်စီးဆုံးရှုံးလာနေတာလည်း ကြားသိနေကြရပါတယ်။ ဒီအဖြစ်အပျက်တွေက ရှမ်းမြောက်မှာ၊ တနင်္သာရီတိုင်း ဒီရေတောပေါက်ရောက်တဲ့ ကျွန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး ဒီသစ်တောတွေကို ခုတ်ယူပြီး ထုတ်လုပ်တဲ့ မီးသွေးတွေက အိမ်နီးချင်းနိုင်ငံတွေ ဆီတင်ပို့နေနိုင်ကြတာ တွေ့ရပါတယ်။ 

သစ်တောပြုန်းတီးခြင်းကြောင့် ရာသီဥတုပူလာတာ၊ ရေထွက်တွေ ခန်းခြောက်လာတာတွေလည်း ချက်ခြင်းအကျိုးသက်ရောက်မှု ရှိလာနေတာတွေ့ကြရပါတယ်။ ရာသီဥတု ပူပြင်းလာတာ၊ မိုးရွာတာနဲ့ ချက်ခြင်း ရေကြီးတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို တွေ့မြင်ကြားသိနေကြရပေမယ့် ဒီဖြစ်ရပ်တွေဟာ အထက်မှာ ဖော်ပြတဲ့ နေ့စဥ် ဖြစ်ရပ်သတင်းတွေကို ကျော်ပြီး စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ကြတဲ့ အခြေအနေမျိုးလည်း ဖြစ်နေတာပါ။ 

သစ်တော ပြုန်းတီးမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ သဘာဝပတ်ဝန်းကျင် အဆိပ်သင့်မှုတွေက ထိခိုက်ပျက်စီးဖို့ နှစ်အနည်းငယ်သာ အချိန်လိုအပ်ပေမဲ့ ပြန်လည်ကုစားဖို့ ပြုပြင်ဖို့ဆိုရင် ဆယ်စုနှစ်နဲ့ချီ လုပ်ဆောင်ရမဲ့အရာ၊ အချို့သော ထိခိုက်ပျက်စီးမှုတွေက ပြန်လည်ပြုပြင်လို့ မရနိုင်တော့တဲ့ အရာတွေဖြစ်နေတာလည်း တွေ့ရပါတယ်။ 

ရွှေတွင်း၊ ရွှေဖောင်၊ မြေရှား၊ သစ် စတာတွေရဲ့ အကျိုးသက်ရောက်မှုတွေ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ လောလောဆယ်မှာ အင်တိုက်အားတိုက် နှိုးဆော် သတိပေးမှုတွေ မလုပ်ဆောင်နိုင်ကြတာလည်း ဝမ်းနည်းစွာတွေ့ကြရမှာ ဖြစ်ပါတယ်။ 

အခု ထိခိုက်ပျက်စီးမှုတွေရဲ့ ဆိုးကျိုးသက်ရောက်မှုကို နောင်မျိုးဆက်တွေသာမက လက်ရှိမျိုးဆက်တွေ အနေနဲ့ပါ လျင်လျင်မြန်မြန် ရင်ဆိုင်ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ 

လတ်တလော စစ်ပွဲအနိုင်ရရေးသာ အရေးကြီးတယ်လို့ ဆင်ခြေပေးကောင်းပေးနိုင်ပါတယ်။ စစ်ပွဲအနိုင်ရဖို့က ပထမ ကျန်တဲ့ ပြဿနာတွေက နောက်မှ ဖြေရှင်းလို့ ရတယ်လို့ ဆင်ခြေပေးကောင်းလည်း ပေးနိုင်ပါတယ်။ 

သို့ပေမဲ့ သဘာဝပတ်ဝန်းကျင် အဆိပ်သင့်မှု၊ ထိခိုက်ပျက်စီးမှုတွေဟာ ဖြစ်ပွားလာဖို့ အချိန် သိပ်မလိုပေမယ့် ပြုပြင်ကုစားဖို့ ဆယ်စုနှစ်ကနေ ဒီထက်ပိုတဲ့ အချိန်ကာလတွေ လိုအပ်မှာဖြစ်ပြီး ဒီရေမြေ၊ ဒီပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ သူအားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေလည်း ဖြစ်တာကို သတိပြုကြဖို့ အရေးတကြီး နှိုးဆော်လိုတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar