ဖလော်ဒါဟန် - ဆရာများ ချမ်းသာကြွယ်ဝလာသည်၊ ကျောင်းသားများ ပညာမွဲလာသည်
ဖလော်ဒါဟန် - ဆရာများ ချမ်းသာကြွယ်ဝလာသည်၊ ကျောင်းသားများ ပညာမွဲလာသည်
မိုးမခ ၊ ဇွန် ၃ ၊ ၂၀၂၆
မြန်မာပြည်မှာ မေလကုန်ရင် ကျောင်းဖွင့်ရာသီ ဇွန်လကို ရောက်ပါပြီ။ ရန်ကုန်မှာတော့ မိုးရာသီပေါ့၊ အညာမှာတော့ မိုးနဲ့အပူ ဒွေးရောယှက်နေပါဘဲ။ တောင်ပေါ်ဒေသတွေမှာကလည်း မိုးကမပြတ်ပါ။
ကျွန်မ နေထိုင်ခဲ့တဲ့ ဒေသအစုံမှာ မြန်မာပြည်ရဲ့ ကျောင်းသားလူငယ်များအဖို့ ကျောင်းဖွင့်ရာသီက သက်တောင့်သက်သာမရှိတဲ့ ရာသီနဲ့ အချိန်လို့ ဆိုရလေမလား။
ဒီကြားထဲ နွေလယ်ခေါင် ကျောင်းကြီးတွေမှာ မူလတန်းကလေးတွေအဖို့ ပိုပင်ပန်းစေတာ အမှန်ပါ။ နေကပူပူ၊ အဆောက်အအုံတွေက ကလေးငယ်များအတွက် စံချိန်စံညွှန်းမမီကြပါ။
စာသင်ကြားမှုနဲ့ ပတ်သက်လို့ စာသင်ခန်းမတွေမှာ သင်ထောက်ကူပစ္စည်းများ ဆိုတာ ပြည့်စုံဖို့ ဝေလာဝေး။ ကလေးတွေမှာလည်း အလှည့်ကျအသင်းစနစ်နဲ့ ဘုရားပန်းဝယ်ရ၊ သန့်ရှင်းရေးလုပ်ရနဲ့ ခေတ်စနစ်သာ ပြောင်းသွားမယ်၊ မပြောင်းလဲတာ ပညာရေးစနစ်ပါ။
ကျွန်မတို့ ငယ်ငယ်က လွယ်အိတ်အမျိုးစုံကို မက်မောစွာ လွယ်ခဲ့ကြသည်။ အခုတော့ ကျောပိုးအိတ်တဲ့။ ကျွန်မတို့ခေတ်ကဆို ကျောင်းစာအုပ်တွေကို အဖုံးဖုံးကိုင်ကြသည်။ ကျွန်မအဖေက စာအုပ်များကို ကပ်ထူချုပ်ကြိုးနှင့် ချုပ်လေ့ရှိသည်။ ယနေ့အချိန်မှာတော့ စာအုပ်အဖုံးချုပ်ခကလည်း ဈေးမနည်းပါ၊ တအုပ်ကို ၁၅၀၀ ကျပ်ပေး၍ ချုပ်ကြသည်။
ယခင်အချိန်များက ကျောင်းလွယ်အိတ်များအစား ကျောပိုးအိတ်များ အစားထိုးလာသည်။ ကျွန်မဝန်းကျင်မှာ ကလေးတွေက လွယ်အိတ်လေးတွေ လွယ်ကြသေးတော့ ကျွန်မ ကျေနပ်မိတာအမှန်ပါ။ ပညာချို့တဲ့တဲ့ ကလေးတွေကို ပညာသင်ခွင့်ရတဲ့ အချိန်တိုင်း ကျွန်မ သူတို့လေးတွေအတွက် စာရေးကိရိယာလေးတွေကို ဖြည့်ဆည်းပေးလေ့ရှိပါတယ်။
စာအုပ်တဒါဇင် ၁၃၀၀၀ ကျပ်၊ ခဲဖျက်တခုကိုဆို ၈၀၀ ကျပ်၊ ချွန်စက်တခုက ၉၀၀ ကျပ်၊ ပေတံတချောင်းအတိုဆို ၉၀၀ ကျပ်၊ ခဲတံတချောင်း ၁၀၀၀ ကျပ်၊ လွယ်အိတ်တလုံးကလည်း ၉၅၀၀ ကျပ်။ ကလေးတယောက်အတွက် ကျောင်းဖွင့်ချိန်စရိတ် ကုန်ကျစရိတ်က မနည်းပါ။
ဒီကြားထဲ အဟာရပြည့်ပြည့်စားရတဲ့ ကျောင်းသားရှိသလို မပြည့်စုံတဲ့ ကျောင်းသားတွေက အများကြီးပါ။ ကျောင်းတကျောင်းမှာဆို လူမြင်မတင့်တယ်တာဆို မပြောပါနဲ့တော့၊ ဆရာမတွေ မုံ့ရောင်းနေကြလေရဲ့။
Grade 2 ကျောင်းသားလို့သာ ဆိုတယ်၊ တတ်သင့်သည့် အတန်းစာများ မဖတ်တတ်သလို A to Z ကို မကြေညက်သည့်အဖြစ်ပါ။ ဆရာမများသည် ကလေးများမှ စာမလိုက်နိုင်သည့် ကလေးများကို သိကြပါသည်။ သို့သော် အတန်းတက်ပေးနေသည့်စနစ်က ကလေးများရဲ့ ဘဝအဆိပ်ပင်ရေလောင်းပေးသလို ဖြစ်နေသည်။ မပြည့်စုံလှသည့် မြန်မာပြည် အစိုးရကျောင်းများမှာ ဆရာ ဆရာမမှာ ချမ်းသာကြွယ်ဝလာကြသည်။ ကျောင်းသားများသည် ကျောင်းများတွင် တဖြည်းဖြည်းနှင့် အကျင့်ပျက်မှုများအောက် ပညာရေးမှေးမှိန်လာသည်။ အချို့ကျောင်းများတွင် ကျောင်းများ၌ပင် ဆရာများက ကျူရှင်သင်နေကြသည်။
ပညာရေးဆိုသည်မှာ ခေတ်နှင့်စနစ်သည် ယနေ့အချိန်မှာ အာဏာရှင်၏ လက်အောက်တွင် ရှင်သန်ကြရသည်။ ပညာရေးတင် မဟုတ်ရပါ၊ အခြားသော ဝန်ထမ်းများသည်လည်း အာဏာရှင်စိတ်ကြိုက် နေထိုင်ကြရသည်။
ဒီထက်ဆိုးသည်က ဆိုးကျိုးများရှိစေကာမူ၊ မကောင်းမှန်းသိလျက်နှင့် ကောင်းသည်ဟု ပြောကာ၊ ပြည်သူတွေဘဝထက် မိမိတို့ဘဝတွေကို ရှေ့တန်းတင်နေကြခြင်းက များနေသည်။
နောက်ဆုံးတော့ အာဏာရှင်သက်ဆိုးရှည်လေ လူငယ်တွေဘဝပျက်စီးရလေတော့သည်။ အနာဂတ်မှာ ပန်းတိုင်းပွင့်ဖို့ဆိုတာ ခေတ်လည်းကောင်း စနစ်ကောင်းရုံမပြီးသေးပါ၊ အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများသာမက အကျင့်စာရိတ္တပိုင်းဆိုင်ရာ စိတ်ဓာတ်တွေ မြှင့်တင်နိုင်ဖို့လည်း လိုအပ်သည်ဆိုတာလေးကို ပြည်သူများ လက်ရှိဘဝထင်ဟပ်နိုင်ဖို့ ဝေမျှလိုက်ရပါသည်။
ဖလော်ဒါဟန်
၃၁.၅.၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar