စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဥ် ရဲ့ သက်ရောက်မှုက ဘာတွေ ဖြစ်နိုင်လဲ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၃ မြင်ကွင်း
(မိုးမခ) ဇွန် ၄ ၊ ၂၀၂၆
စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဥ် ရဲ့ သက်ရောက်မှုက ဘာတွေ ဖြစ်နိုင်လဲ
ပြီးခဲ့တဲ့ ၅ နှစ်ကျော်က ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်ခေါ်ဖို့လုပ်နေတဲ့ NLD အစိုးရကို စစ်အာဏာသိမ်း ဖြုတ်ချကာ စစ်တပ် နောက်ခံပေးထားတဲ့ ပါတီ သေချာပေါက်အနိုင်ရစေမယ့် ရွေးကောက်ပွဲကို ကျင်းပပြီး သမ္မတရာထူးကို ရယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ သမ္မတဖြစ်ပြီးနောက် ၂ လ မပြည့်မီ ပထမဆုံး ပြည်ပခရီးစဥ်အဖြစ် အရှေ့အာရှက အင်အားကြီးနိုင်ငံ တနိုင်ငံ မြန်မာနဲ့လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ရာက ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ပြန်ရောက်ရှိချိန် လေယာဥ်ပေါ်က ဆင်းဆင်းချင်း နိုင်ငံပိုင်မီဒီယာနဲ့ စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာ တင်ဆက်နေကြတဲ့ သတင်းမီဒီယာအချို့ကို ဖြေကြားရာမှာ အိန္ဒိယနိုင်ငံ ခရီးစဥ်နဲ့ ပတ်သက်လို့ ကျေနပ်အားရနေတဲ့ အသွင်၊ ခံစားချက်က မျက်နှာနဲ့ အသံမှာ ပေါ်လွင်နေပါတယ်။
မြန်မာနိုင်ငံက အရပ်သားအစိုးရလို့ ဟန်ပြထားတဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်ပြီး လပိုင်းအတွင်းမှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီ အနေနဲ့ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ကြားခဲ့ခြင်းက စစ်ခေါင်းဆောင်အဖို့ ဂုဏ်တက်စရာ အချက်တခုလို့ မှတ်ယူမှာ အသေအချာ ဖြစ်ပါတယ်။ အရပ်သား အသွင်ပြောင်းပြီး အစိုးရခေါင်းဆောင်ကို သမ္မတ ဆိုတာထက် စစ်တပ်ကို ချုပ်ကိုင်ထားသူ စစ်တပ်အာဏာနဲ့ ထိပ်ဆုံးရာထူးကို ရယူခဲ့သူ ဆိုတာ နိုင်ငံအစိုးရတိုင်းက အကဲဖြတ်ထားကြပြီး ဖြစ်ပါတယ်။ ဒီလို အနေအထားမှာ ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်၊ အင်အားကြီး နိုင်ငံတနိုင်ငံလည်း ဖြစ်တဲ့ အိန္ဒိယအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်ကို တရားဝင်ဧည့်သည်အဖြစ် ဖိတ်ကြားခဲ့ခြင်းက ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
ကမ္ဘာမှာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေအနက် လူဦးရေအများဆုံးနိုင်ငံဖြစ်လို့ လူဦးရေ အရေအတွက်နဲ့ ကြည့်ရင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံလို့ အိန္ဒိယနိုင်ငံကို ရည်ညွှန်းဖော်ပြကြပါတယ်။ လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်က စပြီး ဒီမိုကရေစီစနစ်၊ ပြည်နယ်တွေမှာ ဖက်ဒရယ်အုပ်ချုပ်မှုစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့အရေးမှာတော့ စစ်အာဏာသိမ်းပြီး အစိုးရဖွဲ့ခဲ့တဲ့ မင်းအောင်လှိုင်အစိုးရကို ဘာကြောင့် ထိတွေ့ဆက်ဆံနေရတာလဲ၊ ဘာကြောင့် အရေးတယူပြု ဆက်ဆံနေသလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ အနောက်ဘက်မှာ ပါကစ္စတန်နိုင်ငံ၊ အရှေ့တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ သမိုင်းချင်းဆက်စပ်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်မှု၊ လူမျိုးစုအရေးတို့နဲ့ ဆက်စပ်တဲ့ လုံခြုံရေးသတိကြီးစွာထားရှိတဲ့ အနေအထား ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ အနေအထားမှာ ကက်ရှ်မီးယားဒေသ ပြဿနာ၊ အိန္ဒိယအစိုးရကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို ပါကစ္စတန် ထောက်လှမ်းရေးတွေက အကူအညီပေးတဲ့ ကိစ္စမျိုးတွေနဲ့ အိန္ဒိယနိုင်ငံအဖို့ လုံခြုံရေးရှုထောင့်က အစဥ်အမြဲ အလေးထား အရေးထားတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ အိန္ဒိယနိုင်ငံ အနေနဲ့ နှစ်နိုင်ငံနဲ့ နယ်စပ်တလျှောက် ထိစပ်နေတဲ့ ပြည်နယ်တွေနဲ့ ပတ်သက်တဲ့ လုံခြုံရေး၊ တည်ငြိမ်ရေး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဆိပ်ကမ်းစီမံကိန်းတို့ က ဒီဖိတ်ကြားမှု ဖြစ်စေဖို့ အဓိကကျတဲ့ အကြောင်းအချက်တွေ ဖြစ်လိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါဘူး။ အိန္ဒိယနိုင်ငံ အဖို့ အရှေ့မြောက် ဒေသက လက်နက်ကိုင် ပုန်ကန်မှုတွေက ပါကစ္စတန် နယ်စပ် ကက်ရှမီးယားဒေသ ပြဿနာပြီးရင် အကြီးမားဆုံး ပြဿနာတွေလို့ ဆိုနိုင်ပါတယ်။ အာသံ၊ မဏိပူရ်၊ နာဂလန်း စတဲ့ပြည်နယ်တွေမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံတဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေကို မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီးနှိမ်နှင်းလိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ဆန္ဒက သိသာပေါ်လွင်နေတာလည်း ဖြစ်ပါတယ်။
မြန်မာ စစ်အစိုးရအဖို့လည်း စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိတွေ့ဆက်ဆံခဲ့တာ စစ်တပ်အချင်းချင်း ၊ အစိုးရအဖွဲ့အချင်းချင်းအကြား ဆက်ဆံမှုရှိနေခဲ့တဲ့အတွက် ကျေးဇူးတင် အသိအမှတ်ပြုတဲ့ သဘောထားရှိနေမှာ အသေအချာဖြစ်ပါတယ်။
ယခု ခရီးစဥ်အတွင်း ချင်းပြည်နယ် နယ်စပ် နဲ့ စစ်ကိုင်းတိုင်း ကချင်ပြည်နယ်တို့နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အသုံးချခွင့် မရစေဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အိန္ဒိယအစိုးရကို အသိပေး တိုက်တွန်းမှာ အသေအချာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ယခု ခရီးစဥ်ဟာ လုံခြုံရေး ကိစ္စသက်သက်တော့ မဟုတ်ပေမဲ့ လုံခြုံရေးကိစ္စက ကုန်သွယ်ရေး ကုလားတန် ဘက်စုံသုံးဆိပ်ကမ်းနဲ့ စင်္ကြံလမ်း၊ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံဖြတ် ကားလမ်း စတာတွေလည်း အရေးပါတဲ့ အကြောင်းကိစ္စတွေ အဖြစ်ပါဝင်တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အိန္ဒိယ ခရီးစဥ်အပြီး လေယာဥ်ပေါ်က ဆင်းဆင်းချင်း သတင်းမီဒီယာ တချို့ကိုပြောဆိုတဲ့ ပြောဆိုချက်မှာ “အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” လို့ အိန္ဒိယနယ်စပ်က တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကို ရည်ညွှန်းပြောဆိုသွားတာ တွေ့ရပါတယ်။
အိန္ဒိယနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့တွေလို့ မသုံးနှုန်းဘဲ “သက်ဆိုင်သူများ အနေနဲ့” ဆိုတဲ့ အသုံးအနှုန်းကို တမင်တကာ သုံးနှုန်းသွားတာ သတိပြုစရာ ဖြစ်ပါတယ်။ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရဟာ လက်ရှိ အနေအထားမှာတော့ ချင်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်းက အချို့သော နယ်စပ်ဒေသတွေကို ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ချင်းပြည်နယ်က စစ်ဘေးတိမ်းရှောင်သူတွေ၊ အာဏာသိမ်း စစ်အစိုးရနဲ့ နိုင်ငံရေးအရ အမြင်မတူတာကြောင့် ထွက်ပြေး တိမ်းရှောင်သူတွေ သောင်းဂဏန်းနဲ့ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်က ချင်းလူမျိုးတွေနဲ့ မျိုးနွယ်၊ ဘာသာစကား နီးစပ်တာကြောင့် မီဇိုရမ်ပြည်နယ် လူထုနဲ့ အရပ်ဘက်အဖွဲ့အစည်း၊ ပြည်နယ်အစိုးရတို့ကပါ ချင်းပြည်နယ်က စစ်ဘေးရှောင်တွေကို လက်ခံကူညီထားကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ CNF/CNA ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် တို့လည်း အိန္ဒိယနိုင်ငံ နယ်စပ်က ချင်းပြည်နယ်ထဲ အခြေစိုက်ထားကြတာကြောင့် အခု မင်းအောင်လှိုင် ခရီးစဥ်ပြီးနောက်မှာ အိန္ဒိယဘက်က ဘယ်လိုဖိအားတွေ ပေါ်ထွက်လာနိုင်သလဲ ဆိုတဲ့မှန်းဆချက်တွေလည်း ရှိလာတာ ဖြစ်ပါတယ်။
လက်ရှိ AA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်ဒေသဟာလည်း လက်ရှိ အချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဆီ အိန္ဒိယနိုင်ငံက လူသုံးကုန်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါးတွေကို ပလက်ဝနယ်စပ်ကို ဖြတ်သန်းပြီး တင်သွင်းနေတာပါ။ ကုလားတန် ဘက်စုံစီမံကိန်း အနေနဲ့လည်း ဒီနယ်စပ်က ဖြတ်သန်းပြီး ကားလမ်းဖောက်လုပ်ဖို့ လျာထားတဲ့ဒေသ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ AA အဖွဲ့တို့အကြား သက်ဆိုင်တဲ့ အကြောင်းအရာဆိုရင် ကုလားတန် ဘက်စုံစီမံကိန်း ဒီစီမံကိန်းကို အကောင်အထည်ဖော်မဲ့ ဒေသတွေက လက်ရှိအချိန်မှာ AA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေတွေက အများစု ဖြစ်နေတာပါ။ မင်းအောင်လှိုင် အစိုးရ အနေနဲ့တော့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဥ်မှာ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ အာမခံခဲ့တာ မှန်ပေမဲ့ လောလောဆယ်မှာတော့ ကုလားတန် ဘက်စုံစီမံကိန်း၊ ၃ နိုင်ငံဖြတ်သန်းတဲ့ကားလမ်း စီမံကိန်းတွေက အကောင်အထည်ဖော်နိုင်မဲ့ အခြေအနေ ရှိမနေတာ အမှန်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar