စစ်ပွဲတွေရဲ့ အကျိုးဆက် လိင်အကြမ်းဖက်မှု၊ လုယက်သတ်ဖြတ်မှုတွေကို ဘယ်လို လျော့နည်းအောင် လုပ်ကြမလဲ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂ ၊ ၂၀၂၆
စစ်ပွဲတွေရဲ့ အကျိုးဆက် လိင်အကြမ်းဖက်မှု၊ လုယက်သတ်ဖြတ်မှုတွေကို ဘယ်လို လျော့နည်းအောင် လုပ်ကြမလဲ
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကြာမြင့်လာတဲ့ ကာလတွေအတွင်း ဖြစ်ပွားလာတဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ အနက် ရက်စက်စွာ သတ်ဖြတ်မှု၊ လုယက်သတ်ဖြတ်မှု၊ မုဒိမ်းမှုလို ရာဇဝတ်မှုတွေ မြင့်တက်လာတာ၊ မျှော်လင့်မထားတဲ့ ပတ်ဝန်းကျင်တွေလို့ ဆိုနိုင်တဲ့ စာသင်ကျောင်းတွေလို လိင်အကြမ်းဖက်မှုတွေ ပိုများပြားလာတာ၊ တိုက်ပွဲတွေ မြို့ရွာထဲ ရောက်လာကြလို့ လူထုတွေက မြို့ ရွာတွေကနေ စစ်ဘေးတိမ်းရှောင်ကြရတဲ့အခါ လူနေအိမ်၊ စိုက်ပျိုးမွေမြူရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေကို ခိုးယူ သို့မဟုတ် လုယက်ကြတဲ့ ဖြစ်ရပ်တွေ၊ လူပြန်ပေးဆွဲတဲ့ အဖြစ်အပျက်တွေကို ပိုပြီးကြားသိလာနေကြရတာပါ။
အခုလို စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့၊ လက်နက်ကိုင်တိုက်ပွဲ၊ ပြည်တွင်းစစ်၊ အုပ်ချုပ်ရေး ယိုယွင်းမှုတွေရဲ့ အကျိုးဆက်အဖြစ်နဲ့ လုယက်မှု၊ သတ်ဖြတ်မှု၊ လုယက်၊ ခိုးယူမှု၊ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေနဲ့ လိမ်လည်မှုတွေကို စစ်အာဏာသိမ်းတာကြောင့်လို့ စကားလုံးတလုံးထည်းနဲ့ ကောက်ချက်ချပြောဆိုနိုင်ပေမဲ့ဒီအခြေအနေတွေကို တတ်နိုင်သမျှ ထိန်းသိမ်းဖို့ လျော့နည်းအောင် လုပ်ဖို့ နည်းလမ်း မရှိတော့တာလား ဆိုတဲ့မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။
နောက်စဥ်းစားစရာ တချက်က အခုလို ဆိုးယုတ်တဲ့ အဖြစ်အပျက်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၄င်းက အားပေး အားမြှောက်ပြုထားတဲ့ အဖွဲ့အစည်းတွေက ကျူးလွန်နေကြတာလို့ အဖြူအမည်း တိတိကျကျ ခွဲခြားလို့မရတဲ့ အချက်လည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်က ထိုးစစ်တွေ၊ စစ်ဆင်ရေးတွေအတွင်း ကျေးရွာတွေမှာ မြို့တွေမှာ သတ်ဖြတ်တာ၊ ခိုးယူ၊ လုယူတာတွေနဲ့ လက်နက်ကိုင်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ အများအပြား တွေ့ရသလို ၎င်းတို့နဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုအချို့လည်း ရှိနေကြတာလည်း တွေ့ရပါတယ်။
စစ်ပွဲတွေအတွင်းမှာတော့ တိုင်ကြားနိုင်တဲ့ ရဲစခန်း၊ တရားစီရင်နိုင်တဲ့ တရားရုံးတွေ ရှိမနေကြတာကြောင့် ဒီလို ကျူးလွန်မှုတွေက မှတ်တမ်းအဖြစ်နဲ့ ယူထားပြီး အချိန်ကာလတခု အနေအထားတခုရောက်ချိန်ကျမှ တရားမျှတမှုကို တောင်းဆိုနိုင်ကြမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။
စစ်ပွဲတွေကြားထဲ ဖြစ်ပွားတာတွေအပြင် စစ်မြေပြင် မဟုတ်တဲ့ စစ်ဘေးရှောင်စခန်း၊ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ မြို့ ရွာတွေ၊ နယ်စပ်ဒေသတွေ၊ အိမ်နီးချင်းနိုင်ငံက မြန်မာအသိုင်းအဝိုင်းတွေမှာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းတဲ့ စစ်တပ်နဲ့ ၄င်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်သူ၊ အားပေးထောက်ခံသူတွေ အသိုင်းအဝိုင်းက အမဲရောင်၊ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အားပေးထောက်ခံသူတွေက အဖြူရောင်လို့ မျှော်လင့်ယူဆထားကြပေမဲ့ လက်တွေ့မှာ အဖြူနဲ့ အမည်း တိတိကျကျ ခွဲခြားလို့ရအောင် ဖြစ်မနေတာတွေလည်း ရှိနေတာ တွေ့ကြရပါတယ်။
တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာလည်း တရားမျှတမှုကို ပြည့်ပြည့်ဝဝ ရရှိဖို့ မတောင်းဆိုနိုင်တဲ့ အခြေအနေတွေလည်း တွေ့မြင်နေကြရသလို အာဏာသိမ်းစစ်တပ် ထိန်းချုပ်မှုအောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူလူထုတွေအကြားမှာလည်း အချင်းချင်း ကူညီယိုင်းပင်းမှုနဲ့ စောင့်ရှောက်မှုတွေ အားနည်းလာကာ အမြတ်ထုတ်တာတွေ၊ နိုင့်ထက်စီးနင်း လုပ်ဆောင်မှုတွေ ပိုပြီးမြင့်တက်လာနေတာလည်း တွေ့ကြရပါတယ်။
ပြည်သူလူထုအချင်းချင်း အကြား နိုင်ငံရေးအရ ခွဲခြားမှုတွေ၊ လူမျိုးရေးအရ ခွဲခြားမှုတွေ ပိုမိုများပြားလာတာတွေက လူမှုအသိုင်းအဝိုင်းထဲမှာ စိတ်ဝမ်းကွဲပြားမှုနဲ့ တရားမျှတမှုထက် လက်စားချေလိုမှုတွေ ပိုမိုများပြားလာတာတွေလည်း တွေ့လာကြရတာ ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးမှု ဆိုးရွားစွာ ပျက်ပြားလာတဲ့ အခြေအနေမျိုးတွေမှာ လူမှုအသိုင်းအဝိုင်းအတွင်း အချင်းချင်း ပိုပြီး စောင့်ရှောက်ကူညီကြတဲ့ အနေအထားမျိုးတွေကို အားပေးလုပ်ဆောင်ကြဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ထင်မြင်လာမိပါတယ်။
ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ ကြွေးကြော်လှုံ့ဆော်မှု ရှိပေမယ့် ပြည်သူလူထုကနေ ပြည်သူလူထုကို ကူညီဖေးမတဲ့ လှုံ့ဆော်မှုတွေ လက်တွေ့လုပ်ဆောင်မှုတွေ အားနည်းနေသေးတဲ့ အနေအထားလို့ ယူဆစရာတွေ ရှိနေပါတယ်။ အခွန်အကောက် တားဆီးပိတ်ဆို့မှုတွေကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်လာချိန် အကျိုးအမြတ်ပိုမို မြှင့်တင်ရောင်းချကြတာမျိုးကို မလုပ်ကြဖို့ လူထုကြားထဲ ပညာပေးစည်းရုံးမှုတွေလို၊ လူမှုအသိုင်းအဝိုင်းအကြား မုဒိမ်းမှုတွေ၊ လိင်အမြတ်ထုတ်မှုတွေ လျော့ကျလာစေဖို့ အချင်းချင်း စောင့်ရှောက်ကာကွယ်ကြတာ ပညာပေးနှိုးဆော်တာမျိုးတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း မြင်မိပါတယ်။
မြို့တွေ၊ ရွာတွေ စစ်ဘေးတိမ်းရှောင်ကြရတဲ့ အခြေအနေမျိုးမှာ နေအိမ်၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီး၊ လုယက်ခံရတာတွေ လျော့ကျအောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ၊ ပညာပေးစည်းရုံးနှိုးဆော်ကြမလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
လတ်တလော ဖြစ်ပွားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံမှာ စုဝေးနေထိုင်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းအတွင်း လိင်အမြတ်ထုတ်မှု၊ လိင်အကြမ်းဖက်မှုတွေကို နောက်ထပ် ဖြစ်ပွားမလာအောင် ဘယ်လို လုပ်ဆောင်ကြမလဲ၊ အရုပ်ဆိုးအကျည်းတန်လှတဲ့ ဒီပြစ်မှုတွေ ဖြစ်ရပ်တွေရဲ့ လက်သည်က ဘယ်သူလဲ၊ လူမှုအသိုင်းအဝိုင်းအကြား စည်းလုံးမှု၊ အချင်းချင်းစောင့်ရှောက်မှု လျော့နည်းလာနေတဲ့ အခြေအနေလား၊ အားနည်းနေတဲ့သူတွေ၊ အကာအကွယ်မဲ့နေတဲ့သူတွေကို အမြတ်ထုတ်ဖို့ရာ လွယ်ကူလို့ ကျူးလွန်ကြတာလား စတဲ့ မေးခွန်းတွေလည်း ရှိနေတာဖြစ်ပါတယ်။
အထက်က ဖေါ်ပြခဲ့တဲ့ လုယက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လိင်အမြတ်ထုတ်မှုတွေကို မတားဆီးနိုင် မကာကွယ်နိုင်တဲ့အခါ ကာလကြာရှည်လာတဲ့အခါမှာ နွေဦးတော်လှန်ရေးအပေါ်လည်း ပြည်သူလူထုက ယုံကြည်ကိုးစားမှု လျော့ပါးလာစေနိုင်တာ ဖြစ်ပါတယ်။
ဆိုင်ကလုံးနာဂစ် တိုက်ခတ်ပြီးနောက်ကာလတွေမှာ မြန်မာတနိုင်ငံလုံးက ပြည်သူလူထုတွေ ပရဟိတအနေနဲ့ စုပေါင်းကူညီခဲ့ကြတဲ့ အဖြစ်တွေက သမိုင်းမှာ ကောင်းမွန်တဲ့ သာဓကတွေ အဖြစ်နဲ့ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ လက်ရှိ ပရဟိတအဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အတော်များများဟာ နာဂစ်ကူညီရေးကာလမှ စတင်ပေါ်ထွက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့ ဖြစ်ရပ်အပြီး ဖြစ်ပွားလာတဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ ဖြစ်ပျက်နေတဲ့ စိတ်အားတက်ကြွစရာ မကောင်းတဲ့ အဓမ္မမှုတွေ၊ ရာဇဝတ်မှုတွေနဲ့ ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့ အဖြစ်မျိုးတွေကို ဘယ်လို လျော့နည်းအောင်၊ ချုပ်ငြိမ်းအောင် လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းက လူမှုအသိုင်းအဝိုင်း တခုလုံးအနေနဲ့ မေးခံနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar