Breaking News

နန္ဒအောင် - ပြန်မပွင့်တော့တဲ့ စံပယ်ဖြူ


နန္ဒအောင် - ပြန်မပွင့်တော့တဲ့ စံပယ်ဖြူ

မိုးမခ ၊ ဇူလိုင် ၂ ၊ ၂၀၂၆


ပြန်မထွက်နိုင်တော့တဲ့ မဂ္ဂဇင်း / စာစောင်တွေအကြောင်းကို ကျွန်တော် ရေးဖြစ်နေပါတယ်။ မဂ္ဂဇင်း ခေတ်ကောင်း၊ မဂ္ဂဇင်း ရွှေခေတ်ကို ပြန်လည် တမ်းတတယ် ဆိုရအောင်ကလည်း အဲဒီရွှေလမ်း ငွေလမ်းကြီးကို ကိုယ်တိုင် လျှောက်နိုင်ခဲ့သူတော့ မဟုတ်ပါဘူး။

အခုခေတ်မှာ မဂ္ဂဇင်း၊ စာစောင်တွေ ရှားပါးလာတော့ စာရေးသူတွေအတွက် စာရေးဖို့ စာမျက်နှာ ရှားပါးနေပါတယ်။ စာရေးဖို့ စာမျက်နှာတွေ ရှားပါးလာတော့ ဂျာနယ်ခေတ်ကောင်း၊ မဂ္ဂဇင်းခေတ်ကောင်းကို ပြန်လည်တမ်းတမိပါတယ်။ အဲဒီတောင့်တစိတ်တွေကြောင့်ပဲ အရင်ခေတ်တုန်းက  မဂ္ဂဇင်း စာစောင်တွေအကြောင်းကို ပြန်ပြီးရေးဖြစ်ပါတယ်။

စာရေးသူတွေအတွက် စာရေးစရာ နေရာ၊ အမျိုးအစားကလည်း ခေတ်နဲ့အညီ ပြောင်းလဲလို့ နေပါတယ်။ ခေတ်နဲ့အညီ စာရေးသူတွေက  ဆိုရှယ်မီဒီယာ လူမှုကွန်ရက် (Facebook) စာမျက်နှာပေါ်မှာ ရေးလာကြပါတယ်။ အွန်လိုင်းမဂ္ဂဇင်းတွေလည်း ဟိုတစဒီတစ ထွက်ပေါ်လာပါတယ်။

စာဖတ်ညွှန်းလို့ ပြောပြော၊ စာအုပ်စင်ကဏ္ဍလို့ ပြောပြော ခုတစ်ခေါက် ရေးမယ့် မဂ္ဂဇင်း / စာစောင်ကတော့ “စံပယ်ဖြူ” မဂ္ဂဇင်းအကြောင်းပါ။ စံပယ်ဖြူ မဂ္ဂဇင်းလို့ ဆိုလိုက်ရင် စာဖတ်ပရိသတ်တွေက  ဆရာမကြီး ဒေါ်ခင်ဆွေဦးနဲ့ တွဲမြင်ကြမှာပါ။  ဆရာမကြီး ဒေါ်ခင်ဆွေဦးက စံပယ်ဖြူ မဂ္ဂဇင်းကို တည်ထောင်သူပါ။ ‌ဆရာမကြီး ဒေါ်ခင်ဆွေဦးက  မြန်မာစာပေလောကမှာ စံပယ်ဖြူဖြူလှလှလေးတွေ ပွင့်စေခဲ့သူပေါ့။

ဆရာမကြီး ဒေါ်ခင်ဆွေဦး ဆိုတာ စာရေးဆရာကြီး “မဟာဆွေ ” ရဲ့ သမီးပါ။ ဆရာကြီး မဟာဆွေနဲ့ ရင်းနှီးတဲ့ စာရေးဆရာတွေက သူတို့မိသားစုအကြောင်း ရေးရင် ဒေါ်ခင်ဆွေဦး အကြောင်းတွေလည်း ဖတ်ရတယ်။ မှတ်မှတ်ရရ ဆရာ သော်တာဆွေရဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်းထဲမှာပေါ့၊  ဆရာက  သူ့ထုံးစံအတိုင်း ဒေါ်ခင်ဆွေဦးရဲ့ ကြောင်ကလေးကို သတ်စားပစ်မယ်လို့ စနောက်တဲ့အကြောင်းတွေပေါ့။

စာပေမျိုးရိုးကနေ ဆင်းသက်လာတဲ့အပြင်၊ စာပေအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ ဒေါ်ခင်ဆွေဦးတစ်ယောက် စာရေးဆရာဖြစ်လာတာ၊ မဂ္ဂဇင်းတည်ထောင်သူ ဖြစ်လာတာ မဆန်းပါဘူး။ မြန်မာစာပေလောက ပန်းခင်းကြီးထဲမှာ စံပယ်ဖြူ လှလှလေးတွေနဲ့ အားဖြည့်ပွင့်လန်းခဲ့တဲ့ ဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ စံပယ်ဖြူ မဂ္ဂဇင်းအကြောင်း ဆက်ဖတ်ကြည့်ရအောင်လား စာဖတ်မိတ်ဆွေတို့ရေ။

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ အပြင်အဆင်၊ အထားအသိုကို အရင်ဆုံးရေးပါ့မယ်။ အလွယ်ပြောရရင် စံပယ်ဖြူရဲ့ ‘ပုံစံ’ ပေါ့။ ကျွန်တော် ကိုးကားပြီး ရေးမယ့် စံပယ်ဖြူ မဂ္ဂဇင်းစာအုပ်တွေက ၄ အုပ်တည်းပါ။ ပြီးပြည့်စုံတဲ့ စံပယ်ဖြူမဂ္ဂဇင်းအညွှန်းတော့ မဖြစ်နိုင်ဘူးပေါ့။ ကျွန်တော် လက်လှမ်းမီတဲ့ စံပယ်ဖြူ ပန်းလေးပွင့်က ၂၀၀၁ ခုနှစ်ထုတ် စံပယ်ဖြူ လေးပွင့်ပါ။ အမှတ် (၈) စက်တင်ဘာထုတ်၊ အမှတ် (၉) အောက်တိုဘာထုတ်၊ အမှတ် (၁၀) နိုဝင်ဘာထုတ်၊ အမှတ် (၁၁) ဒီဇင်ဘာထုတ်တွေပါ။ မဂ္ဂဇင်း စာအုပ်တန်ဖိုးကတော့ ၂၅၀ ကျပ်ပါ။ အဲဒီခေတ်အခါက ကာလတန်ဖိုးပေါ့။

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးက တခြား မဂ္ဂဇင်းတွေနဲ့ မတူကွဲပြားခြားနားပါတယ်။ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ သရုပ်ဖော်ပုံတွေ မတွေ့ရပါဘူး။ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပညာရှိတွေရဲ့ အဆိုအမိန့်တွေကို မူရင်းကော ဘာသာပြန်ကိုပါ ထုတ်နုတ်ဖော်ပြထားတာကို တွေ့ရပါတယ်။

စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၈ ) စက်တင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် မဂ္ဂဇင်း အဖုံးမှာ

In times of drastic change, it is the learners who inherit  the  future.

Eric Hoffer

အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကာလမျိုးမှာ၊ လေ့လာဆည်းပူးနေသူတွေသာ အနာဂတ်ကို အ‌မွေဆက်ခံနိုင်လိမ့်မယ်။

အားရစ်ဟော့ဖာ


စံပယ်ဖြူ အမှတ် ( ၁၀ ) နိုဝင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် မဂ္ဂဇင်းအဖုံးမှာ

ဘဝဆိုတာ မလုံလောက်တဲ့ နိဒါန်းတွေကနေ၊ လုံလောက်တဲ့ နိဂုံးတွေ ဆွဲယူကြရတဲ့ အနုပညာမှုပါ။

( ဆင်မျုရယ် ( လ ) ဘတ်တလာ )

Life is the art of drawing sufficient conclusions from insufficient premises.

[ Samuel Butler ]


စံပယ်ဖြူ မဂ္ဂဇင်း မျက်နှာဖုံးပေါ်က စာသားတွေပါ။ တခြား မဂ္ဂဇင်းတွေနဲ့ မတူတဲ့ စံပယ်ဖြူရဲ့ ထူးခြားတဲ့  ‘မူ’ ၊  စံပယ်ဖြူရဲ့ အမှတ်အသားပေါ့။ 

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ မာတိကာကို လှန်ကြည့်လိုက်ရင် ‘စာအညွှန်း’ နဲ့ ‘စာရေးဆရာအညွှန်း’ ဆိုပြီး တွေ့ရပါတယ်။ စာအညွှန်းမှာ “ LANGUAGE MEDIUM, REMEMBERANCE, TREND, VISION, MAIN THEME, PROFILE, ESSAY, DEBATE, BOOKS, POETRY, OPINION, ECONOMICS, REPORT, WORLD CLASSIC, INTERVIEW, CASE - STUDY, MILESTONE, REGIONAL FOCUS ” ဆိုပြီး ကဏ္ဍပေါင်းစုံစွာ တွေ့ရပါတယ်။

စံပယ်ဖြူရဲ့ စာအညွှန်းကို ကြည့်လိုက်ယုံနဲ့ ကဏ္ဍပေါင်းစုံအောင် အထူးဂရုစိုက်ပြီး တင်ဆက်ထားတာကို သတိပြုမိပါတယ်။ တခု ပြောချင်တာက စာအညွှန်းက ခေါင်းစဉ်တွေကို အင်္ဂလိပ်လို ခေါင်းစဉ်မတပ်ဘဲ၊ မြန်မာလိုပဲ ခေါင်းစဉ်တပ်ရင် ပိုသင့်တော်မယ်လို့ ထင်ပါတယ်။

REMEMBERANCE အစား အမှတ်တရ / ပြန်လည်အမှတ်ရခြင်း၊ TREND အစား ခေတ်ရေစီးကြောင်း ၊ MAIN THEME အစား အထူးကဏ္ဍ၊ OPINION အစား အတွေးအမြင်၊ WORLD CLASSIC အစား ကမ္ဘာ့ဂန္တဝင်လက်ရာလို့ ဖော်ပြထားရင် မြန်မာစာဖတ် ပရိသတ်နဲ့ ပိုသင့်တော်မယ် ထင်ပါတယ်။ စာအညွှန်းရဲ့ ခေါင်းစဉ်က ဘာသာစကားကို အင်္ဂလိပ်လို ဖော်ပြထားတာဟာ စံပယ်ဖြူ မဂ္ဂဇင်းရဲ့ မူကြောင့်လည်း ဆိုင်မယ် ထင်ပါတယ်။

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ “မူ” က ဘာလဲ ...

ပေါ်ပြူလစ် မဂ္ဂဇင်းတွေကလွဲရင် စာပေမဂ္ဂဇင်းကြီးတွေမှာ  ခိုင်မာတဲ့ ကိုယ်ပိုင်မူတွေ ရှိကြပါတယ်။ စံပယ်ဖြူရဲ့ ကိုယ်ပိုင်မူကိုလည်း စီစဉ်သူတွေဖြစ်တဲ့ ကိုလေးမြတ်၊ ကိုမြင့်အောင်တို့ရဲ့ “စီစဉ်သူထံမှ” ဆိုတဲ့  တင်ပြချက်တွေမှာ တွေ့ရပါတယ်။

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ စီစဉ်သူတွေက ကိုလေးမြတ်နဲ့ ကိုမြင့်အောင်တို့ ဖြစ်ပါတယ်။  စံပယ်ဖြူရဲ့ မူတွေ၊ အသိပေးစရာတွေ၊ ပြောချင်တာတွေကို စီစဉ်သူထံမှ ဆိုတဲ့ ကဏ္ဍကနေ စာဖတ်ပရိသတ်ကို အသိပေး တင်ပြလေ့ရှိတယ်။

စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၈) စက်တင်ဘာ ၂၀၀၁ ခုနှစ်ထွက် မဂ္ဂဇင်းထဲမှာ စံပယ်ဖြူရဲ့ “မူ” ကိုတွေ့ရပါတယ်။

စီစဉ်သူထံမှ

၁။ ကျွန်တော်တို့ စံပယ်ဖြူသို့ စာပေတန်ဖိုး မြင့်မားသော စာမူကောင်းများ၊ အဆက်မပြတ် ရောက်ရှိနေပါသည်။ သို့အတွက် ချီးမြှင့်အားပေးကြသော စာရေးဆရာအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။

၂။ သိကြပြီးသည့်အတိုင်း ကျွန်တော်တို့ စံပယ်ဖြူသည် အနာဂတ်ကို မျက်နှာမူထားပါသည်။ လူငယ်များ၏ ပညာရေးကို အလေးပေးလိုပါသည်။ သို့ပါ၍ အချို့သော စာမူကောင်းများကို နှမြောဝမ်းနည်းစွာဖြင့် ချန်ထားခဲ့ပါသည်။ စာမူမကောင်း၍ မကြိုက်၍ မဟုတ်ပါ။ မဂ္ဂဇင်း၏ အဓိကလမ်းကြောင်းကို ငဲ့ပြီး စာမျက်နှာ အခက်အခဲကြောင့် စီစစ်ရွေးချယ်လိုက်ရခြင်း ဖြစ်ပါသည်။ ဤအတွက် သက်ဆိုင်ရာ စာမူရှင်များကို ခွင့်လွှတ်ပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။

၃။ အားပေးဖတ်ရှု၊ ဝေဖန်ထောက်ပြကြတဲ့ စာဖတ်သူများ၊ ရေးသားချီးမြှင့်ပေးပို့ကြသော စာရေးဆရာများ၏ ကျေးဇူးကို အမြဲ အမှတ်တရ ရှိနေပါမယ်လို့ ကတိပြုရင်း ... ။

ကိုလေးမြတ်

ကိုမြင့်အောင်

(စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် (၈) စက်တင်ဘာ ၂၀၀၁ ထုတ် စာမျက်နှာ - ၁၃ မှ )


ကိုလေးမြတ်၊ ကိုမြင့်အောင်တို့ရဲ့ စီစဉ်သူထံမှဆိုတဲ့ အရေးအသားကို ဖတ်ကြည့်ရင် စံပယ်ဖြူရဲ့ ‘မူ’ က လူငယ်တွေရဲ့ ပညာရေးကို အလေးထားတဲ့ မူဆိုတာ အထင်အရှားတွေ့ရပါတယ်။ ခေတ်စားနေတဲ့ စကားနဲ့ဆိုရင် ဂလိုဘယ်လိုက်ဇေးရှင်းပေါ့။ စံပယ်ဖြူ ပစ်မှတ်ထားတဲ့ စာဖတ်ပရိသတ်က လူငယ်ပိုင်းကို ပိုပြီး ပစ်မှတ်ထားတဲ့ သဘောပေါ့။ စံပယ်ဖြူရဲ့ MAIN THEME ( အထူးကဏ္ဍ ) မှာ ဖော်ပြတဲ့ ဆောင်းပါးတွေဆိုရင် ဂလိုဘယ်လိုက်ဇေးရှင်းဆိုင်ရာ ဆောင်းပါးတွေချည်းပဲ ဖတ်ရ၊ တွေ့ရပါတယ်။

စံပယ်ဖြူရဲ့ အထူးကဏ္ဍမှာ  အနာဂတ်၊ နည်းပညာပန်းတွေပဲ ဝေဝေဆာဆာ ပွင့်ဖူးတာကို တွေ့ရပါတယ်။ အဲဒီခေတ်အခါက မြန်မာစာဖတ် ပရိသတ်ကို ဂလိုဘယ်လိုက်ဇေးရှင်း၊ ဟင်နရီ ကစ်ဆင်းဂျား၊ တော်ဖလာတို့နဲ့ မိတ်ဆက်ပေး‌နေတဲ့ ကလောင်တွေထဲက ဆရာ မောင်စူးစမ်း၊ ကျော်ဝင်း၊ သန်းစိုးနိုင်၊ ရဲမြင့်ကျော်တို့ရဲ့ ဆောင်းပါးတွေကို စံပယ်ဖြူရဲ့ အထူးကဏ္ဍမှာ တွေ့ရပါတယ်။  

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ နောက်ထပ် အပြင်အဆင်ကတော့ “စံပယ်ဖြူ ရှေ့လအညွှန်း” ဆိုပြီး ရှေ့လအတွက်ပါ အညွှန်း ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ တချို့ ဆောင်းပါးတွေရဲ့ အဆုံးမှာလည်း မဂ္ဂဇင်းအဖုံးကလို ပညာရှိတွေရဲ့ အဆိုအမိန့်တွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ စံပယ်ဖြူ အမှတ် (၈) စက်တင်ဘာထုတ် မဂ္ဂဇင်းထဲကနေ ကောက်နုတ်ဖော်ပြပါ့မယ်။

စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၈) ထုတ်ထဲက ဒေါက်တာခင်မောင်ညိုရဲ့ “ဘယ်သူက ပါရဒိုင်းကို ပြောင်းသလဲ” ဆောင်းပါးအဆုံးမှာ အောက်ပါအတိုင်း ဖော်ပြထားတာ တွေ့ရပါတယ်။


The future is purchased by the present.

( Samuel Johnson)

‘အနာဂတ်’ ကို ‘ပစ္စုပ္ပန်’ နဲ့ ဝယ်ယူရပါတယ်။

( ဆယ်မျူရယ် - ဂျွန်ဆင် )

( စာမျက်နှာ - ၃၀ မှ ) 


စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၉) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် ဆရာမြင့်ဦးသစ်ရဲ့ “ဆက်ထုံး” ဆောင်းပါး အဆုံးမှာတော့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

စာအုပ်အားလုံးကို အမျိုးအစား ခွဲလိုက်ရင်၊ နှစ်မျိုးပဲ ရှိပါတယ်။ တစ်မျိုးက ခုလောလောဆယ် ဖတ်ရမဲ့ စာအုပ်၊ ခုနာရီပိုင်းသာ ခံတဲ့ စာအုပ်ဖြစ်တယ်။ နောက်တစ်မျိုးက ရေရှည်ဖတ်ရမဲ့ စာအုပ်၊ ခေတ်တိုင်းခံတဲ့ စာအုပ် ဖြစ်ပါတယ်။

ရပ်စကင် (အင်္ဂလိပ် စာပေအနုပညာဝေဖန်ရေးဆရာ)

(စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၉) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၁၈ မှ)

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ စီစဉ်သူတွေဖြစ်တဲ့ ကိုလေးမြတ်နဲ့ ကိုမြင့်အောင်တို့က အမှတ် (၉) စာစောင်ထဲမှာ “အဖြူရောင် ပန်းတစ်ပွင့်” ဆိုပြီး စံပယ်ဖြူရဲ့ သဘောထားကို တင်ပြထားပါတယ်။

အဖြူရောင် ပန်းတစ်ပွင့် ကတော့ ခေါင်းကြီးလို့ ပြောလို့ရပါတယ်။ မဂ္ဂဇင်း တစ်စောင်မှာ ခေါင်းကြီးပိုင်းက အရေးကြီးပါတယ်။ စာဖတ်သက်ရင့်နေသူတွေက မဂ္ဂဇင်းရဲ့ အာဘော်ကို သိရဖို့ ခေါင်းကြီးပိုင်းကို အရင်ဖတ်ကြပါတယ်။

“အဖြူရောင် ပန်းတစ်ပွင့်” ကို အကျဉ်းချုံးပြောရရင်  ဂလိုဘယ်လိုက်ဇေးရှင်း၊ စီးပွားရေးသစ်၊ ပို့(စ)မော်ဒန်တွေကို ဘယ်လိုသဘောထားလဲ အမေးကို စံပယ်ဖြူက အဖြေမပေးပါ။ စံပယ်ဖြူက အယူအဆတစ်ခုရဲ့ ကြွေးကြော်သံမဟုတ်၊ အယူအဆမျိုးစုံကို သယ်ဆောင်လာတဲ့ ‘ယာဉ်’ သာဖြစ်တယ်လို့ ပြောထားတယ်။ စုဆောင်းရှာဖွေ တင်ပြခြင်းက စံပယ်ဖြူ အလုပ် အဆုံးအဖြတ်ပေးခြင်းက စာဖတ်ပရိသတ်အတွက် ချန်လှပ်ထားတယ်။ စံပယ်ဖြူ ဆိုတာ စံပယ်ဖြူသာ ဖြစ်ပါကြောင်းဆိုပြီး တင်ပြရေးသားထားပါတယ်။

အဖြူရောင် ပန်းတစ်ပွင့်က တင်ပြလို စံပယ်ဖြူဟာ အယူအဆပေါင်းစုံ၊ ပန်းပေါင်းစုံရှိတဲ့ ပန်းခင်းကြီးပါ။ ဒါပေမဲ့ စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၈) စက်တင်ဘာ  ၂၀၀၁ ခုနှစ်ထုတ် စာစောင်ထဲမှာပဲ စာဖတ်သူထံမှ ဆိုတဲ့ ပေးစာကဏ္ဍမှာ အကြံပြုစာ ပေးပို့ထားတာကို ဖတ်ရပါတယ်။

စိန်သီးဦး မန္တလေးတက္ကသိုလ် စာတိုက်လို့ လိပ်စာတပ်ထားတော့ မန္တလေးကနေ ပေးတဲ့စာပေါ့။ စိန်သီးဦးရဲ့ ပေးစာအရ အဲဒီအချိန်ကာလဟာ စံပယ်ဖြူမဂ္ဂဇင်း အသစ်ပြန်လည် စတင်တဲ့ အချိန်ကာလပါ။ သူက စံပယ်ဖြူ အမာခံပရိသတ်ဆိုတာ သူ့ စာအုပ်အငှားဆိုင်မှာ စံပယ်ဖြူ အမှတ် ( ၁ ) ကတည်းက ရှိတယ်ဆိုတာနဲ့တင် သေချာနေပါပြီ။ သူကတော့ ‘ကဗျာလက်သစ်လေးတွေကို တိုးချဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးရင် ပိုမကောင်းဘူးလား’ ဆိုပြီး ကဗျာကဏ္ဍကို တိုးချဲ့ဖို့ အကြံပြုထားတယ်။ ပညာရေးကို ဇောင်းပေးလာလို့လည်း ထောက်ခံတယ်လို့ ဝေဖန်အကြံပြုထားပြန်တယ်။

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ အခင်းအကျင်း၊ အပြင်အဆင်တွေထဲမှာ စီစဉ်သူတွေရဲ့ စာဖတ်သူတွေကို အသိပေးတင်ပြတဲ့ စာအတိုလေးတွေကို ဘောင်ခတ်ပြီး ဖော်ပြတတ်တာကို တွေ့ရတတ်ပါတယ်။

စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၈) စက်တင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာစောင်ထဲမှာ ဒေါက်တာသန်းထွန်းရဲ့ ‘ကုန်းဘောင်ခေတ် ကျေးလက် လူမှုစီးပွား (၁၇၅၂ - ၁၈၈၅)’ သမိုင်းစာတမ်းကို ဖော်ပြထားပါတယ်။ ‌(ဒေါက်တာတိုးလှက ပြုစုပြီး ဒေါက်တာသန်းထွန်းက အကျဉ်းချုပ်ရေးတာပါ။ ) ဒေါက်တာသန်းထွန်းရဲ့ စာတန်းအဆုံးမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

စံပယ်ဖြူတွင် အခန်းဆက် ဖော်ပြခဲ့သော ‌ဒေါက်တာသန်းထွန်း၏ ‘ ကုန်းဘောင်ခေတ်၊ ကျေးလက်လူမှု စီးပွားရေးဘဝ ’ စာတန်းမှာ ယခုလတွင် ပြီးဆုံးပြီ ဖြစ်ပါသည်။ ဆရာ၏ စာများကို စဉ်ဆက်မပြတ် ဖော်ပြသွားနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါသည်။

စီစဉ်သူများ

( စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၈) စက်တင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၁၄၃ မှ )


စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၉) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာစောင်ထဲမှာ အခန်းဆက်ဖော်ပြနေတဲ့ ဆရာမြသန်းတင့်ရဲ့ ‘လက်ဖက်ရည်ဆိုင်’ ဆိုတဲ့ ဂန္ထဝင်လက်ရာ ဝတ္ထုအပြီးမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


တောင်းပန်ခြင်း

ဆရာ ‘ပါရဂူ’ ၏ ‘မိမိနှင့် မြသန်းတင့်’ ဆောင်းပါးတွဲမှာ ယခုလအတွက် အချိန်မီ စာမူ မရပါ၍ စိတ်မကောင်းစွာ ချန်လှပ်ခဲ့ရပါသည်။ ရှေ့လတွင် ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။

စံပယ်ဖြူမဂ္ဂဇင်း

(စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၉ ) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၅၉ မှ )


စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၉) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာစောင်ထဲမှာပဲ  ဆရာဝင်းမောင် ( သမိုင်း ) ရဲ့ “ကျွန်တော် ပြောချင်သမျှ ကျွန်တော့် ဆရာအကြောင်း ( ၃ )” အမှတ်တရ ပုံရိပ်စာစုလေး ဖော်ပြထားပါတယ်။  ဆရာဝင်းမောင် (သမိုင်း) ရဲ့ စာစုဆောင်းပါးအထက်မှာ စီစဉ်သူများကနေ

“ယခုစာစုသည် ( စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ် ၁ ၊ ၂၀၀၁) မှ စတင်ဖော်ပြခဲ့သော ဆရာဝင်းမောင် ( သမိုင်း ) ၏ ဆောင်းပါးတွဲဖြစ်ပါသည်။ ဆရာ့ထံမှ စာမူဆက်လက် မရပါ၍ (အမှတ် ၂၊ ၂၀၀၁ ) တွင် နောက်ဆုံးဖော်ပြပြီး ဆောင်းပါး အဆက်ပြတ်သွားခဲ့ရပါသည်။ ယခုလမှစ၍ ဆက်တိုက်ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း”  (စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၉ ) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ်  စာမျက်နှာ - ၈၂ မှ ) ‌ဆိုပြီး စာဖတ်ပရိသတ်ကို အသိပေးတင်ပြထားပါတယ်။

စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၁၀) နိုဝင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာစောင်ထဲမှာလည်း  စတိုင်သစ် မဂ္ဂဇင်းရဲ့ သတင်းအခြေအနေကို စာသတင်းဆိုပြီး ဖော်ပြအသိပေးထားပါတယ်။


စာသတင်း

အုပ်ရေ တစ်ရာကျော်  စဉ်ဆက်မပြတ် ထုတ်ဝေခဲ့သော ‘ စတိုင်သစ် မဂ္ဂဇင်း ’ ကို ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှ စပြီး ‘ မုံရွေး စာအုပ်တိုက် ’ မှ တာဝန်ယူ ထုတ်ဝေသွားမည်ဟု ယုံကြည်ရသော သတင်းရပ်ကွက်မှ သိရပါသည်။

ဤကိစ္စနဲ့ ပတ်သက်ပြီး ‘ စတိုင်သစ် ’ တည်ထောင်သူနှင့် အယ်ဒီတာ၊ ဆရာ ‘ အောင်စိုးသူ ’ နှင့်

‘မုံရွေး’ တို့ အကြေအလည် ဆွေးနွေးညှိနှိုင်း သဘောတူပြီးပြီဟု သတင်းရပါသည်။

‘မုံရွေး’ မှ တာဝန်ယူမည် ဖြစ်သော ‘စတိုင်သစ်’ သည် မည်သို့သော စတိုင်သစ် ဖြစ်မည်နည်း။

‘အသစ်’ ဆိုမှတော့ ရှိပြီး အဟောင်းအားလုံးနှင့် လမ်းခွဲထွက်မည်မှာ သေချာပါသည်။

... စောင့်ကြည့် ...

( စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၁၀ ) နိုဝင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၁၂၉ မှ )


စံပယ်ဖြူ အမှတ် ( ၁၀ ) နိုဝင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာစောင်မှာပဲ အောက်တိုဘာလထုတ် စံပယ်ဖြူ ‌စာစောင်မှာ ကဏ္ဍတချို့နဲ့ ဆောင်းပါးတချို့ကို ချန်လှပ်ထားခဲ့တာနဲ့ ပတ်သက်လို့  “ တောင်းပန်ခြင်း ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာဖတ်သူတွေကို အသိပေး တင်ပြထားပါတယ်။


တောင်းပန်ခြင်း

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် တစ်ကမ္ဘာလုံး တုန်လှုပ်ခြောက်ချားခဲ့ရသည့် ထိတ်လန့်ကြေကွဲဖွယ် အရေးအခင်းကြီး တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ဤအရေးအခင်းကြီး၏ အကြောင်းတရားများနှင့် အကျိုးဆက်များမှာ ကမ္ဘာလူထု တစ်ရပ်လုံး၏ စိတ်ဝင်စားမှု စုံချက် ဖြစ်လာပါသည်။ ဤမျှ အုတ်အော်သောင်းတင်း ဖြစ်ခဲ့သော သတင်းကြီးကို လက်လှမ်းမှီသမျှ တင်ပြရန်မှာ စံပယ်ဖြူ၏ တာဝန်ဟု သဘောရပါသည်။ သို့အတွက် Special Feature ကဏ္ဍကို အရေးပေါ်  စီစဉ်လိုက်ရပါသည်။

ဤအတွက် ခါတိုင်း ပါဝင်နေကျ ကဏ္ဍအချို့နှင့် ဆောင်းပါးအချို့ကို စိတ်မကောင်းစွာဖြင့် ချန်လှပ်ခဲ့ရပါသည်။ သို့ပါ၍ စာဖတ်ပရိသတ်နှင့် သက်ဆိုင်ရာ စာရေးဆရာများကို အနူးအညွတ် တောင်းပန်အပ်ပါသည်။

ထိုသို့ ချန်လှပ်ခဲ့ရသော စာမူများကို ရှေ့လတွင် ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။

စံပယ်ဖြူ

(စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၁၀ ) နိုဝင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၁၃၇ မှ )

စံပယ်ဖြူ မဂ္ဂဇင်းရဲ့ မူဝါဒ၊ အပြင်အဆင်၊ အခင်းအကျင်းတွေကို လေ့လာမိသလောက် တင်ပြပြီးပြီ။ စံပယ်ဖြူ မဂ္ဂဇင်းထဲက စာရေးဆရာတွေ ရေးတဲ့ စာတွေအကြောင်း ပြောပါ့မယ်။ စံပယ်ဖြူ မဂ္ဂဇင်းမှာ အခန်းဆက် ဆောင်းပါးရှည်တွေကို တွေ့ရပါတယ်။ တော်ဘုရားကလေး အောင်ဇေရဲ့ ‘ခေတ်မီ အင်္ဂလိပ် စကားပြော’ ၊ ဆရာပါရဂူရဲ့ ‘မိမိနှင့် မြသန်းတင့်’ ၊ ဆရာမြသန်းတင့်ရဲ့ ‘ လက်ဖက်ရည်ဆိုင် ’ ၊ ဆရာ ဝင်းမောင် (သမိုင်း) ရဲ့ ‘ကျွန်တော် ပြောချင်သမျှ ကျွန်တော့် ဆရာအကြောင်း’  ဆောင်းပါးတွေကို အခန်းဆက် ဖော်ပြထားပါတယ်။ (ဆရာပါရဂူရဲ့ ဆရာမြသန်းတင့် အမှတ်တရ ဆောင်းပါးက စံပယ်ဖြူ အမှတ် ( ၁၀ ) ကလွဲလို့ တခြားလတွေမှာ ပါဝင်ပါတယ်။ ဆရာ ဝင်းမောင် (သမိုင်း) ရဲ့ ကျွန်တော် ပြောချင်သမျှ ကျွန်တော့်ဆရာအကြောင်း အခန်းဆက် ဆောင်းပါးတွေကတော့ အမှတ် (၈) ကလွဲလို့ တခြားလတွေမှာ ပုံမှန် ပါဝင်ပါတယ်။ )

အဲဒီအခန်းဆက် ဆောင်းပါးတွေဟာ နောင်တချိန်မှာ လုံးချင်းစာအုပ်တွေအဖြစ် အကြိမ်ကြိမ် ရိုက်နှိပ်ရပါတယ်။ ဆရာမြသန်းတင့်ရဲ့ ‘လက်ဖက်ရည်ဆိုင်’ ဂန္ထဝင် ဝတ္ထုရှည်ဟာ  လူကြိုက်များ အောင်မြင်ပါတယ်။ 

ဆရာပါရဂူရဲ့  မြသန်းတင့် အမှတ်တရ ဆောင်းပါးတွေကို လုံးချင်းစာအုပ်အဖြစ် ရွှေစာပေတိုက်နဲ့ စိတ်ကူးချိုချိုတို့က ပြန်ထုတ်ဝေပါတယ်။ ရွှေစာပေတိုက်ရဲ့ ပထမအကြိမ်မှုက ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေပါတယ်။  စိတ်ကူးချိုချိုထုတ်က ၂၀၁၇၊ ဖေဖော်ဝါရီလ၊ ဒုတိယအကြိမ်မြောက်ပါ။ စာအုပ်ရေ ၅၀၀ ပါ။

ဆရာပါရဂူက ဆရာ မြသန်းတင့်အကြောင်း စာတစ်စောင်တစ်ဖွဲ့ ဖြစ်လာအောင် နှိုးဆော်သူမှာ ချစ်ဦးညိုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက ဆရာချစ်ဦးညိုက ရွှေပြည်တန် ဂျာနယ်မှာ အယ်ဒီတာချုပ် လုပ်နေချိန်ပါ။ ဆရာ ပါရဂူက ရွှေပြည်တန်မှာ မြသန်းတင့် အမှတ်တရ ဆောင်းပါးတွေ ရေးနေရင်းနဲ့  ရွှေပြည်တန်ဂျာနယ်က ဇာတ်သိမ်းသွားပါတယ်။

ဆရာပါရဂူလည်း ရေးစရာ စာမျက်နှာ ရှာကြည့်တော့ ကုမုဒြာဂျာနယ်၊ ယနေ့ခေတ် ဂျာနယ်၊ စံပယ်ဖြူ မဂ္ဂဇင်းတို့ကို တွေ့ပါတယ်။ ဆရာပါရဂူက- “အဲဒီစာစောင်တွေကလည်း တစ်စောင်တည်းနဲ့ ဆုံးခန်းရောက်အောင် ရေးနိုင်တဲ့ အခြေအနေမပေးဘဲ နောက်ဆုံး စံပယ်ဖြူမဂ္ဂဇင်းကျမှ အဆုံးသတ်နိုင်ခဲ့တယ်” လို့ ဆိုပါတယ်။

ကျွန်တော်လည်း ၂၀၁၇ လောက်မှာ ဆရာပါရဂူရဲ့ “ဆရာ မြသန်းတင့်” အမှတ်တရ စိတ်ကူးချိုချိုထုတ်  လုံးချင်းစာအုပ်ကို ဝယ်ဖတ်ဖြစ်ပါတယ်။ လက်က မချချင်လောက်အောင် ဖတ်လို့ကောင်းတဲ့ စာအုပ်ပါ။ ဘာမှ လုပ်စရာမရှိဘဲ၊ ဘာပူပင်စရာမှ မရှိတဲ့ နေ့မျိုးမှာ ဖတ်ကြည့်ရင် တထိုင်တည်းနဲ့ အပြီးဖတ်လို့ ကောင်းတဲ့ စာအုပ်မျိုးပါ။

စံပယ်ဖြူ မဂ္ဂဇင်းမှာ ဆရာ မောင်ဇေယျာကလည်း “မြန်မာပညာရှင်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပညာရှင်ကြီးတွေအကြောင်း ရေးပါတယ်။ ကျွန်တော် အကိုးအကားအဖြစ် ရေးတဲ့ စံပယ်ဖြူ ပန်းလေးပွင့်လုံးမှာ ဆရာမောင်ဇေယျာရဲ့ မြန်မာပညာရှင်များ ဆောင်းပါးတွေ ပါတာ တွေ့ရပါတယ်။  စံပယ်ဖြူ အမှတ် (၈) မှာ အိုင်စီအက် ဦးတင်ထွဋ်၊ အမှတ် (၉) မှာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဖေမောင်တင်၊ အမှတ် (၁၀) မှာ  သမိုင်းပညာရှင် ဒေါ်မြစိန်၊ အမှတ် (၁၁) မှာ သံအမတ်ကြီး ဒေါက်တာသိန်းမောင်တို့ အကြောင်းတွေကို ပြုစုရေးသားထားပါတယ်။

စံပယ်ဖြူ မိသားစုက ဖတ်ကောင်းမယ်လို့ အာမ မခံတဲ့၊ လူကြိုက်မများတဲ့ စာတွေကို ရေးတဲ့ ဒေါက်တာသန်းထွန်းရဲ့ စာမူတွေကိုလည်း တန်ဖိုးထား ဖော်ပြလေ့ရှိပါတယ်။ စံပယ်ဖြူ အမှတ် (၈) စက်တင်ဘာ၊ ၂၀၀၁ ထုတ် စာစောင်မှာ ကုန်းဘောင်ခေတ် ကျေးလက် လူမှုစီးပွားဘဝ၊  အမှတ် (၁၀) မှာ တက္ကသိုလ် သုတေသန စီမံကိန်းဝင် ချင်းတောင် ဘာသာဗေဒခရီး (ဒီဇင်ဘာ ၁၉၅၄)  သမိုင်းစာတန်းတွေ တွေ့ရပါတယ်။

စံပယ်ဖြူ အမှတ် (၁၀) က တက္ကသိုလ် သုတေသန စီမံကိန်းဝင် ချင်းတောင် ဘာသာဗေဒခရီး (ဒီဇင်ဘာ ၁၉၅၄)  သမိုင်းစာတမ်းက စိတ်ဝင်စားရာ ရှားရှားပါးပါး သမိုင်းစာတမ်းဖြစ်နိုင်ပါတယ်။ စံပယ်ဖြူ အမှတ် ( ၈ ) စက်တင်ဘာ၊ ၂၀၀၁ ထုတ် စာစောင်မှာ “ကုန်းဘောင်ခေတ် ကျေးလက် လူမှုစီးပွားဘဝ”  သမိုင်းစာတမ်းကိုတော့  စိတ်ကူးချိုချိုက ၂၀၁၁ နိုဝင်ဘာလထုတ် ဒေါက်တာသန်းထွန်းရဲ့ “မြန်မာသူရဿတီ ၂၀၀၀၁ စာစု” လုံးချင်းစာအုပ်ထဲမှာ တွေ့ရပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ စာမူတွေကို စံပယ်ဖြူ စာမျက်နှာတွေမှာ ဖော်ပြနိုင်ဖို့ ကြိုးစားခဲ့တဲ့ စံပယ်ဖြူ မိသားစုရဲ့ စိတ်စေတနာကိုလည်း အထင်အရှား တွေ့ရပါတယ်။

စံပယ်ဖြူမှာ ဆရာ ဝင်းမောင် (သမိုင်း) ရဲ့ ကျွန်တော် ပြောချင်သမျှ ကျွန်တော့် ဆရာအကြောင်း အခန်းဆက် ဆောင်းပါးတွေကိုလည်း ဖတ်ရပါတယ်။ ဆရာ ဝင်းမောင် ( သမိုင်း ) ရဲ့ လုံးချင်းစာအုပ်ကို ဖတ်ချင်ပေမဲ့ စာအုပ်က ရှာမရဖြစ်နေပါတယ်။ တခါတခါတော့ အွန်လိုင်းပေါ်မှာ စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်တွေက ဆရာ ဝင်းမောင်(သမိုင်း)ရဲ့  စာအုပ်ကို ရောင်းတာ တွေ့ပေမဲ့ သူများတွေ ဝယ်သွားတာနဲ့ပဲ ကြုံနေရလို့ အခုထိ ဆရာ လုံးချင်းစာအုပ်ကို ကျွန်တော့်ဆီမှာ မရှိသေးပါဘူး။

စာရေးရင် ရာဇဝင် ကထိက ဘဝတက္ကသိုလ်လို့ ရေးတတ်တဲ့ ကိုသန်းထိုက်အောင်‌ရဲ့ ဒေါက်တာသန်းထွန်းအကြောင်း ရည်ညွှန်းရေးသားတာတွေ ဖတ်ရလို့ ဆရာ ဝင်းမောင် ( သမိုင်း ) ရဲ့ ‘ ကျွန်တော် ပြောချင်သမျှ ကျွန်တော့် ဆရာအကြောင်း ’  စာအုပ်ထဲက အကြောင်းအရာအချို့ကိုတော့ ဖတ်ဖူးပါတယ်။ ကိုသန်းထိုက်အောင်က အရေးအသားကောင်းလေ၊ အညွှန်းကောင်းလေ ဆရာ ဝင်းမောင် ( သမိုင်း ) ရဲ့ စာအုပ်ကို ဖတ်ချင်လာလေပါပဲ။ 

စံပယ်ဖြူ မဂ္ဂဇင်းထဲက ဆရာ ဝင်းမောင် (သမိုင်း) ရဲ့ ဒေါက်တာသန်းထွန်း အကြောင်းလေးတွေ နည်းနည်းလောက် ဖတ်ကြည့်ရအောင်လား ... စာဖတ်မိတ်ဆွေတို့ရေ။ ဒေါက်တာသန်းထွန်းရဲ့ သူ့တပည့်ကျော်တွေကို ပြောတဲ့အကြောင်းတွေပေါ့ဗျာ။

“ ကျမ်းတစ်စောင်တစ်ဖွဲ့ကို အချောင်နဲ့ ရေးလို့ရမယ် ထင်သလား။  အချောင်နဲ့ မဟာဝိဇ္ဇာဘွဲ့ ယူမယ်လို့ စိတ်ကူးထားရင် အိပ်ယာလိပ် လိပ်ပြီး အေးအေးဆေးဆေး အိမ်ပြန်ကြတော့။ ငါကတော့ မဟာဝိဇ္ဇာဘွဲ့ကို အချောင်နဲ့ မပေးနိုင်ဘူး။ နည်းနည်းလေးမှ ညှာမှာမဟုတ်ဘူး။ ”

(စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၉ ) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၈၄ မှ )


‘ သုတေသနဆိုတာက သူတကာ မကြားဘူးသေးတာ၊ မသိဘူးသေးတာ၊ မတတ်ဖူးသေးတာတွေကို ကြိုးစားရှာဖွေပြီးတော့ ရတဲ့အချက်တွေကို အကြောင်းအကျိုး ဆက်စပ်ပေးရမယ်။ စစ်ဆေးပေးရမယ်။ အဆိုးအကောင်း အဖြေဖော်ထုတ်ပေးရမယ်။ ကြားဖူးသမျှ၊ သိဖူးသမျှ၊ ဖတ်ဖူးသမျှတွေကို စုပေါင်းတဲ့အခါ အမြင်သစ် ( New Interprectation ) နဲ့ စစ်ဆေးရမယ်။ အယင်ကောက်ချက်တွေကို ပြင်နိုင်ဖြည့်နိုင်ရမယ်။ ဒီလိုမဟုတ်ဘဲ ဟိုစာအုပ်၊ ဒီစာအုပ်က နည်းနည်းစီ နည်းနည်းစီ ကူးယူပြီး ပေါင်းစပ်ထားတဲ့ ဖြတ်၊ ညှပ်၊ ကပ်မျိုး မဖြစ်စေနဲ့။ မင်းတို့ စပ်ထဘီ မြင်ဖူးလား။ မိန်းမတွေ ဝတ်တာလေ။ ဟိုအဝတ်စ၊ ဒီအဝတ်စ အစဖြတ်ပိုင်းလေးတွေ ဆက်စပ်ပြီး ချုပ်ထားတာကွာ။ အေး မင်းတို့ ရေးမယ့် Thesis က စပ်ထဘီမဖြစ်စေနဲ့။ စပ်ထဘီလို Thesis မျိုး ငါ့ဆီ လာတင်လို့ကတော့ လွှင့်ပစ်မှာပဲ။ ’

( စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၉ ) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၈၇ မှ )

တခါသား လက်ဖက်ရည်ဆိုင်မှာ ဝင်းမောင် (သမိုင်း) နဲ့ ဦးကျော် (သမိုင်းပါမောက္ခ ) တို့ လက်ဖက်ရည်ဖိုး သူ ရှင်းမယ်၊ ငါ ရှင်းမယ် လုပ်ကြတော့ ဒေါက်တာသန်းထွန်းက-

‘ဟေ့ကောင်တွေ ဒီလို သူပေးမယ်၊ ငါ ပေးမယ်နဲ့ စကားအလှ ပြောနေကြတာကို ယဉ်ကျေးမှုချင်း အားပြိုင်တယ်လို့ ခေါ်တယ်ကွ။ မင်းတို့ မှတ်ထား။ ယဉ်ကျေးမှုချင်း အားပြိုင်ရင် အရှုံးသာ ပေးလိုက်။ ကိုယ်က အနိုင်ရတာပဲ’ ( စံပယ်ဖြူ မဂ္ဂဇင်း အတွဲ ( ၁၀ ) နိုဝင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၂၃ မှ )  လို့ ပြောပါလေရော။

စံပယ်ဖြူ မဂ္ဂဇင်းမှာပဲ ဆရာကြီး မြကေတုရဲ့

‘ရေမြှုပ်ဗုံးဇာတ်သိမ်း ’ ပါးစပ်စကား အကြောင်းကို ဒေါက်တာသန်းထွန်းက သမိုင်းနည်းနဲ့ စစ်ဆေးကြည့်တဲ့အကြောင်း ဖတ်ရ၊ မှတ်ရတယ်။

‘ဒီပါးစပ်စကားကို သမိုင်းနည်းနဲ့ စစ်ဆေးကြည့်မယ်။ ( ၁ ) အထောက်အထား ရှိသလား၊ မရှိဘူး။ ( ၂ ) ခေတ်ပြိုင်မှတ်တမ်း ရှိသလား၊ မရှိဘူး။ ( ၃ ) လွှတ်တော် မှတ်တမ်းထဲမှာ တွေ့သလား၊ မတွေ့ဘူး။ ( ၄ ) မန္တလေးမှာ တည်ဆောက်တဲ့ စက်ရုံတွေမှာ စစ်လက်နက်ထုတ်လုပ်တဲ့ စက်ရုံက အများဆုံး။ ကနောင်မင်း လုပ်ကြံခံရပြီး နောက်ပိုင်းမှာ ပိုတောင် များလားသေးတယ်။ ( ၅ ) ပဒေသရာဇ်မှာ ငါတို့ အခုနားလည်နေကြတဲ့ အမျိုးသားစိတ်မျိုး မရှိဘူးကွ။ ပဒေသရာဇ် စိတ်ပဲရှိတယ်။ သူ့ထီးနန်းကို လုယူဖို့ ကြံစည်ကြိုးစားရင် သတ်တာပဲ။  ကျူပင်ခုတ် ကျူငုတ်မှ မကျန်‌စေရဘူး။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အကုန်သတ်တာပဲ။ သူ့အသက်၊ စည်းစိမ်၊ အိုးအိမ်မပျက် ခံစား၊ စံစားနေရရင် ကျေနပ်တာပဲ။ ဒီနည်းနဲ့ စစ်ဆေးကြည့်လိုက်ရင် ရေမြုပ်ဗုံး ရှာတဲ့လမ်းက ထိုးဇာတ် သက်သက်ပဲ။ သမိုင်း မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။’

(စံပယ်ဖြူ မဂ္ဂဇင်း အတွဲ ( ၁၁ ) ဒီဇင်ဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၂၁ မှ) 

ဆရာ ဝင်းမောင်(သမိုင်း) ပြောပြတဲ့ ဒေါက်တာ သန်းထွန်းအကြောင်း စာအုပ်ကို တစ်နေ့တော့ အိမ်က စာအုပ်စင်မှာ နေရာပေးနိုင်အောင် ရှာဖွေဦးမယ်။ ပျောက်သောသူ ရှာရင်တွေ့ဆိုတဲ့ စကားအတိုင်းပေါ့၊ တနေ့တော့ ရှာနေတဲ့သူ လက်ထဲ ရောက်လာမှာပါ။ ဆရာ ဝင်းမောင် (သမိုင်း) အပြင်  ဒေါက်တာသန်းထွန်း အကြောင်းတွေကို ပြောပြလာတဲ့ ကိုသန်းထိုက်အောင်ရဲ့ “သူ့စာတွေက ပြောပြသမျှ သမိုင်းပါမောက္ခ သန်းထွန်း” ဆိုတဲ့ စာအုပ်ကိုလည်း ဖတ်သင့်ကြောင်း စာဖတ်မိတ်ဆွေတို့ကို အကြံပြု မိတ်ဆက်ပေးချင်ပါတယ်။

နိဂုံးချုပ် ပြောရရင် စံပယ်ဖြူ မဂ္ဂဇင်းဟာ အယူအဆမျိုးစုံကို ဖော်ပြပေးတဲ့ စာစောင်ဖြစ်ပြီး လူငယ်တွေအတွက် ပညာရေးကို ဇောင်းပေးဖော်ပြတဲ့ မဂ္ဂဇင်းပါလို့ ပြောချင်ပါတယ်။

စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၉ ) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ်မှာပဲ ဆရာ မောင်စွမ်းရည်ရဲ့ “ပညာရှင်တစ်ဦးရဲ့ ပြောပြချက် စာရေးဆရာနဲ့ သုတေသီ” ဆောင်းပါးထဲက ‘ဒေါက်တာလှဖေ’ ရဲ့ စကားလေးနဲ့ပဲ ကျွန်တော့်  စံပယ်ဖြူ ရည်ညွှန်းဆောင်းပါးကို အဆုံးသတ်ပါ့မယ်။

ဒေါက်တာလှဖေရဲ့ စကားကို ဒေါက်တာသန်းထွန်းက “ငါပြောချင်သမျှ ငါ့အကြောင်း ” စာအုပ်ထဲမှာ ထည့်ရေးထားတော့ ‌‌အကျိုး‌အကြောင်းတိုက်ဆိုင်မှုတွေ ရှိလာတိုင်း၊ လိုအပ်လာတိုင်း ဒေါက်တာသန်းထွန်းရဲ့ စာအုပ်ထဲကနေပဲ ထုတ်နုတ်ကိုးကားကြပါတယ်။

ဆရာကြီး ဒေါက်တာလှဖေရဲ့ ပညာရှင်စကားက

“ငါ စာတမ်းတစ်စောင် ရေးပြီး ခြောက်လ တစ်နှစ် ပစ်ထားလိုက်တယ်။ ပြီးတော့မှ ဘယ်စာစောင်ပို့ပြီး ပုံနှိပ်မယ်လို့ သတိရတဲ့အခါ ပြန်ရှာပြီး ပြန်ဖတ်ကြည့်တယ်။ အောင်မာ ငါ တယ်တော်ပါလားလို့ စိတ်မှာဖြစ်ရင် ဒီခြောက်လ တစ်နှစ်မှာ ငါ့ရဲ့အသိပညာ မတိုးဘူးမှတ်။ ကံကောင်းလို့‌ပေါ့

ဒီအချက်တွေ ပြင်ဦးမှ၊ ဒီနေရာ ဒီလိုရေးလို့ ဘယ်ကောင်းမလဲဆိုသလို အပြစ်တွေ တွေ့နေရင် ဒီခြောက်လ တစ်နှစ်မှာ ငါ အသိပညာ တိုးလာပါကလားလို့ သိ။ ”

( စံပယ်ဖြူ မဂ္ဂဇင်း အမှတ် ( ၉ ) အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်ထုတ် စာမျက်နှာ - ၃၅ မှ )

ကျွန်တော်လည်း စံပယ်ဖြူ မဂ္ဂဇင်း ရည်ညွှန်းဆောင်းပါးကို နောက်ထပ် ခြောက်လ တစ်နှစ်လောက်နေလို့ ပြန်ဖတ်ကြည့်ရင် ပြင်စရာ၊ ဖြည့်စရာတွေ တိုးလာနိုင်ပါရဲ့။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar