Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၅)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၅)

မိုးမခ ၊ ဇူလိုင် ၆ ၊ ၂၀၂၆


ရက် ၁၀၀ အူသံက တခြားရက်တွေနဲ့မတူ ပိုဆူတယ်။

ဟောင်သံလည်း တခြားရက်တွေထက် ပိုကြောင်တယ်။ ဟော ကြည့်၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်းတဲ့၊ မလာပါက ကိုက်သင့် ကိုက်ထိုက်တာတွေကို ဆက်ကိုက်သွားမယ်လို့ ခွေးရူးချုပ် ငလမက ဟောင်သတဲ့ ဆိုပြီး ‌အူရေးဟောင်ခွင့်မက အီသလေ။

တကယ်တော့ မအလ အူတုန်းက 'ငြိမ်းချမ်းရေး' ဆိုတဲ့ စကားလုံးက လည်ချောင်းဝ တစ်နေတာ၊ အပေါ်တက်မရတော့ အောက်ပြန်ဆင်းပြီး ဆူလိုက် ပွလိုက်ဖြစ်နေတဲ့ ဖင်ဝကနေ ပြူတစ်ပြူတစ် လာလုပ်နေတယ်။ တရုတ်၊ ကုလား၊ ကိုရုရှားတွေပါ အစုံစားထားပေမဲ့ သိပ်ကြီးတော့ ထွက်မလာနိုင်ဘူး။ အဲဒီမှာ အူရေးဟောင်ခွင့်မတောင် မအူနိုင်ဘဲ အီရတော့တဲ့ အခြေဆိုက်လာ‌တာပေါ့။

အမယ် ငြိမ်းချမ်းရေးအတွက် သုနခမူ ၆ ချက်ဆိုတာကလည်း ရှိသေးသတဲ့။

ငြိမ်းချမ်းရေးအသံ ဖင်ဝကပဲ ရအောင်ဟောင်၊ အဲလေ အီရမည်။ သဘောတူစာချုပ် ကတိကဝတ်များကို သားရေပြားပေါ် မရေးရ။ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် သေးမပမ်းရ။ ဒေသခံများကို မကိုက်ရ။ တည်ဆဲဥပဒေများအပေါ် ချေးမယိုရ။ ကိုက်ဟောင်အူ ခွေးတာဝန်အရေးသုံးပါးနဲ့ တိရစ္ဆာန်အနှစ်သာရကို လက်ခံပြီး ခွေးလို လေးဘက်ထောက်ပြီး လျှောက်ရန်တို့ဆိုတာတွေပေါ့။

ခွေးချုပ်က အဲဒီမူကို လည်ပင်းဆွဲထားပြီး ဘာကြိုတင်သတ်မှတ်ချက်မှ မထားဘဲ ဆွေးနွေးမှာလို့လည်း အမြီးက တစ်ချက်တစ်ချက် ထထနှန့်သေးတာ။ လေယာဉ်နဲ့ ဗုံးဆက်တိုက်ကြဲ ခြိမ်းခြောက်ပြီး ငြိမ်းချမ်းရေးခေါ်လို့ AA ခိုင်သုခကတောင် ကျည်ဆန်ပဲ ပြန်လာမယ် ပြောထားတယ်လေ။

အယုတ်ပါရဂူ ဒေါက်တာအူ ဆိုတဲ့အတိုင်း မအလရဲ့ အူရေးဟောင်ခွင့်မက အခုကို အသက် ၈၁ နှစ် ရှိနေတဲ့ ဒေါ်စုကို ထောင်ဒဏ် ၁၇ နှစ် ကျခံပြီးရင် နိုင်ငံတော်တည်ဆောက်ရေးမှာ ပါလို့ရပါတယ်ပေါ့။ ဒေါ်စုဟာ ကျန်းမာရေးကလည်း အလွန်တရာ ဒေါင်ဒေါင်မြည်ပါတယ်ဆိုပြီး တစ်တိုင်းပြည်လုံးကို သူ့နှုတ်သီးချွန်နဲ့ ရွဲ့ဟောင်သွားသေးတာ။ သူ့ဟောင်သံကြားတော့ အာဆီယံက ဒေါ်စုကို လွှတ်ပေးဖို့ ပြောပြီ။ ယူအန်ကလည်း ပြောထားပြီးသား။ သူ့တစ်ယောက်တည်းနဲ့ ဘာမှလုပ်မရဘူးပြောပြီး သူ့တစ်ယောက်ကို တတပ်လုံး၊ တမြုံလုံး၊ တအုပ်လုံးက ကြောက်နေတာကိုတော့ ထည့်မအူဘူး။

ငလမက စစ်တပ်ထဲသွားပြီး ဒို့တာဝန်အရေးသုံးပါးသာ သွားသွားအူနေရတာ၊ တရုတ်ဘက်က နယ်စပ်စည်းရိုး မကာခင်စိုက်တဲ့ အလံတိုင်တွေက မူဆယ်မြို့အစပ်အထိ ရောက်လာပေမဲ့ လှမ်း‌မဟောင်ရဲဘူး။ အဲဒီလို ခွေးဖြစ်ပြီး မဟောင်ရဲတာကြောင့် ကြောင်မျိုးမင်းက စစ်ဗိုလ်ချုပ်‌ပြုတ် ကြံ့စုတ်တွေရော၊ မပြုတ်တွေရောကို ခွေးမပီသတဲ့ ခွေးတွေလို့ ပြောတာလေ။ ကိုက်ဖို့တော့ ဝေးရော။ ဒါနဲ့ပဲ ကြောင်မျိုးမင်းကို ခွေးထက်ပိုဟောင်ရမလားဆိုပြီး နှုတ်သီးကို ကြိုးချည်ပေးတာတဲ့။

တရုတ်က မအလကို ခွေးချုပ်ရာထူး အသိအမှတ်ပြု ထန်းလျက်ကျွေးထားတော့ ရှမ်းမြောက်က နမ့်တစ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်တွေတင်မက နယ်စပ်တစ်လျှောက် နယ်စပ်စည်းရိုးများကို တဖြည်းဖြည်း တိုးချဲ့ကာရံနေတာကို ဟောင်သံမပေးရဲ။ ကိုက်ဖို့များဝေး၊ သေးတောင် လှည့်မပမ်းရဲကြ။ စစ်အုပ်စုဆိုတာ ဆင်မြင်တဲ့ ခွေးဝဲစားလို ခါးချည့်ပြီး ဖင်ဒရွတ်ဆွဲ အီတော့တာရယ်။ သူတို့မှာ ခြင်္သေ့ဆိုတာ တံဆိပ်တုံးမှာပဲ ရှိတာ။ အေးလေ အဲဒီတံဆိပ်ကလည်း သူတို့အကြောင်းသိလို့ ထင်ပါရဲ့၊ ဆောင့်ကြောင့်ထိုင်နေတဲ့ပုံပဲ သုံးရတာ မဟုတ်လား။ ဘာခြင်္သေ့စိတ်၊ ခြင်္သေ့မာန်မှ မရှိဘူး။

ခြင်္သေ့စိတ်၊ ခြင်္သေ့မာန်က ရွာမီးတိုက်ချိန်နဲ့ ဆေးရုံ၊ စာသင်ကျောင်း ဗုံးကြဲချိန်လောက်ပဲ ရှိတာ။

ဒေသခံတွေကတော့ အဲဒီမြို့နယ်တွေက စည်းရိုးတွေဟာ မြန်မာနိုင်ငံပိုင်နက်အတွင်း မီတာ ၁၅ ကနေ ၁၀၀ အထိ တိုးဝင်ကာရံထားပြီး လယ်ယာမြေတွေ၊ နေအိမ်တွေ၊ လမ်းတွေနဲ့ ရေလမ်းကြောင်းတွေ ပါသွားပြီ။ နမ့်တစ်မြို့မှာလည်း အရင်က နယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ ချောင်းဟာ တရုတ်နိုင်ငံပိုင်နက်ထဲ ပါသွားပြီလို့ ပြောကြတယ်။ အင်းလို့ အလံစိုက်တာလောက်သာ ပြောရတာ၊ တကယ်တော့ ရှမ်းမြောက်တစ်ခုလုံးမှာ တရုတ်တွေဝင်လာ၊ အကုန် နိုင်ငံသားမှတ်ပုံတင်လုပ်ပေး၊ ရုံးသုံးတောင် တရုတ်စာနဲ့ ဖြစ်သွားပြီ မဟုတ်လား။ အဲဒီအကြောင်းတွေ ကိုက်ဖို့ ဟောင်ဖို့ထား၊ စစ်ခွေးအိုကြီးတွေက အဲဒီအကြောင်းတွေ ရေးသားဖော်ပြရင် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်တယ်၊ အရေးယူမယ်ဆိုပြီး မီဒီယာတွေကိုတောင် ခေါ်အူသတဲ့။

အရင် ဒုမလှုပ် အဲလေ ဒုချုပ်စိုးဝင်းထက် မျက်နှာထားတင်းတဲ့ ရဲဝင်းဦးက တရုတ်မြေသိမ်းကိစ္စ တစ်ခုခုများ ထလုပ်မလား၊ ကျန်တဲ့ဗိုလ်ချုပ်တွေများ မာန်နဲ့ပြန်အုပ်မလား၊ ခြေတက်ဗိုလ်တွေက တရုတ်ရီးတော့ ဒို့မစုပ်လုပ်မလားဆိုပြီး ကြောက်လို့တဲ့၊ အခု တပ်ထဲမှာ ဘယ်ကောင်က ဘာမှန်းမသိအောင် ရာထူးတိုးပြီး အမွှေဇယား ခင်းနေတယ်တဲ့။ ရဲဝင်းဦးက အခုထိ ဗိုလ်ချုပ်မှူးကြီး မဖြစ်သေးတော့ အစွယ်ရော လက်သည်းပါ မမြင်ရသေး။ တစ်ချက်တစ်ချက်တော့ သွားဖြီးပြဟန်တူပါရဲ့။ ကျန်ဗိုလ်ချုပ်တွေကလည်း မာန်ဖြုတ်ထားပြီ ဆိုတော့ ဟန်လုပ်ပြီးတောင် တရုတ်ကို မော့မကြည့်ရဲ။ 'ဖူးစေ' ဆိုမှ နဖူးခြေထိပြီး မော့ကြည့်ဝံ့တဲ့ကောင်တွေ မဟုတ်လား။

ပထွေးတရုတ်ကိုသာ မျက်မွေးထော်လို့ မော်မကြည့်ရဲတာ၊ အဖေအစစ် ကျေးဇူးရှင်အစစ်ကိုတော့ နည်းမျိုးစုံနဲ့ ကျေးဇူးကန်းရဲသဗျာ။

ပြီးခဲ့တဲ့လက ဒေါ်စုမွေးနေ့မှာ ပန်းဆိုရင် မမြင်ချင်တာမဟုတ်၊ မမြင်အပ်တဲ့အရာလုပ်ပြီး ပန်းရောင်းသူမှန်သမျှ ခြိမ်းခြောက်၊ ပန်းပန်သူမှန်သမျှ ဖမ်း၊ နောက်ဆုံး ဘုရားပန်းတောင် ပြဿနာရှာလို့ ဗုဒ္ဓခမျာ ဒုက္ခပါပဲလို့ ညည်းညူစိတ်ပျက် တောပြန်ထွက်သွားတဲ့အထိ။

ဟော အခု သူ့အဖေ၊ သူတို့အဖေ၊ အားလုံးရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းကို ဒေါ်စုမွေးနေ့ ပန်းမုန်းသလို မုန်းပြကြပြန်ပြီ။ ဗိုလ်ချုပ်ရုပ်တုမှန်သမျှ လိုက်ဖြို၊ ကျေးဇူးရှင်ကို ကျေးစွပ်၊ တိုင်းပြည်စံပြ နာယကပတ္တမြားကို ရွှံ့ပြားနဲ့ဖုံးရင် ရမယ်ထင်နေတာ။ ရင်ထဲ၊ အသွေးထဲ၊ အသားထဲက ခေါင်းဆောင်ကို ကိုယ်ယောင်ဖျောက်လို့ရမယ် ထင်နေတာ။ အလွန်တရာမိုက်မဲ၊ အသိဉာဏ်မွဲ၊ စိတ်ကောင်းဆင်းရဲ နုံချာလွန်းတဲ့ ခွေးချုပ်တွေ။

ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ အကောင်တွေဟာ ဗိုလ်ချုပ်ပုံမြင်ရင်ကို အလိုလို ဟောင်ချင်လာတယ် ဆိုကတည်းကပဲ။ ဗိုလ်ချုပ်ရုပ်တုများ မြင်ရင် ဝမ်းတွင်းလှိုက်ဆူ အူချင်လာသတဲ့။ ဖင်ကြော၊ အမြီးကြောတွေ ထလာယွလာပြီး ဖင်ကိုဒရွတ်ဆွဲ မြေကြီးနဲ့ချည်း ပွတ်ခွဲပစ်ချင်လာသတဲ့။ အံ့ဖွယ်ထူးစွ အနန္တ။ စိတ်ငရဲနဲ့ အတိတ်လည်းကျေးစွပ်၊ ပစ္စုပ္ပန်လည်း ကျေးဇူးတုံး၊ အနာဂတ်လည်း ကျေးဇူးလုံးလုံးမရှိတဲ့ ဟောင်ကောင်တွေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar