Breaking News

သီအိုဇော် - အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ (၂)

သီအိုဇော် - အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ (၂)

မိုးမခ၊ ဇူလိုင် ၆ ၊ ၂၀၂၆


Credentials Committeeက အငြင်းပွားမှုတွေကို ဘယ်လို ဖြေရှင်းပေးကြသလဲ

Credentials Committee အဖွဲ့ဝင်တွေကို ဦးဆောင်ဖို့ ကော်မတီသဘာပတိ (Chair of the Committee) တဦးကို ကော်မတီတွင်း ခန့်အပ်ကြပါတယ်။ ဒီရာထူးက အရေးပါပါတယ်၊ သူက အငြင်းပွားစရာကိစ္စတွေအတွက် အကောင်းဆုံးအဖြေထွက်နိုင်အောင် အဖြေရှာပြီး ကော်မတီတွင်း ဘယ်လို ဆုံးဖြတ်ကြရင်ကောင်းမယ် ဆိုတာကို ဦးဆောင် အဆိုပြုခွင့်ရသူ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဥပဒေအကြံပေးအဖွဲ့ - The Office of the Legal Counsel (OLC)ကလည်း Credentials Committee အတွက် လိုအပ်မဲ့ ဥပဒေကြောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြင်ဆင်ကူညီပေးပါတယ်။

ပုံမှန်အားဖြင့်ကတော့ Credentials Committeeက အဖွဲ့ဝင်အားလုံး သဘောတူညီမှု ရဖို့ အားထုတ်လေ့ရှိတယ်။ ကော်မတီအဖွဲ့ဝင်တွေ အလွတ်သဘော တွေ့ဆုံညှိနှိုင်းကြတာ ရှိကောင်းရှိနိုင်ပေမဲ့ များသောအားဖြင့်ကတော့ တရားဝင်စုံညီ အစည်းအဝေးကို ၁ ကြိမ်၊ ၂ ကြိမ်လောက်ပဲ လုပ်လေ့ရှိကြပါတယ်။ (၅၂) ကြိမ်မြောက်တုန်းကတော့ ၃ ကြိမ်အထိ ပြုလုပ်ခဲ့ဖူးပါတယ်။

ယေဘုယျအားဖြင့် ကော်မတီက အထွေထွေညီလာခံကို တင်သွင်းတဲ့ မဲခွဲဖို့ မလိုအပ်တဲ့ အဆိုကြမ်းကို၊ အဖွဲ့ဝင်နိုင်ငံတွေက စောဒက မတက်ကြဘဲ အတည်ပြုပေးလိုက်တာပါပဲ။ ညီလာခံတွင်း မဲခွဲဆုံးဖြတ်တဲ့ အဆင့်ကို ရောက်သွားရင် အဖွဲ့ဝင်နိုင်ငံတွေကြား ‘ထောက်ခံ၊ ကန့်ကွက်’ အုပ်စုကွဲသွားစေတတ်လို့ ၊ စည်းလုံးမှု ပျက်ပြားစေတယ်ဆိုတဲ့ အမြင်ရှိပါတယ်။ ဒါ့ကြောင့် ပြဿနာရှုမြင်ပုံ အလွန်အမင်းကွဲပြားပြီး မတတ်သာတဲ့ အဆုံးမှာမှ၊ မဲခွဲဖို့ လိုအပ်တဲ့ အစီရင်ခံစာကို ညီလာခံဆီ တင်သွင်းလေ့ရှိပါတယ်။ မဲခွဲဖို့ မလိုအပ်စေဖို့လည်း Credentials Committeeက အဖွဲ့တွင်းမှာ ကြိုးစားညှိနှိုင်းလေ့ရှိကြတယ်။

အထွေထွေ ညီလာခံ လုပ်ငန်းစဉ် စည်းမျဉ်း-၂၇ အရ  တင်သွင်းမဲ့ ကိုယ်စားလှယ် ရဲ့ Credentials နဲ့ အဖွဲ့စာရင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ညီလာခံ မကျင်းပမီ ရက်သတ္တပတ် ၁ ပတ်ထက်မနည်း အချိန်ယူပြီး ကြိုတင်​ပေးပို့ကြရပါတယ်။ နိုင်ငံအကြီးအကဲ (သို့) အစိုးရအဖွဲ့ (သို့) နိုင်ငံခြားရေးဝန်ကြီးက တင်သွင်းပေးဖို့ လို အပ်ပါတယ်။ အငြင်းပွားစရာ အပြိုင်ကိုယ်စားလှယ် ၂ ဦးထဲက တဦးဦးကို ရွေးချယ်ပေးဖို့ ရှိလာတဲ့အခါ Credentials Committeeအနေနဲ့  အောက်ဖော်ပြပါပုံစံများအတိုင်း အဖြေရှာပေးလေ့ရှိပါတယ်။

(၁) လက်ရှိ ကိုယ်စားလှယ်ကို ဆက်လက်ထားရှိပြီး ဆုံးဖြတ်ချက်အသစ် ထပ်မချဘဲ ဆိုင်းငံ့ခြင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ၅ နှစ်ဆက်တိုက် ကြုံလာခဲ့တဲ့ အခင်းအကျင်း ဖြစ်ပြီး၊ ဒီ ၅ နှစ်လုံးလုံး မြန်မာတနိုင်ငံလုံး စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်လို့ အကျယ်ချဲ့ ပြောဖို့ လိုမယ်မထင်တော့ပါဘူး။ အာဏာသိမ်းအဖွဲ့အစည်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ကိုယ်စားလှယ် အပြိုင်တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ Credentials Committee က ဆုံးဖြတ်ချက်အသစ်ချရမယ့် လုပ်ငန်းစဉ်အဖြစ်နဲ့ စဉ်းစားဆောင်ရွက်ခြင်းမျိုး မပြုလုပ်တော့ဘဲ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ သက်တမ်းဆက်တိုးဖို့ နှစ်စဉ် သဘောတူညီခဲ့ကြပါတယ်။ 

ဒီနှစ်ပိုင်းတွေမှာ အလားတူ ဆုံးဖြတ်ပေးခဲ့တာက အာဖဂန်နစ္စတန် ကိုယ်စားလှယ် နေရာပါ။ တာလီဘန်အစိုးရက တနိုင်ငံလုံး ထိန်းချုပ်ထားနိုင်တာ မှန်ပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို မရယူနိုင်သေးပါဘူး။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ကလည်း အိုင်စီစီ (International Criminal Court)က တာလီဘန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် Haibatullah Akhundzada နဲ့ တာလီဘန်တရားရေး အကြီးအကဲ Abdul Hakim Haqqani တို့ကို ဖမ်းဝရမ်းထုတ်ထားတာ ရှိပါတယ်။ 

မြန်မာနိုင်ငံနဲ့ သိသိသာသာ ကွဲပြားတဲ့အချက်က ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ အကြီးအကဲအနေနဲ့ သမ္မတဦးဝင်းမြင့် (၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ယနေ့အထိ)၊ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် (၂၀၁၆ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ယနေ့အထိ) အသိအမှတ်ပြု ဖော်ပြထားပြီး၊ အာဖဂန်နစ္စတန်နိုင်ငံအတွက်တော့ အမည်များကို ကွက်လပ်အနေနဲ့ပဲ ထားရှိပါတယ်။

ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နေရာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချဖို့ ရွှေ့ဆိုင်းခဲ့တာကိုလည်း (၇၇) ကြိမ်မြောက် အထွေထွေညီလာခံမှာ ကြုံတွေ့ခဲ့ရပါတယ်။ လစ်ဗျားနိုင်ငံမှာ အစိုးရ ၂ ရပ် လက်ရှိအချိန်အထိ ရှိနေဆဲပါ၊ မြို့တော် ထရီပိုလီ အခြေစိုက် Government of National Unity (GNU)နဲ့ နိုင်ငံရဲ့ အရှေ့ပိုင်း၊ အလယ်နဲ့ တောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ Government of National Stability (GNS) ဖြစ်ပြီး ကုလသမဂ္ဂက GNU ကို ဆက်လက်ထောက်ခံထားပါတယ်။  

(၂) ကိုယ်စားပြုသူ မထားရှိဘဲ နေရာလွတ် သတ်မှတ်ခြင်း

အာဆီယံနိုင်ငံထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာက ထင်သာမြင်သာရှိတဲ့ ဥပမာတခုလို့ မြင်မိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ဘက်၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အင်အား ၂၀,၀၀၀ ကျော် ပါဝင်ခဲ့ကြတဲ့ United Nations Transition Authority in Cambodia (UNTAC) ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် မေလ ၁၅ ရက်နေ့မှာ တရားဝင်အော်ပရေးရှင်း စတင်ခဲ့တဲ့ UNTAC အနေနဲ့  စိန်ခေါ်မှုများစွာကြားက ၁၉၉၃ ခုနှစ် မေလမှာ  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်နိုင်တဲ့ ပထမဆုံးပါတီစုံရွေးကောက်ပွဲကို ကြီးကြပ်ပြုလုပ်ပေးခဲ့ပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့်သူ အရေအတွက်ရဲ့ (၉၀)ရာခိုင်နှုန်းဝန်းကျင် အင်တိုက်အားတိုက် မဲပေးခဲ့ကြတဲ့ အဲဒီရွေးကောက်ပွဲမှာ ဘုရင်သီဟာနု (King Norodom Sihanouk) ရဲ့သား အနိုင်ရပါတီ FUNCINPEC ခေါင်းဆောင် ‘နိုရိုဒမ်ရနာရစ်’ ( Prince Norodom Ranariddh)က ၄၅ ရာခိုင်နှုန်း၊ ‘ဟွန်ဆန်’ (Hun Sen) ရဲ့ ပါတီ (CPP) ၃၈ ရာခိုင်နှုန်း ထောက်ခံမဲ အသီးသီးရရှိခဲ့တယ်။ ဒါပေမဲ့  ‘ဟွန်ဆန်’ က ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်။ 

စစ်မက်ပဋိပက္ခဖြစ်ပွါးမှုတွေကို ရှောင်လွှဲနိုင်ဖို့ နိုင်ငံတကာက ဝင်ရောက်ညှိနှိုင်းပေးခဲ့တဲ့နောက်  ‘နိုရိုဒမ်ရနာရစ်’က  ဝန်ကြီးချုပ် (First Prime Minister)၊ ‘ဟွန်ဆန်’  ကို ဒုတိယဝန်ကြီးချုပ် (Second Prime Minister)အဖြစ် ပူးတွဲ အာဏာခွဲဝေယူခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လမှာတော့ အာဏာသိမ်းပွဲနဲ့ ‘ဟွန်ဆန်’က ဝန်ကြီးချုပ်နေရာ ရယူလိုက်ပါတယ်။ 

(၅၂) ကြိမ်မြောက် အထွေထွေညီလာခံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် နေရာအတွက် ‘နိုရိုဒမ်ရနာရစ်’နဲ့ ‘ဟွန်ဆန်’တို့က အပြိုင်တင်သွင်းခဲ့ကြတယ်။ စိစစ်ဆွေးနွေးမှုတွေ အပြီး ၁၉၉၇ ခုနှစ် ဒီဇင်ဘာလမှာ  Credentials Committee က ဘယ်သူ့ဘက်က ကိုယ်စားလှယ်ကိုမှ မရွေးချယ်တော့ဘဲ နေရာလွတ်ထားခဲ့ပါတယ်။ 

နေရာလွတ် ဆိုတာနဲ့ အဖွဲ့ဝင်နိုင်ငံနဲ့ ပြည်သူတွေရဲ့ အသံမဲ့သွားစေတာကြောင့် ဒီလိုဆုံးဖြတ်ဖို့ တွန့်ဆုတ်ကြပါတယ်။ ဒီတကြိမ် ဆုံးဖြတ်ချက်က ၁၉၉၈ ခုနှစ် မေလမှာ အထွေထွေရွေးကောက်ပွဲ လုပ်ပေးဖို့ အာဏာမသိမ်းခင်ကတည်းက အစီအစဉ်ရှိပြီး၊ ၁၉၉၈ ခုနှစ်မှာ ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်ပေးဖို့ နိုင်ငံတကာရဲ့ ဝိုင်းဝန်းဖိအားမှုတွေနဲ့လည်း ဆက်စပ်စဉ်းစားကြမယ်လို့ ယူဆပါတယ်။ လက်တွေ့မှာလည်း ၁၉၉၈ ခုနှစ် ဇူလိုင်လမှာ ရွေးကောက်ပွဲကို လုပ်နိုင်ခဲ့တာကြောင့် နေရာလွတ်အချိန်ကာလ သိပ်မကြာခဲ့လိုက်ပါဘူး။

(၃) အပြိုင်တင်သွင်းသူများထဲမှ ကိုယ်စားလှယ်တဦး၏ လျှောက်ထားမှုကို မဲခွဲရွေးချယ်ခြင်း

Credentials Committee မှာ ဘုံသဘောတူညီချက် မရယူနိုင်ခဲ့ကြရင်တော့ ကော်မတီတွင်း အရင် မဲခွဲဆုံးဖြတ်ရတဲ့ လုပ်ငန်းစဉ် ရှိပါတယ်။  အဲဒီရလဒ်ကို အထွေထွေညီလာခံကို ချပြပြီး ထပ်မံမဲခွဲ အတည်ပြုပေးရပါတယ်။ ကိုယ်စားလှယ်အပြိုင် အဆိုင်တင်သွင်းကြပြီး Credentials Committee မှာ သဘောတူညီချက်မရလို့ ညီလာခံထဲအထိ မဲခွဲဆုံးဖြတ်ခဲ့ရတဲ့ အခြေအနေမျိုးအတွက် ကမ္ဘောဒီးယားရဲ့ နောက်ဖြစ်ရပ်တခုကိုပဲ ဥပမာပေးချင်ပါတယ်။ 

၁၉၇၈ ခုနှစ် ဒီဇင်ဘာလမှာ ဗီယက်နမ် ဦးဆောင်တဲ့တပ်တွေဟာ ဖနွမ်းပင်ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့လို့ ‘ပိုလ်ပေါ့’ရဲ့ ခမာနီအစိုးရ အာဏာလက်လွှတ်ခဲ့ရပါတယ်။ 

ဗီယက်နမ် လိုလားတဲ့ ပြည်သူ့သမ္မတ ကမ်ပူးချားအစိုးရ (PRK) နဲ့ ခမာနီတို့ရဲ့ ဒီမိုကရက်တစ်ကမ်ပူးချား အစိုးရ (DK) တို့ဟာ ကုလသမဂ္ဂရဲ့ နေရာကို ရဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပါတယ်။ 

ဗီယက်နမ်တပ်ဖွဲ့တွေနဲ့ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့သမ္မတ ကမ်ပူးချားအစိုးရ (PRK) ဟာ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်သော နယ်မြေကို ထိန်းချုပ်ထားခဲ့တာပါ။ ဘုံသဘောတူညီချက် ရှာဖွေလို့မရနိုင်တဲ့အတွက်  Credentials Committee ထဲမှာ  မဲခွဲကြတဲ့အခါ ထောက်ခံ၆ မဲ-ကန့်ကွက် ၃ မဲ နဲ့ ခမာနီအစိုးရကိုယ်စားလှယ်ကို ရွေးချယ်ခဲ့ပါတယ်။

Credentials Committee တင်သွင်းတဲ့ အဲဒီ အဆိုကြမ်းကို (၃၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ထောက်ခံမဲ ၇၁၊ ကန့်ကွက်မဲ ၃၅၊ ကြားနေမဲ ၃၄ ပျက် ကွက် ၁၂ ရလဒ်နဲ့ မဲခွဲအတည်ပြုခဲ့ပြီး၊ ခမာနီအစိုးရကို ကိုယ်စားပြုနေရာ ပေးခဲ့ပါတယ်။

ဒီကမ္ဘောဒီးယားနိုင်ငံရဲ့ ကိုယ်စားလှယ်နေရာ ဖြစ်စဉ်ဆိုရင် နိုင်ငံရေး အာဂျန်ဒါများနဲ့ အုပ်စုဖွဲ့ မဲပေးခဲ့ကြတဲ့ သာဓကလို့ ဆိုရပါလိမ့်မယ်။  တကယ်တော့ ခမာနီတို့ ကျူးလွန်တဲ့ ဂျီနိုဆိုဒ် အပါအဝင် ပြစ်မှုမျိုးစုံအကြောင်း မဲပေးကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေက မသိစရာ မရှိပါဘူး။

ကိန်းဂဏန်း ကွဲလွဲမှုတွေ ရှိတတ်တဲ့အတွက်၊ ဒီနေရာမှာ ကုလသမဂ္ဂရဲ့ Legal Affairs and Legal Counsel ဌာနမှာ အကြီးအကဲ လုပ်သွားခဲ့ဖူးတဲ့ Hans Corell ရဲ့ အစီရင်ခံ စာတခုထဲက အချက်အလက်တွေကို ကိုးကားလိုပါတယ်။ သူ့ရဲ့ဖော်ပြချက်မှာ ၁၉၇၅ -၁၉၇၉ ခုနှစ် အတွင်း ကမ္ဘောဒီးယားပြည်သူ ၁.၅သန်း ကနေ ၁.၇ သန်းကြားအသက် ဆုံးရှုံးခဲ့တယ်လို့  ပါရှိပါတယ်။၁၉၇၅ ခုနှစ် ကမ္ဘောဒီးယားလူဦးရေဟာ ၇.၃ သန်း-၇.၉ သန်းသာခန့် ရှိပါတယ်။ ဒီလို တုန်လှုပ်စရာ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ခမာနီတို့ဟာ နယ်မြေထိန်းချုပ်နိုင်မှုကလည်း ၂၀ ရာခိုင်နှုန်းအောက်ပဲ ရှိပေမဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် ဆက်ပြီးရခဲ့တာ ၁၉၉၀ ခုနှစ်အထိတိုင်ပါပဲ။

Credentials Committee အနေနဲ့ အပြိုင်ကိုယ်စားလှယ်မရှိပေမဲ့ တင်သွင်းလွှာ တစောင်တည်းကိုပဲ လက်ခံ၊ မခံ အငြင်းပွားမှုတွေ ဖြစ်ပြီး မဲခွဲ ဆုံးဖြတ်ရတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကတော့ ၁၉၇၄ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ (၂၉) ကြိမ်မြောက် အထွေထွေညီလာခံတုန်းက လူမျိုးရေးခွဲခြားဆက်ဆံတဲ့ တောင်အာဖရိကအစိုးရ တင်သွင်းတဲ့ ကိုယ်စားလှယ်ကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ Credentials Committee ထဲ မှာ ထောက်ခံ ၅ မဲ-ကန့်ကွက် ၃ မဲ၊ ကြားနေ ၁ မဲနဲ့  လက်မခံတဲ့ဘက်က နိုင်ခဲ့ပါတယ်။ အထွေထွေ ညီလာခံကို ဆက်တင် သွင်းတဲ့အခါမှာတော့  ကော်မတီရဲ့ အဆိုကြမ်းကို ထောက်ခံ ၉၃ မဲ- ကန့်ကွက် ၂၃ မဲ၊ ကြားနေ ၁၄ မဲနဲ့  ထပ်မံ အတည်ပြုပေးခဲ့ပါတယ်။

ကုလသမဂ္ဂနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်း၏ ရပ်တည်ချက်

ကုလသမဂ္ဂ အကြောင်း ဗဟိုပြုစဉ်းစားနေတာ ဖြစ်ပေမယ့်၊ ဒေသဆိုင်ရာ အဖွဲ့အ စည်းရဲ့ အခန်းကဏ္ဍကိုလည်း ထည့်ပြောလိုပါတယ်။ ယေဘုယျကတော့ ကိုယ့်ဒေသတွင်း မဟုတ်တဲ့၊ အထူးသဖြင့် ပထဝီအနေအထားအရ ဝေးကွာသလို၊ ဆက်ဆံမှုနည်းပါးတဲ့ နိုင်ငံတွေအတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းရဲ့ ချဉ်းကပ်မှု ပုံသဏ္ဌာန်နဲ့ ရပ်တည်ချက်ကို စောင့်ကြည့်လေ့လာကြရပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက မြန်မာ့အရေးမှာ အာဆီယံကို နေရာပေးထားကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂအနေနဲ့ ဒီတချက်တည်းပေါ်  မူတည်ဆုံးဖြတ်ကြတာမျိုး မဟုတ်ပါဘူး၊ တနိုင်ငံရဲ့ ပြဿနာနဲ့ နောက်တနိုင်ငံရဲ့ ပြဿနာ၊ သမိုင်းကြောင်း၊ ဖြစ်တည်မူ၊ အပြည်ပြည်ဆိုင်ရာဥပဒေ အခန်းကဏ္ဍ စတာတွေက တထပ်တည်းမကျနိုင်တဲ့အတွက် တထစ်ချ ခန့်မှန်းပြောဆိုဖို့ မဖြစ်နိုင်ပါဘူး။ ကုလသမဂ္ဂရဲဆုံးဖြတ်ချက်တွေမှာ တရားရုံးတော်တွေမှာ စီရင်ထုံးတွေ ကိုးကားသလို ယခင်အဆုံးအဖြတ်တွေကို ရည်ညွှန်းပြောဆိုကြတဲ့အတွက်၊  ဒေသဆိုင်ရာ အဖွဲ့အစည်းရဲ့ သဘောထားနဲ့ အရင် ကုလသမဂ္ဂဆုံးဖြတ်ချက်တွေ ဘယ်လိုဆက်နွှယ်ကြသလဲဆိုတာ စဉ်းစားကြည့်ကြပါမယ်။

နမီးဘီးယားနိုင်ငံဟာ လွတ်လပ်ရေးသက်တမ်းနဲ့ တွက်ကြည့်ရင် အာဖရိကတိုက်ရဲ့ တတိယအငယ်ဆုံး တိုင်းပြည် ဖြစ်ပါတယ်။  ၁၉၉၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့မှာမှ တောင်အာဖရိကဆီက လွတ်လပ်ရေးရခဲ့တာပါ။ (၃၁) ကြိမ်မြောက် အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက် (A/RES/31/152) နဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်နေတဲ့ South West Africa People's Organization (SWAPO) ကို နမီးဘီးယားပြည်သူတွေရဲ့ ကိုယ်စားလှယ်အစစ်အမှန်အဖြစ် အသိအမှတ်ပြုပြီး လေ့လာသူအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ Organization of African Unity (နောက်ပိုင်းမှာ African Unionနဲ့ အစားထိုးခဲ့)ကလည်း လေ့လာသူအဖြစ် အသိအမှတ်ပြုပြီးဖြစ်ကြောင်း မှတ်ချက်ပြု ကိုးကားခဲ့တာကို ကြည့်ရင် ဒေသဆိုင်ရာ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကို အထူးဂရုပြုကြောင်း ပေါ်လွင်ပါတယ်။

ဗင်နီဇွဲလားကေစ့်မှာတော့ အဲဒီလို မဟုတ်ပြန်ပါဘူး၊ The Organization of America States (OAS)မှာ ဗင်နီဇွဲလား ပါဝင်ပြီး  OASက လက်ရှိ အဖွဲ့ဝင် ၃၄ နိုင်ငံ ပါဝင်တဲ့ အဖွဲ့အစည်းပါ။ OAS ရဲ့ အမြဲတမ်းကောင်စီက ‘မာဒူရို’ (Nicolas Maduro) အနိုင်ရရှိတယ်လို့ ကြေညာခဲ့တဲ့ ၂၀၁၈ သမ္မတ ရွေးကောက်ပွဲရလဒ်နဲ့ သမ္မတရာထူးရယူမှုကို အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂက ‘မာဒူရို’ရဲ့ အမြဲတမ်းကိုယ်စားလှယ်ကိုပဲ လက်ခံခဲ့ပါတယ်။ 

ဒီအချက်တွေအရဆိုရင် ဒေသဆိုင်ရာ အဖွဲ့အစည်း ရပ်တည်ချက်ဟာ အရေးကြီးတယ်၊ အတိုင်းအတာ တခုအထိ သက်ရောက်မှုရှိနိုင်တယ် ဆိုပေမဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် အလုံးစုံ လွှမ်းမိုးသက်ရောက်နိုင်မှု ရှိနိုင်မယ်လို့ ယတိပြတ် ပြောဖို့ကတော့ ခက်ပါတယ်။ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို စွဲကိုင်ထားဆဲလို့ နားလည်ရပါတယ်။ ဒါပေမဲ့ အခုတလော ပစ်နေတဲ့ လေသံကို ထောက်ရင် အရင်လို (5PC) ကို မာမာထန်ထန် ဆက်ကိုင်ထားနိုင်ပါဦးမလားလို့လည်း သတိနဲ့ စောင့်ကြည့်ရပါဦးမယ်။

(ဆက်လက်ဖော်ပြပါဦးမည်)

သီအိုဇော်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

👉အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar